Monday, February 9, 2009

ဗမာပြည်ကွန်မြူနစ်ပါတီ ပြောရေးဆိုခွင့်ရှိသူလ် ရဲဘော်ဖိုးသံချောင်းနှင့် ငုရင် ပြင် စကားဝိုင်း

(၁) ၂၀၀၉ ခုနှစ်အတွင်း ဖြစ်ပေါ်လာမယ့် မြန်မာနိုင်ငံရဲ့ နိုင်ငံရေးအခြေအနေတွေအပေါ် ဘယ်လို သုံးသပ်မိ ပါသလဲ။

ဒီနှစ်ဟာ နအဖအဖို့ ၂၀၁၀ ရွေးကောက်ပွဲအတွက် ဖိလုပ်ရမယ့်နှစ် ဖြစ်ပါတယ်။ ရွေးကောက်ပွဲဥပဒေကို ပြဋ္ဌာန်းရမယ်။ နိုင်ငံရေးပါတီအသစ်တွေကို လက်ခံရမယ်။ တပါတည်းမှာ တည်ရှိဆဲ နိုင်ငံရေးပါတီတွေနဲ့ အပစ်အခတ်ရပ်စဲထားတဲ့အဖွဲ့တွေနဲ့ ပတ်သက်လို့လည်း ဘယ်လိုသဘောထားတယ်ဆိုတာ ပြောရပါမယ်။ တဖက်မှာကျတော့လည်း (ကြံ့ဖွတ်အဖြစ်နဲ့ဖြစ်စေ၊ တခြားအဖွဲ့အစည်းအဖြစ်နဲ့ဖြစ်စေ) သူတို့အတွင်းက လူ တွေထဲမှာ ဘယ်သူတွေ ၀င်အရွေးခံရမယ်ဆိုတာအတွက်လည်း စီစဉ်ဆုံးဖြတ်ရ၊ စီမံရတာတွေရှိဦးမှာပါ။ ဒါဟာ သေးတဲ့ပြဿနာမဟုတ်ပါဘူး။ သူတို့တွင်း အခုအခံတွေ၊ မကျေနပ်မှုတွေ၊ ဂိုဏ်းဂဏတွေ ဖြစ်ပေါ်စေ နိုင်ပါတယ်။

ဒါကြောင့်မို့ ဒီ ၂၀၀၉ ခုနှစ်ထဲမှာ မျှော်လင့်မထားတဲ့ အံ့သြစရာကောင်းတဲ့ ဥပဒေကြေညာချက်တွေ၊ သတင်း တွေ ပေါ်ထွက်လာနိုင်ပါတယ်။ (အခုကိုပဲ ရွေးကောက်ပွဲကို ရွှေ့ဆိုင်းမယ်ဆိုတဲ့ သတင်းတွေ ထွက်လာနေပါ ပြီ) နအဖအဖို့ကတော့ သူတို့အတွင်းပိုင်း ပြေလည်တည်ငြိမ်ရေးကို အဓိကထား ဦးစားပေးလုပ်မှာပါ။ အတွင်း ပိုင်း မတည်ငြိမ်ရင် အပြင်ကို ရင်ဆိုင်ရာမှာ ကမောက်ကမ ဖြစ်နိုင်တယ်ဆိုတာ သူတို့သိပါတယ်။ ဒါကြောင့်မို့ ဒီနှစ်ထဲမှာ နအဖရဲ့ စစ်ဖက် နယ်ဖက် ထိပ်ပိုင်းအရာရှိတွေလည်း အပြောင်းအလဲ အများကြီးဖြစ်နိုင်ပါတယ်။ နအဖအတွင်းပိုင်းမှာ မတည်ငြိမ်မှု အများဆုံးဖြစ်နိုင်တဲ့ နှစ်တနှစ်လို့ ဆိုနိုင်ပါတယ်။

