Monday, July 2, 2012

နှလုံးသားများအကြွမစောကြစေဖို့...

Written by ဒေါက်တာဇော်မျိုးထက် (နှလုံးရောဂါအထူးကု၊ UK)

ကျွန်တော် မြန်မာနိုင်ငံကို အလည်အပတ် သွားရာကနေ အင်္ဂလန်ကို ပြန်ရောက်ပြီး ရက်ပိုင်းပဲ ရှိပါသေးတယ်။ နိုင်ငံခြားရောက် မြန်မာ အများစုလိုပဲ ကိုယ့်မြေ သံယောဇဉ် ရှိသူမို့ မြန်မာ နိုင်ငံ သတင်းကို မဖတ်တဲ့နေ့ ဆိုတာ မရှိသလောက် ပါပဲ။ နှစ်သစ်ကူးနေ့မှာ Internet သတင်း ဖတ်ရင်းနဲ့ ဒေါက်တာ နေ၀င်းမောင်ရဲ့ သတင်းကို ဖတ်မိလိုက်တော့ မယုံနိုင်အောင်ကို ဖြစ်မိတယ်။

၁၉၈၈ ခုနှစ်တုန်းက ကျွန်တော် မန္တလေး ပြည်သူ့ ဆေးရုံကြီးမှာ အလုပ်သင် ဆရာဝန် တာဝန် ကျနေတုန်းက ဒေါက်တာ နေ၀င်းမောင်ကို ဆုံခဲ့ ဖူးပါတယ်။ သူ့ရဲ့ ညီဖြစ်သူ ဒေါက်တာ နေလင်းမောင်က ကျွန်တော်နဲ့ ခင်မင်ရင်းနှီးသူ တစ်ဦးပါ။ နောက်ပိုင်းမှာ သူနဲ့ မဆုံဖြစ် တော့ပေမယ့် သတင်း မီဒီယာတွေမှာ သူ့ရဲ့ အကြောင်းတွေ၊ သူ့ရဲ့ မိန်ခွန်းတွေ ဖတ်ရပါတယ်။ သူ့အပေါ် အမြင် အမျိုးမျိုး ရှိကြပေမယ့် သူဟာ တိုင်းပြည် အပေါ်မှာ အင်မတန် စေတနာ ရှိတယ်ဆိုတာ ဘယ်သူမှ ငြင်းလို့မရတဲ့ အချက်ပါ။ အသက် ၅၀ ဆိုတာ အတွေ့ အကြုံနဲ့ ခွန်အား ပေါင်းစပ်ပြီး တိုင်းပြည်အတွက် အများကြီး လုပ်နိုင်တဲ့ အရွယ်ပါပဲ။ ကျန်ရစ်ခဲ့သူ မိသားစု အတွက်ကတော့ အစားထိုး မရတဲ့ ဆုံးရှုံးမှုကြီး တစ်ရပ်ပါ။

သူ့ရဲ့ နောက်ဆုံး အဖြစ်အပျက်ကို ဖတ်ရတဲ့ အခါ ရင်ထုမနာ ဖြစ်ရပါတယ်။ အထူးသဖြင့် ကျွန်တော်လို နှလုံးအထူးကု သမားတော် တစ်ယောက် အနေနဲ့ ပိုပြီး ယူကျုံးမရ ဖြစ်ရတယ်။ ကျွန်တော် အင်္ဂလန်မှာ နှလုံးရောဂါ အထူးကု သမားတော် လုပ်လာတာ ၁၀ နှစ်ကျော်လို့ ၁၅ နှစ် နီးပါး ရှိပါပြီ။ Heart Attack ရတဲ့သူတွေဟာ တစ်ကမ္ဘာလုံးမှာ တော်တော်ကိုပဲ များပါတယ်။ သူသာ အင်္ဂလန်မှာ ဆိုရင်ဆိုတဲ့ အတွေးက တိုးပြီး ၀င်လာလို့ မနည်းကို ဖျောက်ပစ် လိုက်ရတယ်။ ကျွန်တော်တို့ မြန်မာ နိုင်ငံရဲ့ ကျန်းမာရေး စနစ်ကြောင့် သူ အကြွေစော ရတာလား ဆိုတဲ့ မေးခွန်း ကိုတော့ ကျွန်တော်ရဲ့ အတွေးထဲက ဖျောက်လို့ကို မရနိုင်ပါဘူး။

