Thursday, 05 February 2009 16:21
၂၀၀၉ ခုနှစ် အတွင်းမှာ မြန်မာပြည်အနေနှင့် အကောင်းဘက်ကို ဦးတည်သော ပြောင်းလဲမှုများ ကြုံတွေ့နိုင် ပါ့မလား။ ထိုမေးခွန်းကို ထောင်တန်သည့် မေးခွန်းဟု ဆိုရပါလိမ့်မည်။ သို့ရာတွင် ထိုမေးခွန်း၏ အဖြေကို မည်သူတဦး တယောက်ကမှ သေသေချာချာ အဖြေမပေးနိုင်ခဲ့။ ရင်းနှီးသော မိတ်ဆွေ မြန်မာ ဂျာနယ်လစ် တဦး ထိုင်းနိုင်ငံသို့ လာလည်စဉ် “မြန်မာပြည် အခြေအနေ ဘယ်လိုလဲ” ဟူ၍ မေးကြည့်မိရာ “အခုထိတော့ ဆိုးနေတုန်းပဲ” ဟု အဖြေပေးခဲ့သည်။ အမှန်တကယ် ဆိုရလျှင် မြန်မာပြည်ကြီးသည် အချိန်မရွေး ထပေါက်ကွဲနိုင်သော ယမ်းအိုးကြီးပင် ဖြစ်ပါ သည်။ လွန်ခဲ့သည့် နှစ် ၅၀ နီးပါးကျင့်သုံးခဲ့သော ဖိနှိပ်ချုပ်ချယ်မှုများ၊ ကြီးမားသည့် ကြိုးနီဗျူရိုကရေစီ ယန္တရာများက မကောင်းမှု အစုအပုံကြီး ဖြစ်နေပေပြီ။ ယင်း မကောင်းမှုအစုအပုံကြီးအောက်တွင် မြန်မာ ပြည်သူလူထု၏ မကျေနပ်မှုများ၊ ဒေါသများက တအုံနွေးနွေးတောက်လောင်နေပြီး မည်သည့်အချိန်တွင် ထပေါက်ကွဲမည်ကို မည်သူ တဦးတယောက်ကမျှ မပြောနိုင်သည့် အနေအထား ဖြစ်နေသည်။
“အခုထိတော့ ဆိုးနေတုန်းပဲ” ဆိုသည့်စကားစုကို သူတို့ သူငယ်ချင်းချင်းဆုံတိုင်း သုံးဖြစ်ကြသည်ဟုဆို၏။ ထိုစကားကို ကြားကြားချင်းမှာတော့ ရယ်စရာ ကောင်းနေသလိုပင်။ သို့သော် လက်ရှိ မြန်မာပြည်၏ အခြေ အနေမှန်ကို ထိုစကားစုက သရုပ်ဖော်ပြနေသည်ဟု ခံစားမိလာသည်။ အမှန်တကယ် စိတ်ထိခိုက်စရာလည်း ကောင်းလှ၏။ ယနေ့ မြန်မာပြည်တွင် ဖြစ်ပျက်နေသမျှကို ဆန်းစစ်ကြည့်လျှင် သူပြောသည့် စကားက မှန်နေ ဆဲပဲဖြစ်သည်။
ကာလရှည်ကြာစွာ ဆိုးရွားလှသည့် စစ်အစိုးရ၏ စနစ်နှင့် ဟောင်းနွမ်းဆွေးမြေ့ စိတ်ပျက်ဖွယ် ကောင်းသော အတိုက်အခံတို့၏ ခေါင်းဆောင်မှုများ၊ ထိရောက်မှုမရှိသော မူဝါဒများက မြန်မာ့ လူမှုဝန်းကျင်တွင် ဆိုးဆိုး ရွားရွား အမြစ်တွယ်နေသည် မဟုတ်ပါလား။
