Thursday, December 31, 2009

ဆေးရောင်စုံတဲ့ ၂ဝဝ၉ ခုနှစ်

ရဲဘော်ဖိုးသံချောင်း
၃၀ ဒီဇင်ဘာ ၂၀၀၉

ဒီလိုနဲ့ တနှစ်တော့ဖြင့် ကုန်ပြန်ပြီ။

ကမ္ဘာကြီးဟာ စီးပွားရေးကပ်ထဲက လူးလွန့်ရုန်းထ နေရဆဲ၊ တချို့လည်း လွတ်ထွက်လာ၊ တချို့လည်း နစ်ဆဲ။ ဒီလို အခါမှာ ဗမာပြည်ရဲ့ စီးပွားရေး ကတော့ ဘာမှထူးမလာ။ ဆန်ထွက်တွေကျ၊ အလုပ်လက်မဲ့တွေ ပိုများ၊ ကုန်ဈေးနှုန်းတွေ ပိုတက်ပြီး ပြည်သူတွေ ဒုက္ခဝဲထဲမှာ ချာလပတ် ရမ်းနေပါတယ်။ ဒီလိုအချိန်မှာ နအဖက ပြည်သူလူထု အတွက် စီးပွားရေး နယ်ပယ်မှာ လက်ဆောင်တခု ပေးလိုက်ပါတယ်။ အဲဒါကတော့ (၅,ဝဝဝ) တန်ငွေစက္ကူ။ နောက်ပြီးတော့ အခွန်နှုန်း တိုးမြှင့်တာ။ ဒီတော့ နအဖရဲ့ (၅,ဝဝဝ) တန်ကိုလည်း မယုံ၊ ဒေါ်လာ အပေါ်လည်း မပုံရဲကြတဲ့ ဒီနိုင်ငံမှာ တခြားနိုင်ငံများနည်းတူ ရွှေဈေး ထောင်တက် သွားပါတယ်။

တိုင်းပြည်တပြည်အနေနဲ့ပြောရရင် ၂ဝဝ၉ ခုနှစ်အတွင်း ဗမာပြည်နိုင်ငံရေးမှာ အဖြစ်အပျက်တွေ အင်မတန်မှ များခဲ့ပါတယ်။ အဖြစ် အပျက်မှာ ကမ္ဘာက အာရုံစိုက်ရတဲ့၊ ကမ္ဘာမှာ ကြုံတောင့်ကြုံခဲ အဖြစ်အပျက် တွေပါ။ သတင်းစာ ဂျာနယ်တွေရဲ့ မျက်နှာဖုံးတွေမှာ မကြာခဏ တွေ့ရတဲ့ သတင်းတွေ ဖြစ်ပါတယ်။ ဒီအထဲက ထိပ်ဆုံးထား ပြောသင့် တာကတော့ နိုင်ငံတကာခွင်က ကိစ္စဖြစ်ပါတယ်။

နအဖက ယက်တောဒီပလိုမေစီ လမ်းကြောင်းဖောက်လိုက်တဲ့ အချိန်က စပြီး နအဖ ဗိုလ်ချုပ်တွေကို အမေရိကန်က လူရာသွင်း ဆက်ဆံဖို့ လုပ်လာတာတွေ တွေ့ရပါတယ်။ ဆီနေတာ ဂျင်ဝက်ဘ်၊ ဒု-နိုင်ငံခြားရေး ဝန်ကြီး ကာ့တ်ကမ်ဘဲလ် စသဖြင့် ဝါရှင်တန်က လူတွေ ဗမာပြည်ကို လာခဲ့ကြသလို ဗိုလ်သန်းစိန် အပါ ကြပ်ပြေးက စေလွှတ်သူတွေလည်း အမေရိကန်ကို ခြေချ နိုင်ခဲ့ကြပါတယ်။ ဒီနှစ်ကို ဝါရှင်တန်နဲ့ ကြပ်ပြေး ရွှေလမ်းငွေလမ်း ဖောက်ဖို့ ကြိုပမ်းကြတဲ့ နှစ်လို့ ပြောရင်တောင် ရပါတယ်။ ဒါပေမယ့် လမ်းပေါက်သွား၊ အောင်မြင်သွားတယ် လို့တော့ ပြောမရသေးပါဘူး။ အရှေ့တောင်အာရှနဲ့ အရှေ့အာရှက ပြောင်းလဲဖြစ်ပေါ် တိုးတက်မှုတွေကို ကြည့်ပြီး နောက်ကျ မကျန်ချင်တဲ့ အိုဘားမား အစိုးရဟာ ကြပ်ပြေးကို လမ်းကြောင်းပြောင်းပြီး ဆက်သွယ်ဖို့ အလေးအနက် လုပ်ခဲ့တာတော့ အမှန်ပါပဲ။ ဒါပေမယ့် အခုအထိ အနေအထားကို ပြောရရင် သမ္မတ အိုဘားမားဟာ လိုဏ်ခေါင်းထဲမှာ ပိတ်မိသလို ဖြစ်နေပြီး ပြန်ထွက်မရ၊ ရှေ့ဆက်တိုးမရ ဖြစ်နေပါတယ်။ ဗိုလ်သန်းရွှေတို့ အပေါ် မစ္စတာ အိုဘားမား အတွက် လွဲလေရော့သလား စဉ်းစားစရာတောင် ဖြစ်နေပါတယ်။ ဒါနဲ့ တဆက်တည်းမှာပဲ ဗမာပြည်သား တယောက် အနေနဲ့ ကတော့ ဒီနှစ်ဟာ ဗမာပြည်ကို ကျွဲနှစ်ကောင် အကြားက မြေဇာပင် စဖြစ်စေတဲ့ နှစ်အဖြစ် သမိုင်း မဝင်ပါစေနဲ့လို့ ဆုတောင်းရမလို ဖြစ်နေပါတယ်။