နအဖဟာ သူတို့ရဲ့ ဖွဲ့စည်းပုံအခြေခံဥပဒေကို လက်မခံသူတွေအပေါ် ဘယ်လိုသဘောထားမလဲဆိုတာ လည်း ဒီနှစ်ထဲမှာပဲ လက်တွေ့နဲ့ အဖြေပေးရမယ်ထင်ပါတယ်။ နအဖဟာ ကြံ့ဖွတ်ကို ရေရှည်မှာ ထိန်းချုပ် နိုင်ပါ့မလား၊ နအဖနဲ့ တစည ဘယ်လိုထိန်းညှိကြမလဲဆိုတာတွေလည်း စိတ်ဝင်စားစရာ တွေ့မြင်ကြရပါမယ်။ ဗိုလ်နေ၀င်းဂိုဏ်း၊ ဗိုလ်ခင်ညွန့်ဂိုဏ်းတွေ ဘယ်လိုအခန်းက ပါဝင်ကြမလဲဆိုတာလည်း မြင်ရဦးမယ်ထင်ပါ တယ်။ ဒီနှစ်ဟာ နအဖရဲ့ ပြည်တွင်းနိုင်ငံရေးပေါ်လစီတွေ အစမ်းသပ်ခံရမယ့်နှစ်ဖြစ်ပါတယ်။ သူတို့ ဘယ် အထိ သည်းညည်းခံနိုင်တယ်ဆိုတာကို စောင့်ကြည့်ရမှာပါ။

ဒီလိုဆိုတဲ့အတွက် သူတို့ကို ဗြောင်ဆန့်ကျင်တဲ့ ဒီမိုကရေစီရေးလှုပ်ရှားမှုတွေကို သည်းခံမယ်လို့ ဆိုလိုတာမ ဟုတ်ပါ။ ပိုတောင် ပြတ်ပြတ်သားသား လုပ်မယ်လို့ထင်ပါတယ်။ ဆရာကြီးဦးဝင်းတင်၊ ဦးခင်မောင်ဆွေတို့လို ပုဂ္ဂိုလ်တွေကို ထောင်ထဲပြန်ထည့်တာတွေ့ရရင် မဆန်းဘူးလို့ပဲ ယူဆရမှာပါ။ ဒါကြောင့် ဒီနှစ်ဟာ နအဖအဖို့ မလွယ်လှတဲ့နှစ်ပဲ ဖြစ်မှာပါ။ စီးပွားရေး၊ နိုင်ငံရေး၊ သူတို့တွင်း စည်းလုံးညီညွတ်ရေး၊ အဖက်ဖက်မှာ အကျပ်အတည်းတွေ ရင်ဆိုင်ရမယ့်နှစ်လို့ မြင်ပါတယ်။ အခုကိုပဲ အပစ်အခတ်ရပ်စဲထားတဲ့ အဖွဲ့အစည်းတွေ ဟာ နအဖ တွက်ထားသလိုမဟုတ်ဘဲ တင်းခံနေလို့ နအဖဟာ အခြေအနေတွေကိုတောင် မထုတ်ပြန်ရဲဘဲ ဖြစ်နေပါတယ်။ ရွေးကောက်ပွဲအတွက် တခြားအဖွဲ့အစည်းတွေကိုသာ တည်ထောင်ခွင့်ပေးလိုက်ရင် သူတို့ရဲ့ လက်ရှိ အက်စ်ဘီ၊ စရဖ စတဲ့ ထောက်လှမ်းရေးယန္တရားတွေနဲ့ လုံလောက်ပါ့မလား၊ ဘယ်လိုတိုးချဲ့မလဲ စဉ်းစားစရာဖြစ်ပါတယ်။

(၂) ၂၀၀၉ ခုနှစ်အတွင်း လုပ်ဆောင်မယ်လို့ ပိုင်းဖြတ်ထားတဲ့ နိုင်ငံရေးရည်မှန်းချက်တွေက ဘာပါလဲ။