ကျွန်တော်တို့နိုင်ငံမှာ ဆေးရုံဖွင့်တာ လွယ်ပုံ ရပါတယ်။ မကြာသေးမီက စီးပွားရှင်တွေ အပြိုင် အဆိုင် ဆေးရုံတွေ ဆောက်လုပ် လှူဒါန်း ကြတာတွေ ဖတ်ရ၊ ကြားရ ပါတယ်။ ဒီလို စေတနာတွေ ရှိကြတာ အရမ်း ကောင်းပါတယ်။ ဟိုတယ်ကနေ ဆေးရုံကြီး ဖြစ်သွားတာတွေ၊ ဌာနဆိုင်ရာ ရုံးကြီးတွေက ဆေးရုံကြီးတွေ ဖြစ်သွားတာ တွေ့မြင်ရတယ်။ ဆေးရုံလို့ ဆိုင်းဘုတ် တပ်တိုင်း ဆေးရုံ ဖြစ်သွားရောလား ဆိုတာ မေးသင့်တဲ့ မေးခွန်း တစ်ခုပါ။ ဆေးရုံတစ်ခု ဖွင့်ရင် ဆေးရုံ အင်္ဂါရပ်နဲ့ ပြည့်စုံသလား၊ မပြည့်စုံဘူးလား ဆိုတာ ဘယ်သူတွေက တာဝန်ယူပြီး စစ်ဆေး ကြသလဲ။ ဘယ်ဌာနက အသိအမှတ်ပြု လက်မှတ် Accreditation ပေးတာလဲ၊ ဘယ်ဟာကို စံထားပြီး လုပ်တာလဲ ဆိုတာ အရေးကြီး ပါတယ်။ နိုင်ငံတော်တော် များများမှာ Accreditation စနစ်ကို ဆေးရုံကြီးတွေ အတွက် သုံးပါတယ်။ ဥပမာ မြန်မာနိုင်ငံသားတွေ အားထားရာ Bangkot Hospital ဆိုရင် Joint Commission International (JCI) Accreditation ရထားတာပါ။

ဆေးရုံတစ်ရုံမှာ အဆောက်အအုံ၊ ဆေးဝါး ကိရိယာ ပစ္စည်းတွေနဲ့ တတ်သိ ပညာရှင်တွေ လိုပါတယ်။ ပထမ နှစ်ခုကတော့ ငွေရှိရင် အလွယ်တကူ ရနိုင်ပါတယ်။ တတ်သိ ပညာရှင်တွေ ကတော့ ချက်ချင်း လွယ်လွယ် ကူကူနဲ့ မရနိုင်ပါဘူး။ ကျွန်တော်တို့ မြန်မာနိုင်ငံက အထူးကုတွေ ခမျာလည်း တော်တော်လေးကို ပင်ပန်းပါတယ်။ တချို့ ဆရာဝန်ကြီးတွေ ဆိုရင် ဆေးရုံ အသစ်ဖွင့်တိုင်း ကိုယ်ပွားရလို့ ၁၀ ကိုယ်ပွားလောက် တောင်များ ရှိကြသလား မသိဘူး။