နအဖဗိုလ်ချုပ်တွေ အခုလို နိုင်ငံတကာအသိုင်းအဝိုင်းထဲကို တိုးဝင်လုံးပန်းတာနဲ့ အမျှ ပြည်ပက ယုံကြည်လာအောင် ပြည်တွင်းရေးမှာ ဟန်ပြ လုပ်ငန်းတွေ၊ အများကြီး လုပ်လိမ့်မယ်လို့ တချို့က မျှော်လင့်ယူဆ ခဲ့ကြပါတယ်။ ဒါပေမယ့် လက်တွေ့မှာ ထင်သာထင် မဝင်ဘူး ဖြစ်ခဲ့ရပါတယ်။ မူဆိုင်ရာ ကိစ္စတွေလို့ သူတို့ သဘောထားတဲ့ ကိစ္စတွေမှာ တပြားသားမှ လျှော့ပေးတာ မတွေ့ခဲ့ရပါဘူး။ နိုင်ငံရေး အကျဉ်းသားတွေနဲ့ ပတ်သက်လို့ဖြစ်စေ၊ အမျိုးသားဒီမိုကရေစီ အဖွဲ့ချုပ်နဲ့ ပတ်သက်လို့ ဖြစ်စေ သူတို့ဘက်က ပြတ်မြဲ ပြတ်ပါတယ်။ သူတို့ရဲ့ လမ်းပြမြေပုံနဲ့ ဖွဲ့စည်းပုံ အခြေခံ ဥပဒေတို့ကိုတော့ ယင်တောင် အနားမခံပါဘူး။

ဒီ၂ဝဝ၉ ခုနှစ်ထဲမှာ လူတွေ မျှော်လင့်ထားပေမယ့် ပေါ်ထွက်မလာတဲ့ အရာတခုကတော့ နအဖရဲ့ ၂ဝ၁ဝ ရွေးကောက်ပွဲ အတွက် ဥပဒေနဲ့ တခြားဆိုင်ရာ ဥပဒေ စည်းမျဉ်းတွေပါပဲ။ လာမယ့် ရွေးကောက်ပွဲမှာ ဘယ်သူတွေကို အဝင်ခိုင်းမယ်၊ တနည်းအားဖြင့် လာမယ့် အစိုးရမှာ သူတို့ထဲက ဘယ်သူတွေကို တာဝန်ကြီးကြီးတွေ ပေးမယ် ဆိုတာတွေနဲ့ ပတ်သက်ပြီး နအဖထိပ်သီးတွေ အကြားမှာ ဆုံးဖြတ်လို့ မရနိုင်အောင် ဖြစ်နေတယ်လို့ အကဲခတ်တွေက ထင်ကြေး ပေးနေကြပါတယ်။ ဒါပေမယ့် ထင်ထားတာထက် ပိုတွေ့ရတယ်လို့ ယူဆရတာကတော့ ရွေးကောက်ပွဲ ဝင်လိုသူတွေနဲ့ ရွေးကောက်ပွဲ ဝင်အောင် (နအဖကိုယ်စား) သဘောတရား ထုတ်ပေးနေသူတွေရဲ့ ပျားပန်းခပ် လှုပ်ရှားမှုတွေ ဖြစ်ပါတယ်။ ပြည်ပက အထောက်အပံ့၊ နအဖ အထောက်အပံ့ စတာတွေကို ဗြောင်ယူသူ၊ တိတ်တိတ် ယူသူတွေ၊ ကိုယ့်ကိုယ်ကိုယ် တတိယအုပ်စု၊ စတုတ္ထအုပ်စုလို့ ကြေညာနေသူတွေ၊ နအဖ ထီးရိပ်ကနေပြီး တခြားလူတွေကို တိမ်ပေါ်တက် စိန်ခေါ်မယ်လို့ ကျူးရင့်နေသူတွေ၊ ဗိုလ်သန်းရွှေရဲ့ မျက်နှာကိုကြည့်ပြီး သဘောတရား မျိုးစုံကို အမြှုပ်ထွက်မတတ် ပြောနေသူတွေ၊ စုံမှစုံပါပဲ။