တခြားပုံမှန်လုပ်ငန်းတွေအပြင် ပြည်သူ့အင်အား(People Power) စည်းရုံးရေးကို အဓိကထားပြီး ဦးတည် ချက်ရှိရှိ လုပ်သွားပါမယ်။ လုပ်ရာမှာ အဓိကအားဖြင့် ကာလတခုမှာ မြေအောက်သဏ္ဍာန်နဲ့ လုပ်မှာဖြစ်ပါ တယ်။

အထက်မှာပြောခဲ့သလိုပဲ ဒီနှစ်မှာ ထူးခြားတဲ့ကိစ္စရပ်တွေ ဖြစ်ပေါ်လာနိုင်ပါတယ်။ နအဖဟာ သူတို့ အသက် ရှင် တည်ရှိရေး လမ်းကြောင်းပေါ်မှာရှိတဲ့ ဆူးညှောင့်ခလုတ်အားလုံးကို ဖယ်ရှားတာလုပ်ရပါတော့မယ်။ ဒီလိုလုပ်ရာမှာ ပြည်သူလူထုရဲ့အကျိုးစီးပွားနဲ့ ပဋိပက္ခတွေဖြစ်တာတွေ မုချကြုံရမှာပါ။ ဒါဆိုရင် ကျနော်တို့ ဟာ ပြည်သူ လူထုအကျိုးစီးပွားကို ကာကွယ်ရေးအတွက် ဖြစ်နိုင်တဲ့သဏ္ဍာန်နဲ့ တိုက်ပွဲဝင်ပါမယ်။ အလားတူ ပဲ နအဖက အမျိုးသားဒီမိုကရေစီအဖွဲ့ချုပ်ကို ဖျက်သိမ်းဖို့ လုပ်လာကောင်းလုပ်လာနိုင်ပါတယ်။ သူ့မှာ နိုင်ငံ ရေးအရ အင်အားတောင့်တင်းပြီလို့ယူဆရင် နအဖဟာ တနည်းနည်းနဲ့ အကောင်အထည်ဖော်ပါလိမ့်မယ်။ ဒီလိုလုပ်လာရင် နအဖနဲ့ အမျိုးသားဒီမိုကရေစီအဖွဲ့ချုပ်တို့အကြားက တိုက်ပွဲဟာ နောက်ဆုံးအဆုံးအဖြတ် တိုက်ပွဲ ဖြစ်ချင်ဖြစ်သွားနိုင်ပါတယ်။ ဒီလိုအခါမှာ ကျနော်တို့ဟာ ရှစ်လေးလုံးအရေးတော်ပုံကြီးရဲ့ အသီး အပွင့်ဖြစ်တဲ့၊ ၁၉၉၀ ခုနှစ် ရွေးကောက်ပွဲမှာ ပြည်သူတရပ်လုံးက ထောက်ခံခဲ့တဲ့ အမျိုးသားဒီမိုကရေစီ အဖွဲ့ချုပ်ကို ကာကွယ်ဖို့အတွက် ပြည်သူတွေ၊ တခြားအင်အားစုတွေနဲ့ လက်တွဲပြီး ကန့်ကွက်တိုက်ပွဲဝင်သွား ပါမယ်။

ဒါပေမယ့် ဒါတွေကို ကျနော်တို့ ဗကပ တဖွဲ့တည်း လုပ်လို့မရပါဘူး။ ပြည်တွင်းပြည်ပရှိ တခြားအဖွဲ့အစည်း တွေ၊ လူပုဂ္ဂိုလ်တွေနဲ့ ဆွေးနွေးညှိနှိုင်းတာတွေ လုပ်သွားပါမယ်။ (ဒါလည်း မြေအောက်ပုံသဏ္ဍာန်နဲ့ အဓိက ဖြစ်ပါမယ်)။ ဒီလိုလုပ်ရာမှာ မတူတာတွေကို ခဏဘေးဖယ်ထားကြဖို့ အရေးကြီးတယ်လို့ ယူဆပါတယ်။ ဒီလို လုံးပမ်းနေတဲ့ကာလအတွင်းမှာ နအဖအစိုးရကို ဆန့်ကျင်သူတွေအချင်းချင်း တိုက်ခိုက်တာမျိုး ကျနော်တို့က လုံးဝမ လုပ်ပါဘူး။