ကမ္ဘာ့ ရပ်ခြားမှာ တာဝန် ထမ်းဆောင်နေတဲ့ မြန်မာ အထူးကု ဆရာဝန် အရေ အတွက်ဟာ မြန်မာပြည်မှာ ရှိတဲ့ အထူးကု ဆရာဝန် အရေအတွက် ထက် ၁၀ ဆ လောက်ကို ရှိနိုင်ပါတယ်။ ဒီအထူးကု ဆရာဝန်တွေသာ မြန်မာနိုင်ငံကို ပြန်လာပြီး အလုပ် လုပ်နိုင်ရင်၊ ဆရာဝန် အငယ်တွေကို သင်ကြား ပို့ချ ပေးနိုင်ရင် ပြည်သူ လူထုအတွက် အများကြီး အကျိုးရှိမှာ မလွဲပါဘူး။ လူနာဘဲအုပ်က တစ်ရာ နှစ်ရာ ဖြစ်နေရှာတဲ့ မဗေဒါ အထူးကု ဆရာဝန်ကြီးတွေ အတွက်လည်း ၀န်ပေါ့ သွားနိုင်ပါတယ်။ တတ်သိ ပညာရှင်တွေကို မြန်မာနိုင်ငံ ပြန်လာပြီး အလုပ် လုပ်စေချင်ရင် ဒီလူတွေ အလုပ် လုပ်လို့ရတဲ့ စနစ်နဲ့ အခြေအနေတွေကို ဖန်တီးပေးဖို့ လိုပါတယ်။ Infrastructure မကောင်းရင် အထူးကု ဆရာဝန်တွေလည်း ရမ်းကုတွေနဲ့ နင်လားငါလား ဖြစ်သွား နိုင်ပါတယ်။ ကားအကောင်းတွေ သွင်းလာပြီး လမ်းတွေမကောင်းလို့ မကြာခင် ပျက်ကုန်တာ မထူးဆန်းပါဘူး။

ကျွန်တော် အလုပ်လုပ်တဲ့ Sunderland Royal Hospital (SRH) ဟာ ကုတင် တစ်ထောင်ဆံ့ ဆေးရုံပါ။ ကျွန်တော်တို့ ပြည်ထောင်စု ကျန်းမာရေး ၀န်ကြီး ဆိုရင်လည်း ဆေးရုံ ၀င်းထဲမှာ အလည်အပတ် ရောက်ရင်း တည်းဖူး ပါတယ်။ SRH ဟာ ရန်ကုန်ပြည်သူ့ ဆေးရုံကြီးနဲ့ အရွယ်အစား အတူတူ လောက်ပါပဲ။ ကျွန်တော် High Tech စက်တွေ ယှဉ်ပြီး မပြောပါဘူး။ ဆေးပညာ လောကမှာ နှစ်ပေါင်းများစွာ သုံးလာခဲ့တဲ့ Defibrillator ခေါ် နှလုံးရပ် Cardiac Arrest မှာ နှလုံးကို Shock ရိုက်တဲ့ စက်တွေပဲ ယှဉ်ကြည့်ပါ။ SRH မှာ Ward တိုင်း၊ Clinic တိုင်း မှာ Defibrillator တွေ ရှိပါတယ်။ ဆေးရုံ တစ်ရုံမှာဆိုရင် Defibrillator အလုံး တစ်ရာနီးပါး ရှိပါတယ်။ ဒီစက်တွေကို တာဝန် ရှိသူတွေက နေ့တိုင်းပဲ Test လုပ်ရ ပါတယ်။

ရန်ကုန်ဆေးရုံကြီးလို မြန်မာနိုင်ငံရဲ့ ထိပ်တန်း ဆေးရုံ တစ်ရုံမှာ Defibrillator ဘယ်နှလုံး ရှိပါသလဲ။ နောက်ဆုံးဖွင့်တဲ့ ဆေးရုံ အသစ်တွေ မှာရော Defibrillator ဘယ်နှလုံးစီ ရှိပါသလဲ။ တချို့က ''ဟာ မီးတောင်မှ မှန်လို့လား''လို့ ပြောကြ လိမ့်မယ်။ ဆေးရုံဆိုတာ စက်ရုံလို နားထားလို့ ရတဲ့ အချိန် မရှိပါဘူး။ ဆေးရုံတိုင်းမှာ မီးဆိုတာ ၂၄ နာရီ လာနေ ရပါမယ်။ ကျွန်တော် အင်္ဂလန်မှာ ဆရာဝန် လုပ်လာခဲ့တဲ့ သက်တမ်းက ၁၈ နှစ်လောက် ရှိပါပြီ။ UK ဆေးရုံမှာ မီးပျက်တယ် ဆိုတာ ၁၈ နှစ်အတွင်း လက်ချိုး ရေလို့ရပါတယ်။ အဲဒီလောက် မီးပျက်တာ နည်းတာတောင် ဆေးရုံမှာ ကိုယ်ပိုင် မီးစက် Generator ထားတယ်။ နောက်တစ်ခုကတော့ Training ပါ။