တိုက်တိုက်ဆိုင်ဆိုင် တလောလေးကပဲ နအဖသဘောထားတွေကို အငှားပါးစပ်နဲ့ အော်ပေးနေတဲ့ အဖွဲ့တဖွဲ့က လူတွေကို လှိုင်သာယာမှာ ကြံ့ဖွံ့တွေက ဝိုင်းဆုံးမလိုက်ကြတယ် ဆိုတာ ကြားလိုက်ရပါတယ်။ ဒါကတော့ နအဖအတွက် အငှားဗိုက်နဲ့ ဓားထိုးခံရတာ မဖြစ်နိုင်ပါဘူး။ ဒီအဖြစ်အပျက်ကို ကြည့်ပြီးတော့ ဒီနိုင်ငံမှာက ဖော်လံဖားတိုင်းလည်း စားသာတာ မဟုတ်ဘူးလို့ အရပ်ပြော ပြောလို့ရပါတယ်။ ဒါပေမယ့် တချို့ကတော့ အဲဒီ အရိုက်ခံရသူတွေရဲ့ နောက်ကျောက ပုဂ္ဂိုလ်ကြီး အရာနိမ့်တာနဲ့များ ဆက်စပ်နေသလား လို့လည်း တွေးတော နေကြပါတယ်။

အပစ်ရပ်အဖွဲ့တွေအဖို့တော့ ဒီနှစ်ဟာ ပြင်းပြင်းထန်ထန် အစမ်းသပ်ခံရတဲ့ နှစ်လို့ ဆိုရပါမယ်။ နှစ်ပါးသွားခန်းပြီးလို့ ဘီလူးခန်း ရောက်ပြီလို့ ပြောရမလားပါပဲ။ ဗကပ လက်အောက်က အစောဆုံး ခွဲထွက်ခဲ့တဲ့၊ အပစ်ရပ် ဇာတ်လမ်းကို စတင်ခဲ့တဲ့ ကိုးကန့် အဖွဲ့ကတော့ အစောဆုံး ဇီဝိန် ချွေခံလိုက်ရပါတယ်။ စစ်အာဏာရှင်တွေနဲ့ ငြိမ်းချမ်းစွာ အတူယှဉ်တွဲ နေထိုင်တယ်ဆိုတာ အကန့်အသတ် ရှိကြောင်း ပြသနေတာ ဖြစ်ပါတယ်။ ဒါပေမယ့် ဒီပွဲမှာ အောင်နိုင်လိုက်တယ် ဆိုတဲ့ နအဖ ခြေလှမ်း တုန့်သွားပါတယ်။ ကျန် အပစ်ရပ်တွေကို ပေးထားတဲ့ ရာဇသံတွေ၊ နောက်ဆုံးရက် ဆိုတာတွေဟာ လျှော့လို့၊ ရွှေ့လို့ရတဲ့ ဟာတွေလို့ ထင်မြင်လာရတဲ့ အခြေကို ဆိုက်လာ နေပါတယ်။ ပြည်တွင်းပြည်ပ အခြေအနေတွေဟာ နအဖ စစ်ဗိုလ်ချုပ်တွေ ထင်တိုင်း လုပ်လို့ မရတဲ့ အဓိပ္ပာယ်လို့ ဆိုရင် မှားမယ် မထင်ပါဘူး။