ဒါတွေက လက်တွေ့လုပ်ငန်းပိုင်းပါ။ အယူအဆပိုင်းကို ပြောရရင်တော့ ဒီကာလမှာ ကျနော်တို့အနေနဲ့ နအဖ အစိုးရကို အလုပ်အကျွေးပြုလိုတဲ့၊ မူမဲ့အလျော့ပေးစေ့စပ်ချင်တဲ့ အရှုံးပေးရေးဝါဒကို ဖွင့်ချဆန့်ကျင်တိုက်ခိုက် သွားပါမယ်။

(၃) ၂၀၁၀ ရွေးကောက်ပွဲနဲ့ ပတ်သက်ပြီး ဘယ်လိုအကဲဖြတ်ပါသလဲ။

တကယ်တော့ ဒီ ၂၀၁၀ ရွေးကောက်ပွဲဟာ သဏ္ဍာန်သဘောလောက်ပဲရှိပါတယ်။ တကယ့်အာဏာကို နအဖ က သူ့ရဲ့ဖွဲ့စည်းပုံအခြေခံဥပဒေနဲ့ ရယူပြီးပါပြီ။ ဒီရွေးကောက်ပွဲမှာ ဘယ်သူတွေနိုင်-နိုင် အာဏာဟာ စစ်အုပ်စု လက်ထဲမှာပဲ စွဲစွဲမြဲမြဲတည်ရှိနေမှာပါ။

ဒါပေမယ့် ဒီရွေးကောက်ပွဲမှာ နအဖစစ်အုပ်စုနဲ့ သဘောထားမတူညီတဲ့ လူတွေ၊ အဖွဲ့အစည်းတွေ ၀င်ရောက် အရွေးခံတာ ရှိနိုင်ပါတယ်။ ဘယ်သူတွေဖြစ်မယ်ဆိုတာတော့ မပြောနိုင်သေးပါ။ တကယ်လို့ အဲဒီလိုလူ၊ အဖွဲ့ အစည်းတွေပေါ်လာပြီး ကြံ့ဖွတ်၊ တစည ... စတဲ့ စစ်အုပ်စုအင်အားစုတွေနဲ့ ယှဉ်ပြိုင်ရင် သူတို့ကို ကျနော်တို့ က အားပေးထောက်ခံပါမယ်။

နောက်တချက်က ဒီရွေးကောက်ပွဲကနေ ရာထူးနဲ့ အခွင့်အရေးပြဿနာကြောင့် နအဖ အသိုင်းအ၀ိုင်းအတွင်း မှာ စိတ်ဝမ်းကွဲပြားမှုတွေ ပေါ်လာနိုင်ပါတယ်။ အဆင့်အသီးသီး၊ ဒေသအသီးသီး၊ အလွှာအသီးသီးမှာ ပေါ် ပေါက်နိုင်ပါတယ်။ ဒါကို အတိုက်အခံတွေက ကောင်းကောင်းအသုံးချရပါမယ်။

(၄) ကမ္ဘာ့စီးပွားရေးကျဆင်းမှုအပေါ်အမြင်နဲ့ မြန်မာပြည်အပေါ် မည်သို့သက်ရောက်နိုင်ပါသလဲ။

