Tuesday, 10 February 2009
အပစ်ရပ် အဖွဲ့တခုဖြစ်သော ဝ တိုင်းရင်းသား လက်နက်ကိုင်အဖွဲ့နှင့် စစ်အစိုးရအကြား တင်းမာမှု ဖြစ်ပွားနေ သည်ဟု နယ်စပ် သတင်းရပ်ကွက်များက ဆိုသည်။
ဝ ပြည် သွေးစည်းညီညွတ်ရေး တပ်မတော် (UWSA) ထိန်းချုပ်ရာ ဒေသအနီးတွင် ပြီးခဲ့သည့် လလယ်ပိုင်းမှ စတင်၍ စုစုပေါင်း စစ်သားအင်အား ၂ဝဝဝ ခန့်ပါဝင်သည့် တပ်များ ဖြန့်ချထားသည်ဟု သိရကြောင်း ထိုင်း နိုင်ငံ ချင်းမိုင်မြို့အခြေစိုက် သျှမ်းသံတော်ဆင့် သတင်းဌာန လက်ထောက်အယ်ဒီတာ ဦးစိန်ကြည်က ပြောပြ သည်။
“သိန္နီ၊ မိုင်းရှူး၊ တန့်ယန်း၊ လားရှိုး အခြေစိုက် ဒေသတွင်း အခြေစိုက်တပ်တွေနဲ့ အင်အားဖြည့်တာ”ဟု ဦးစိန်ကြည်က ဧရာဝတီသို့ ပြောပြသည်။
ယခုနှစ်ဆန်းပိုင်းမှစပြီး UWSA က ၎င်း ထိန်းချုပ်ရာဒေသကို “မြန်မာနိုင်ငံတော် ဝ ပြည်နယ် အစိုးရ အထူး အုပ်ချုပ်ရေးဒေသ” ဟု စတင်သုံးစွဲခဲ့ခြင်း၊ ပြီးခဲ့သည့် လကုန်ပိုင်းက ရန်ကုန်ဆိပ်ကမ်းရှိ ကုန်တင်သင်္ဘော တစီးပေါ်မှ ဖမ်းဆီးရမိသည့် မူးယစ်ဆေးများနှင့် ဆက်နွယ်သူဟု ယူဆရသူတဦးကို UWSA က အကာ အကွယ်ပေးထားခြင်းတို့ကြောင့် စစ်အစိုးရက မကျေမနပ်ဖြစ်ပြီး ထိုသို့ တပ်များ ဖြန့်ချထားခြင်းဖြစ်နိုင်သည် ဟု ဦးစိန်ကြည်က ရှင်းပြသည်။
UWSA က အကာအကွယ်ပေးထားသည့် စီးပွားရေးလုပ်ငန်းရှင်မှာ ဦးအိုက်ဟော့ဖြစ်ပြီး UWSA ခေါင်းဆောင် ဦးပေါက်ယူချန်း၏ သားမက်တော်စပ်သည်ဟု သိရသည်။
တရုတ်မြန်မာနယ်စပ်မှ မြန်မာ့အရေးလေ့လာသူ ဦးအောင်ကျော်ဇောကလည်း UWSA ၏ ဝ ပြည်နယ် အစိုး ရ အထူးအုပ်ချုပ်ရေးဒေသဟူသော အသုံးအနှုန်းကြောင့် စစ်အစိုးရနှင့် ဆက်ဆံရေး တင်းမာနေကြောင်း ဧရာဝတီကို ပြောပြသည်။
ဝ တပ်ဖွဲ့သည် ၁၉၈၉ ခုနှစ်တွင် ဗမာပြည်ကွန်မြူနစ်ပါတီမှ ခွဲထွက်ပြီး စစ်အစိုးရနှင့် အပစ်အခတ်ရပ်စဲရေး သဘောတူညီချက် ရယူခဲ့သည်။ အထူးဒေသ အမှတ် - ၂ အဖြစ် စစ်အစိုးရ သတ်မှတ်ပေးသော ရှမ်းပြည် နယ် အရှေ့ပိုင်းဒေသတွင် UWSA တပ်ဖွဲ့များ လှုပ်ရှားနေသည်။
ဇာနည်ဝင်း
REF: ဧရာဝတီ
0 comments:
Post a Comment