ကျွန်တော်တို့ ဆေးရုံမှာ ဆရာဝန်၊ သူနာပြုတွေ သာမက ၀န်ထမ်းတိုင်း နှစ်စဉ် နှလုံး ရပ်တဲ့ လူနာတွေ အတွက် အသက်ကယ် သင်တန်း Basic Life Support (BLS) ကို မတက် မနေရ ပြဋ္ဌာန်းထားတယ်။ လူနာ တစ်ယောက် ဆေးရုံ အတွင်းမှာ Cardiac Arrest ရ နှလုံး ရပ်ရင် အောက်ခြေ အလုပ်သမားက အစ ဘာလုပ်ရမှန်း သိတယ်။ BLS Training က နှစ်နာရီလောက်ပဲ ကြာတာပါ။ High tech မဟုတ်ပါဘူး။ ကျွန်တော်တို့ မြန်မာ နိုင်ငံမှာ BLS တောင် ဆရာဝန် ဘယ်နှယောက် လုပ်နိုင်ပါသလဲ။ နောက်တစ်ခုက Ambulance ကားတွေပါ၊ UK က Ambulance တိုင်းမှာ Defibrillator ပါပါတယ်။ Ambulance driver တိုင်းဟာ Training ရပြီး သက်ဆိုင်ရာ အသိအမှတ်ပြု အောင်လက်မှတ် ရထားတဲ့ သူတွေပါ။ ကျွန်တော်တို့ မြန်မာ နိုင်ငံက Ambulance တွေတိုင်းမှာ Defibrillator ရှိတယ် မရှိဘူး ဆိုတာ တာဝန်ရှိသူတွေ အသိဆုံး ဖြစ်မှာပါ။ Heart Attack ရထားတဲ့ ဒေါက်တာ နေ၀င်းမောင်လို လူနာ တစ်ယောက် ဆေးရုံ တစ်ရုံကို ရောက်လာပြီးမှ ပြည်သူ့ ဆေးရုံကို လူနာကိုယ်တိုင် ကားမောင်း သွားရတယ် ဆိုတာ တစ်ကမ္ဘာလုံးမှာ ဘယ်နှနိုင်ငံများ ရှိမှာလဲ။ အပြစ် တင်ချင်တာထက် ကျွန်တော်တို့ မြန်မာ နိုင်ငံမှာ ကျန်းမာရေးအဆင့်ကို ဘယ်လို တိုးတက်အောင် လုပ်လို့ ရသလဲလို့ တွေးချင်တာပါ။

UK မှာ မကြာသေးမီကမှာ Cardiac Arrest ရသူတွေ အတွက် အလိုအလျောက် နှလုံး Shock ရိုက်စက်၊ Automated External Defibrillator (AED) တစ်သောင်း ကျော်ကို လေဆိပ်တွေ၊ Shopping mall တွေနဲ့ လူအများ သွားလာတဲ့ နေရာတွေမှာ တပ်ဆင် ထားပါတယ်။ Heart Attack ရသူတွေရဲ့ သေဆုံးသူ ဦးရေရဲ့ တစ်ဝက် လောက်ဟာ ဆေးရုံ မရောက်ခင် Cardiac Arrest နဲ့ ဆုံးကြရတာပါ။ AED တွေကြောင့် ၇၅ ရာခိုင်နှုန်းလောက် အသက်ရှင်ဖို့ အခွင့်အလမ်း ပိုရနိုင်ပါတယ်။ တခြား နိုင်ငံတွေမှာလည်း AED တွေကို အဲဒီလို တပ်ဆင်တာတွေ ရှိပါတယ်။ သူတို့ အတိုင်းအတာ အထိ မလုပ်နိုင်ရင်တောင် မြန်မာ နိုင်ငံမှာ တတ်နိုင်တဲ့ အတိုင်းအတာ အထိ လုပ်နိုင်ရင်တော့ ကောင်းမှာပဲလို့ တွေးမိတယ်။