ဒီပြဿနာကြီး ဘာကြောင့်ပေါ်ပေါက်ခဲ့တယ်ဆိုတာကို ကျနော် ဆောင်းပါး ၃-၄ ပုဒ် ရေးဖူးပါတယ်။ ဒီနေရာ မှာ ပြန်ပြောမနေတော့ပါဘူး။ ဒီအကြိမ် ကမ္ဘာ့စီးပွားရေးကျဆင်းမှုကြီးဟာ အမေရိကန်နိုင်ငံကြောင့် ဖြစ်ရတာ လို့ တနေ့ကပဲ ဆွစ်ဇာလန်နိုင်ငံမှာ နိုင်ငံ့ခေါင်းဆောင်တချို့က ပြောသွားပါတယ်။ ဒါကို အမေရိကန်ဖက်က လုံးဝ မငြင်းပါဘူး။ ဒိအရင်တနှစ်ကပဲ ကွန်ဒိုလီဇာရွိုက်ကိုယ်တိုင် “အမေရိကန်နိုင်ငံရဲ့ စီးပွားရေးဟာ စိတ်ချရ တယ်၊ ပုံမှန်ပဲ”လို့ အလားတူ ထိပ်သီးအစည်းအဝေးတခုမှာ အာမခံခဲ့ဖူးပါတယ်။ ဒါကြောင့် ဒီတခါလောက် အမေရိကန်နိုင်ငံရဲ့ စီးပွားရေးဂုဏ်သိက္ခာ ထိခိုက်ကျဆင်းတာ သမိုင်းမှာ အင်မတန်ရှားတယ်လို့ ဆိုရပါမယ်။ ၁၉၂၉ စီးပွားရေးကပ်တုန်းကတော့ အမေရိကန်ဟာ ကမ္ဘာ့နံပတ်တစ် မဟုတ်ပါဘူး။ ဥရောပရဲ့ နောက်မှာပါ။ အခုတော့ ကမ္ဘာ့နံပတ်တစ်နေရာကနေ မျက်နှာပြလို့မရအောင်ဖြစ်ရတာဆိုတော့ တော်ရုံပြဿနာကြီး မဟုတ်ပါဘူး။ ကမ္ဘာ့နံပတ်တစ်နေရာကနေ အမေရိကန်ဖယ်ပေးရဖို့အတွက် အရေးပါတဲ့ သမိုင်းတကွေ့ဖြစ် မယ်လို့တောင် လူတော်တော်များများက တွက်ကြပါတယ်။

နောက်တချက်ကတော့ ဒါဟာ အမေရိကန်နိုင်ငံအုပ်စိုးသူလူတန်းစားထဲက နီယိုလစ်ဘရယ်သမားတွေရဲ့ ပေါ်လစီတွေမမှန်ကြောင်း ပွင့်ကျသွားတာလို့လည်း ဆိုနိုင်ပါတယ်။ သူတို့ သံကောင်းဟစ်လေ့ရှိတဲ့ "Laissez-faire"ပေါ်လစီရဲ့ကျဆုံးခန်းပါ။ စီးပွားရေးလည်ပတ်မှုတွေကို အစိုးရက၀င်ရောက်မစွက်ဖက်ရဘူး လို့ မောက်မောက်မာမာပြောခဲ့ကြတဲ့ နိုင်ငံအများအပြားက ဧရာမလူချမ်းသာလုပ်ငန်းရှင်ကြီးတွေနဲ့ သူတို့ရဲ့ ဘောဂဗေဒ ပညာရှင်တွေဟာ အခုတော့ သူတို့လုပ်ငန်းကြီးတွေကို ကယ်တင်ပေးပါဦးလို့ အစိုးရတွေကို တောင်းပန်နေကြတာတွေ့ရတော့ ပြုံးမိရပါတယ်။