လူသစ်၊ စိတ်သစ် အတွေးအခေါ်သစ်များနှင့်အတူ မွေးဖွားလာမည့် အားကောင်းလှသော ထိရောက်မှုရှိသည့် ဒီမိုကရေစီ လှုပ်ရှားမှုများ ဘယ်ဆီရောက်နေပါသနည်း။ နှစ်ပေါင်း ၅၀ နီးပါး ဖိနှိပ်မှုများအောက်တွင် အသား ကျခဲ့ရသည့် မြန်မာပြည်သူလူထုအတွက် အပြောင်းအလဲတခု ဖြစ်ရန်ဆိုပါလျှင် မည်သည့်အရာဟု အမည် မတပ်နိုင်သော အံ့သြဖွယ်ရာ ဖြစ်ရပ်ဆန်းတခု ရုတ်ချည်း ထဖြစ်ဖို့တော့ လိုပေလိမ့်မည်။
မမျှော်လင့်ထားသည့် ဖြစ်ရပ်ဆန်းများ ဖြစ်ခဲ့ဖူးသော သာဓကတို့ အထင်အရှား ရှိခဲ့ပါသည်။ ဥပမာ - ရွှေဝါရောင်တော်လှန်ရေး၊ နာဂစ်ဆိုင်ကလုန်း။ ထိုအရာများဖြစ်လိမ့်မည်ဟု မည်သူကမျှ ကြိုမသိခဲ့။ ထို့အတူ စစ်အစိုးရ ထိပ်ပိုင်း ခေါင်းဆောင်များကြားတွင်ကော မထင်မှတ်သည့် ကိစ္စရပ်များ ဖြစ်မလာဟု မည်သူကမျှ အတပ်ပြောနိုင်မည် မထင်။
၁၉၈၈ ခုနှစ်မတိုင်မီက ဆိုလျှင် ဝါရင့် နိုင်ငံရေးသမားကြီးများပင် ပြည်လုံးကျွတ် လှုပ်ရှား ဆန္ဒပြမှုကြီး ဖြစ် လာလိမ့်မည်ဟု မသိခဲ့ကြ။ ထိုအရေးတော်ပုံက ၂၆ နှစ်လုံးလုံး အုပ်စိုးခဲ့သည့် ဦးနေဝင်းအစိုးရကို အပြုတ် ဖြုတ် နိုင်လောက်အောင် ကြီးမားခဲ့သည်။ မြန်မာပြည်သူတို့၏ ဆင်းရဲမှု၊ နိုင်ငံရေးအရ ဖိနှိပ်ခံရမှုတို့ တဖြည်း ဖြည်း စုပုံလာခဲ့ရာက မခံနိုင်သည့်အဆုံး ပွင့်ထွက်ပေါက်ကွဲပြီး ၁၉၈၈ ခုနှစ် အရေးတော်ပုံကြီး ဖြစ်ပွားခဲ့ရ သည်ကို မြန်မာပြည်သူတိုင်း အသိပဲဖြစ်သည်။
ယခုအခြေအနေက ထိုစဉ်အခါတုန်းကထက် ပိုမိုဆိုးရွားသည့် အနေအထားဖြစ်သည်ဟု မိတ်ဆွေ ဂျာနယ် လစ်က ပြောပြသည်။ နိုင်ငံရေးအရ ဆိုလျှင်လည်း တိုင်းပြည်က စစ်ဖိနပ်အောက်တွင်ပင် ရှိနေသေးသည်။ ဒီမိုကရေစီနှင့် လွတ်လပ်မှုကို ပြည်သူလူထုက ငံ့လင့်စောင့်ဆိုင်းနေရဆဲ ဖြစ်သည့်အပြင် တိုင်းရင်းသား အချင်းချင်းလည်း ညီညွတ်မှုမရှိ။ ပို၍ဆိုးရွားသည်က စီးပွားရေးအခြေအနေ ဆိုးသည်ထက် အဆိုးဆုံး အခြေအနေကို ရင်ဆိုင်နေရခြင်းဖြစ်သည်။
စစ်အစိုးရ၏ လမ်းပြမြေပုံအတိုင်း ကျင်းပမည်ဟု ကြွေးကြော်ထားသော ၂၀၁၀ ပြည့်နှစ် ရွေးကောက်ပွဲ မတိုင် မီ ၂၀၀၉ ခုနှစ် အတွင်းတွင်ပင် မည်သူ တဦးတယောက်မှ မထင်မှတ်ထားသည့် ကိစ္စရပ်များ ဖြစ်လာနိုင် သေးသည်။ ထို့အတွက် နိုင်ငံရေး အဖွဲ့အစည်း အသီးသီးနှင့် နိုင်ငံတကာ အသိုင်းအဝန်းက မျှော်လင့်တကြီး ပြင်ဆင်ထားသင့်သည်ဟု မြင်ပါသည်။