နှစ်စဉ်နှစ်တိုင်းလိုပဲ ကောလာဟလတွေကလည်း မိုးလုံးပြည့် ဆိုရမတတ် ကြားခဲ့ ကြရပါတယ်။ ဒီနေရာမှာ ကောလာဟလ ဆိုတာ တကယ် ဖြစ်မလာတဲ့၊ မဟုတ်တဲ့ သတင်းကို ဆိုလိုတာပါ။ နအဖက တမင် လွှင့်တာ၊ တချို့ နအဖကို မကြိုက်သူတွေက တမင်လွှင့်တာ၊ သာမန်လူက မရည်ရွယ်ဘဲ လွှင့်သလို ဖြစ်သွားတာ၊ အမျိုးမျိုးပါပဲ။ ဒီနိုင်ငံမှာ ပွင့်လင်းမှု မရှိလို့ ကောလာဟလတွေ ဒါလောက်တောင်များနေ၊ ပျံ့နေတာလားလို့ တွေးစရာ ဖြစ်နေပါတယ်။ အလွယ်ပြောရင်တော့ “ဒါကိုက ဗမာပြည်နိုင်ငံရေးပဲလေ” ပေါ့။

ဒါပေမယ့် ဒီကုန်လွန်တဲ့နှစ်မှာ အခုပြောခဲ့သလို ကိစ္စဆိုးတွေချည့်လို့ ပြောရင်တော့ မှားပါလိမ့်မယ်။ အမျိုးသား ဒီမိုကရေစီ အဖွဲ့ချုပ်က ရွှေဂုံတိုင် ကြေညာချက်ကို ထုတ်ပြန်လိုက်တာဟာ ပြည်သူတွေ အတွက် အားရစရာ ခြေလှမ်း ဖြစ်သလို အတိုက်အခံတွေ အတွက်လည်း အချင်းချင်း တွဲလုပ်လို့ရတဲ့ အခြေခံတခု ရလိုက်တာ ဖြစ်ပါတယ်။ ဒီကြေညာချက်ကို ဘယ်လို သဘောထားသလဲ ဆိုတာဟာ နိုင်ငံရေး အင်အားစုတွေ၊ လူတဦးချင်းတွေကို စမ်းသပ်တဲ့ မှတ်ကျောက်တခု ဖြစ်လာခဲ့ပါတယ်။ တချိန်တည်းမှာ ဒါဟာ နအဖ စစ်အစိုးရ အတွက်လည်း တမင် မျက်နှာလွှဲနေ၊ မမြင်ချင်ဟန် ဆောင်နေရတဲ့ ပြည်သူ့ဆန္ဒ သတိပေး မှတ်တိုင်တခု ဖြစ်နေပါတယ်။ ဒါနဲ့ တဆက်တည်း အမျိုးသား ဒီမိုကရေစီ အဖွဲ့ချုပ်မှာ အားတက်စရာ အပြောင်းအလဲ တချို့လည်း တွေ့လာ ရပါတယ်။ ၂ဝ၁ဝ ခုနှစ်ဆိုတဲ့ မုချ ပိုမိုကြမ်းတမ်းမယ့် လမ်းကို ဖြတ်သန်းဖို့ အတွက် ဂီယာပြောင်းတာ၊ ကားဆရာ ပြောင်းတာတွေ တွေ့ရတာဟာလည်း ကောင်းတဲ့ လက္ခဏာပါ။

ပြန်ချုပ်ရရင်

ဒီ၂ဝဝ၉ ခုနှစ်ကို ကိုယ်စားပြုတဲ့ ကိန်းဂဏန်းနှစ်ခုကတော့ (၅,ဝဝဝ) တန်ငွေစက္ကူနဲ့ ထောင်ထဲမှာ သေဆုံးတဲ့ နိုင်ငံရေး အကျဉ်းသား (၃) ဦး ဖြစ်ပါတယ်။

အိမ်ဖြူတော်နဲ့ နေပြည်တော် ပုံမှန်ဆက်ဆံမှု တည်ဆောက်ရေးကို ကိုယ်စားပြုတဲ့ အမှတ်သင်္ကေတ ကတော့ ဘောဂဗေဒ ပညာရှင် မစ္စတာ စတစ်ဂလစ်ဇ်က “ဗမာပြည်အဖို့ အခုအချိန်ဟာ အပြောင်းအလဲ တခုအတွက် အကောင်းဆုံး အချိန်ပဲ” လို့ ပြောခဲ့တာနဲ့ အဲဒါကို တုံ့ပြန်တဲ့ အနေနဲ့ နအဖ စစ်အစိုးရက ဒေါ်လာသန်း (၆ဝဝ) ဖိုးခန့် စစ်လေယာဉ်တွေ ဝယ်လိုက်တာ ဖြစ်ပါတယ်။

Ref: ခေတ်ပြိုင်

0 comments:

အပေါ်သို့