ဗမာပြည်ရဲ့ စီးပွားရေးဟာ ဒီနှစ်ထဲမှာ ဘယ်လိုမှ ပိုကောင်းလာစရာမရှိပါဘူး။ ကမ္ဘာ့စီးပွားရေးစနစ်ရဲ့ အစွန် အဖျားလောက်မှာသာရှိတဲ့ ဗမာနိုင်ငံကို ကမ္ဘာ့စီးပွားရေးကပ်ရဲ့ဒဏ်ဟာ ဒီနှစ်ထဲမှာ ပိုပြီးရိုက်ခတ်လာမယ်လို့ ယူဆရပါမယ်။ အဲဒီလိုရိုက်ခတ်လာရင် ထုံးစံအတိုင်း လယ်သမား-အလုပ်သမားနဲ့ လုပ်ငန်းရှင်လေးတွေကို အထိခိုက်ဆုံးဖြစ်မှာပါ။ နအဖအနေနဲ့ ဒီဒဏ်က ကာကွယ်ဖို့၊ စီးပွားရေးလုပ်ငန်းတွေကို ကယ်တင်ဖို့ အစွမ်း လုံးဝမရှိပါဘူး။ ကျလာသမျှဒဏ်ကို ငုတ်တုတ်ပေခံရမှာပါ။

(၅) လတ်တလောဖြစ်နေတဲ့ အစ္စရေး-ပါလက်စတိုင်းပြဿနာနဲ့ ပတ်သက်ပြီး ဘယ်လိုမြင်ပါသလဲ။

သမိုင်းဆိုင်ရာလေး နည်းနည်းပြန်ပြောပါရစေ။ ခရစ်တော်မွေးဖွားတဲ့နှစ်မတိုင်မီ ဆယ်စုနှစ် အနည်းငယ်က တည်းက ဂျူးတွေရဲ့အစ္စရေးဟာ ကမ္ဘာ့မြေပုံပေါ်က ပျောက်သွားခဲ့ပြီး အင်္ဂလိပ်ကိုလိုနီသမားတွေက မူဆလင် ဘာသာဝင်တွေလက်ထဲက လု၊ ကမ္ဘာအနှံ့အပြားမှာရှိတဲ့ ဂျူးတွေကို ပြောင်းလာခိုင်းပြီး ၁၉၄၈ ခုနှစ်ကျမှ အခု လက်ရှိ အစ္စရေးနိုင်ငံကို တည်ထောင်ပေးခဲ့တာဖြစ်ပါတယ်။ သူတို့ရဲ့ ရည်ရွယ်ချက်က အာရပ်တွေ၊ မူဆ လင်တွေရဲ့ နှလုံးအိမ်ဒေသမှာ ခံတပ်ကြီးတခု ဆောက်ထားခဲ့ဖို့ဖြစ်ပါတယ်။ ရေနံထွက်တဲ့ဒေသမှာ နယ်ချဲ့သ မားတွေရဲ့ ရေနံတွင်းတွေနဲ့ စစ်ရေးအရရော စီးပွားရေးအရပါ အရေးပါလှတဲ့ စူးအက်တူးမြောင်းအတွက် အ စောင့်သဘော မွေးထားခဲ့တာပါ။ ဒါပေမယ့် အဲဒီဒေသက အမျိုးသားတွေဟာ သူတို့ထင်တာထက်စောပြီး နိုး ကြား၊ စည်းရုံးမိလာကြပါတယ်။ စူးအက်တူးမြောင်းနဲ့ရေနံတွင်းတွေကို သူတို့က နိုင်ငံပိုင်သိမ်းတာတွေ ဖြစ် လာတော့ အင်္ဂလိပ် အမေရိကန်တို့ဟာ မျက်လုံးပြူးမျက်ဆံပြူး ဖြစ်ကုန်ပါတယ်။ ဒီလိုနဲ့ အမေရိကန်ဟာ အဲဒီဒေသကို အင်္ဂလိပ်လက်ထဲက လုယူလိုက်ပါတယ်။ စူးအက်တူးမြောင်းအရေးအခင်းဟာ ဒီဖက်ခေတ် ကမ္ဘာ့သမိုင်းမှာ ကမ္ဘာ့နံပါတ်တစ်နေရာကို အင်္ဂလိပ်လက်ကနေ အမေရိကန်က လွှဲယူတဲ့အခါပဲလို့ ပြောရင် ရမယ်ထင်ပါတယ်။ ဒိနောက်မှာတော့ အမေရိကန်ဟာ အစ္စရေးကို စီးပွားရေးအရ၊ စစ်ရေးအရ အားကြီး အောင် အတင်းလုပ်ပြီး အာရပ်တွေအကြားမှာ ငပွကြီးတဦးအဖြစ် ဖန်တီးပေးခဲ့ပါတယ်။