Defibrillator တစ်လုံးဟာ အက္ခရာဟောင်း အပ်နှံကား လောက်တောင် ဈေးမကြီး ပါဘူး။ ကျွန်တော်က ပြီးခဲ့တဲ့ ဒီဇင်ဘာ လကုန်ထဲမှာ မြန်မာပြည်ကို အလည်အပတ် ပြန်ရောက် ထားတာပါ။ ကျွန်တော် ရန်ကုန် မြန်မာနိုင်ငံ ဆရာဝန် အသင်းတိုက်မှာ ဆရာဝန် ၁၆၀ လောက်ကို နှလုံးရောဂါနဲ့ ပတ်သက်ပြီး ECG သင်တန်း ပေးခဲ့ပါတယ်။ သင်တန်း လာတက်သူ အများစု ထဲမှာ လက်ရှိ ရန်ကုန်က ဆေးရုံတွေမှာ အလုပ် လုပ်နေသူတွေ ပါပါတယ်။ စာသင်ရင်းနဲ့ Defibrillator အကြောင်း ရောက်သွား ပါတယ်။ ရန်ကုန်က ဆေးရုံတွေမှာ Ward တိုင်းမှာ Defibrillator ရှိသလားလို့ ကျွန်တော်က မေးတော့ ဆရာဝန် အများစုက ခေါင်းရမ်းကြတယ်။ ၀မ်းနည်းစရာပါပဲ။ ကျွန်တော်ရဲ့ မိတ်ဆွေ ပါမောက္ခ တစ်ဦးကလည်း သူ Heart Attack ရရင် ဘယ်သွား ကုရမှာလည်း မသိဘူးလို့ ပြောတော့ တော်တော်လေးကို စိတ်မကောင်း ဖြစ်ရတယ်။ သူ့ အပြောနဲ့ ဒေါက်တာ နေ၀င်းမောင်ရဲ့ အဖြစ်တွေကို ဆက်စပ် ကြည့်တဲ့အခါ တွေးစရာတွေက အစီအရီ ပေါ်လာတယ်။ Heart Attack အရေးပေါ် ရောဂါမျိုးက တခြား နာတာရှည် ရောဂါတွေလို Bangkok တို့ Singapore တို့ သွားကုဖို့ အချိန် မမီနိုင်ပါဘူး။

တိုက်တိုက်ဆိုင်ဆိုင် ၂၀၁၂ ခုနှစ်ဆန်းရဲ့ ပထမပတ် အတွင်းမှာပဲ ကျွန်တော် SRH မှာ နှစ်စဉ် ၀န်ထမ်းတိုင်း မတက်မနေရ ဖြစ်တဲ့ BLS သင်တန်းကို တက်ရပါတယ်။ တခြား ဌာနတွေက အထူးကု ဆရာဝန်ကြီး တွေပါ ကျွန်တော်နဲ့ အတူတူ တက်ရပါတယ်။ အဲဒီ BLS သင်တန်း တက်ရင်း Defibrillator တွေ Dummy အရုပ်တွေနဲ့ လေ့ကျင့်ရင်း ကနေ ဒေါက်တာ နေ၀င်းမောင် အကြောင်း၊ မြန်မာနိုင်ငံ အကြောင်း မတွေးမိပဲကို မနေနိုင်ပါဘူး။ ကျွန်တော်ရဲ့အလုပ်မှာ နှလုံးသွေးကြော ကျဉ်းတဲ့ လူနာတွေကို နေ့စဉ်ပဲ တွေ့ရပါတယ်။ လူနာ အသစ်တိုင်းကို Heart Attack ရတယ်လို့ တင်ရင် ဘာလုပ်ရမယ် ဆိုတာ နှလုံးရောဂါ အထူးကု သမားတော် အနေနဲ့ အကြံပေး ရပါတယ်။ UK မှာတော့ လူနာတွေက သူတို့ Heart Attack ရတယ်လို့ ထင်ရင် ၉၉၉ နံပါတ်ကို ဖုန်းဆက်ပြီး Ambulance ခေါ်လို့ ရပါတယ်။ အဲဒီလို လူနာမျိုး ဆိုရင် Ambulance တွေက မဆိုင်းမတွ ချက်ချင်း လာပါတယ်။ ဆရာဝန်တွေက နှလုံး ရောဂါရှင်တိုင်းကို Heart Attack ရတယ်ထင်ရင် ဘာလုပ်ရမယ် ဆိုတဲ့ Heart wise ကတ်ကလေးတွေ ပေးထားကြတယ်။ ကျွန်တော့် အဲဒီ ကတ်ကလေးတွေ လူနာတိုင်းကို ပေးတိုင်း ဒေါက်တာ နေ၀င်းမောင် အကြောင်းကို ခေါင်းထဲက မထွက်တော့ပါဘူး။ ဒီလို စနစ်မျိုးများ ကျွန်တော်တို့ မြန်မာနိုင်ငံမှာ ရှိရင် ဆိုတဲ့ အတွေးက ဖုံးဖိလို့ကို မရနိုင်ပါဘူး။

ကျွန်တော် အခုလို ရေးသားတာဟာ ဘယ်သူ့ကိုမှ နစ်နာ စေချင်တဲ့ စိတ်နဲ့ ရေးတာ မဟုတ်ပါဘူး။ ကျွန်တော်တို့ မြန်မာ နိုင်ငံရဲ့ ကျန်းမာရေး အဆင့်ကို တတ်နိုင် သလောက် ရှုထောင့် တစ်နေရာက ထောက်ပြတာပါ။ UK ရဲ့ ကောင်းတဲ့ စနစ် တစ်ခုကတော့ ဘယ်နေရာ ဖြစ်ဖြစ် အမှားတွေ့ရင် သိအောင် အဖြေရှာတယ်။ ပြောင်းဖို့ လိုအပ်ရင် တစ်နိုင်ငံလုံး အတိုင်းအတာနဲ့ ပြောင်းလဲမှုတွေ လုပ်တယ်။ အစိုးရကိုချည်း အားကိုးလို့ မရပါဘူး။ ပြောင်းလဲမှု တစ်ခု လုပ်ချင်ရင် လူတိုင်း အဖွဲ့ အစည်း တိုင်းမှာ တာဝန် ရှိပါတယ်။ အခု အချိန်အခါ ကျွန်တော်တို့ မြန်မာနိုင်ငံမှာ နိုင်ငံရေး၊ စီးပွားရေးနဲ့ စာနယ်ဇင်း ကဏ္ဍ အသီးသီးမှာ ပြုပြင် ပြောင်းလဲမှုတွေ တိုးတက်မှုတွေ မြင်နေရ ပါပြီ။ ကျန်းမာရေး ကဏ္ဍ အနေနဲ့လည်း ခေတ်နဲ့အညီ ပြုပြင် ပြောင်းလဲမှုတွေ လုပ်တဲ့ အခါမှာ ပြည်တွင်းမှာ ရှိတဲ့ ကျန်းမာရေး လုပ်သားတွေက အရေး အကြီးဆုံးပါ။ တိုးတက်တဲ့ ပညာရေးစနစ်ဖြင့် သာလျှင် ကျန်းမာရေး စနစ် တိုးတက် လာအောင် အထောက် အကူ ပြုမှာ ဖြစ်ပါတယ်။ ကျွန်တော် အပါအ၀င် ပြည်ပ ရောက်နေတဲ့ မြန်မာ တတ်သိ ပညာရှင်တွေ ကလည်း လက်လှမ်း မီသ၍ ပါဝင် ဆောင်ရွက်ကြမှာပါ၊ ပြိုင်တူ တွန်းလျှင်တော့ တကယ်ကို ရွေ့နိုင်ပါတယ်။

ဒေါက်တာနေ၀င်းမောင်တစ်ယောက် သူရဲ့ နောက်ဆုံး အချိန်မှာ သူကိုယ်တိုင် ခံစားချက် တွေနဲ့ မြန်မာနိုင်ငံရဲ့ ကျန်းမာရေး အဆင့်အတန်းကို တိုးတက် စေချင်ခဲ့မှာ မလွဲပါဘူး။ ကျွန်တော်တို့ အားလုံး ညီညီ ညွတ်ညွတ်နဲ့ ကြိုးစား ကြရင်တော့ နှစ်များ မကြာမီမှာ တိုင်းပြည်ရဲ့ ကျန်းမာရေး အဆင့် အတန်း မြင့်လာပြီး နှလုံးသားတွေ အကြွေ မစောကြလေအောင် ဆောင်ရွက် နိုင်ကြလေမယ်လို့ မျှော်လင့်ပါတယ်။

Ref: EMG News

0 comments:

အပေါ်သို့