အခု ဒီဖက်ပိုင်းမှာတော့ အားလုံးသိတဲ့အတိုင်း အမေရိကန်နိုင်ငံရဲ့ စီးပွားရေးမှာ ဂျူး သန်းကြွယ်သူဌေးတွေ ရဲ့ အခန်းက သိပ်အရေးပါလာပြီး ဂျူးတွေက အမေရိကန်ရဲ့စကားကို နားထောင်နေရတာလား၊ အမေရိကန် က ဂျူးတွေရဲ့စကားကို နားထောင်နေရတာလား၊ ပြောရခက်လောက်အောင်တောင် ဖြစ်လာပါတယ်။ ဒီလိုနဲ့ အစ္စရေးလ်ဟာ အဲဒီဒေသမှာ အမေရိကန်ရဲ့ စီးပွားရေး၊ စစ်ရေး၊ သတင်းနည်းပညာရေး အကူအညီတွေနဲ့ သူ များနယ်တွေကို လုတာ၊ အနိုင်ကျင့်တာတွေ လုပ်ချင်တိုင်းလုပ်တာ ဖြစ်လာပါတယ်။ တလောကမှ အပြောင်း အလဲလို့ ကြွေးကြော်ပြီး တက်လာတဲ့ အိုဘားမားနဲ့ သူ့အစိုးရဟာ အစ္စရေးက ဂါဇာက အရပ်သားတွေကို ဒါ လောက် ရက်ရက်စက်စက်သတ်ဖြတ်နေတာတောင် တခွန်းမဟန့်တဲ့အပြင် ပါလက်စတိုင်းတွေရဲ့အပြစ်လို့ ပြောတာကိုကြည့်ရင် ထင်ရှားပါတယ်။

ဒါကြောင့် ပါလက်စတိုင်းတွေ (မူဆလင်တွေ) ဖက်ကကြည့်ရင် ဒါဟာ သူတို့မြေကို အလုခံရလို့ ပြန်တိုက်နေ တာဖြစ်ပါတယ်။ ဟာမာ့ဇ်တွေက ဂျူးတွေကို ဒုံးပျံနဲ့ လှမ်းပစ်တယ်ဆိုတာဟာ စစ်တောင်းမြစ်တဖက်ကမ်းက ဂျပန်ဖက်ဆစ်တပ်တွေကို ဗမာ့မျိုးချစ်ပျောက်ကြားတပ်တွေက ဒီဖက်ကမ်းကနေ မော်တာနဲ့ လှမ်းထုတာနဲ့ တူပါတယ်။ ဖြစ်နေတာတွေအားလုံးဟာ ပါလက်စတိုင်းတွေရဲ့ မြေပေါ်မှာပါ။

တကယ်က လူ့ယဉ်ကျေးမှုသမိုင်း အင်မတန်ရှည်ကြာခဲ့တဲ့ အရှေ့အလယ်ပိုင်းဒေသမှာ အင်မတန်ရှုပ်ထွေးတဲ့ သမိုင်းနောက်ခံတွေ ရှိပါတယ်။ ဒါတွေကို ဖြေရှင်းဖို့ဆိုရင် အင်အားကြီးနိုင်ငံတွေရဲ့ စွက်ဖက်မှုမပါဘဲ စားပွဲ ပေါ်မှာ အချိန်ယူပြီး မျက်နှာစုံညီ ဖြေရှင်းမှသာ ပြေလည်မှာဖြစ်ပါတယ်။



REF: ငုရင်ပြင်

0 comments:

အပေါ်သို့