လက်ရှိအနေအထားတွင်မူ ၂၀၀၉ နှစ်သစ်နှင့်အတူ လူသစ်၊ စိတ်သစ်၊ ဆုံးဖြတ်ချက် အသစ်များနှင့် ဆက် လက် လျှောက်လှမ်းနေသင့်သည်။ ၂၀၀၉ နှစ်သစ်သို့ အဝင်ကာလက မြန်မာပြည်မှ ထင်ရှားသူတချို့ကို နှစ် သစ် သံန္နိဌာန် မည်သို့ချမှတ်ကြောင်း ဧရာဝတီမဂ္ဂဇင်းက မေးခဲ့ပါသည်။
“အခြေအနေတွေဟာ ကျနော့်အမြင်အရ ဘာမှ ပြောင်းလဲဖို့ မရှိလှဘူး” ဟု ထင်ရှားသည့် ဂျာနယ်လစ်တဦး ဖြစ်ခဲ့သူ ဦးဝင်တင်က ညည်းညူသည်။ “အစိုးရကလည်း အပြောင်းအလဲတွေ လုပ်ပေးမယ်လို့ သိပ်မထင်ဘူး၊ အဲဒါကြောင့် ကျနော့်ရဲ့ လာမယ့် နှစ်သစ်အတွက် ဆုံးဖြတ်ချက်ကတော့ ကျနော်ဟာ ဖြစ်တဲ့နည်းနဲ့ ဒီမို ကရေစီရေးအတွက်၊ တိုင်းပြည် တခုလုံး လွတ်လွတ်လပ်လပ် ရှိရေးအတွက် ငါဟာ အများကြီး အလုပ် လုပ် ရမှာပါလား၊ လူတွေနဲ့ အများကြီး လက်တွဲ သွားရဦးမှာပါလား၊ ဒီမိုကရေစီ အင်အားစုတွေဘက်က ရပ်တည် သွားရမှာပါလား ဆိုပြီးတော့ ဒီမိုကရေစီရေးအတွက် ပိုပြီး အလုပ်လုပ်ရမယ်လို့ ဆုံးဖြတ်ချက် ချထားပါတယ်” ဟု သူ၏ နှစ်သစ်သံန္နိဌာန်ကို ဆက်လက် ပြောပြသည်။
၁၉၈၈ ခုနှစ် ပြည်လုံးကျွတ် ဆန္ဒပြမှုကြီး အပြီးတွင် အဖမ်းခံခဲ့ရ၍ ၁၉ နှစ်တာ ထောင်ထဲတွင် နေခဲ့ရသော ဦးဝင်းတင်ထံမှ အထက်ပါအတိုင်း ကြားရသည့်အတွက် အားတက်အံ့သြမိသည်။
မြန်မာပြည်၏ ရော့ခ်ကြယ်တပွင့်ဖြစ်သော ဇော်ဝင်းထွဋ်ကတော့ “၂၀၀၉ မှာ တပြည်လုံး ပတ်ပြီး သီချင်းဆို မယ်။ ၇ ပတ် အတွင်းမှာ မူဆယ်၊ လားရှိုး၊ မုံရွာ၊ ရွှေဘို၊ ရေဦး၊ မန္တလေး ၆ မြို့ လောက် ဆိုပြီးပြီ။ ရေဦးဆိုရင် ခရီးက တော်တော်လေးလည်း သွားရတယ်။ အဲဒီက လူတွေကလည်း စတိတ်ရှိုး တခါမှ မကြည့်ဖူးဘူး။ တအား ပျော်ကြတာပေါ့။ သူတို့ ပျော်တာ ကြည့်တာနဲ့ကို သွားရတာ တန်ပါတယ်။ အနည်းဆုံး ၂၅ မြို့ ကို ပတ်ဆိုဖို့ ရှိတယ်။ ရည်ရွယ်ချက်ကတော့ တပြည်လုံးမှာရှိတဲ့ လူတွေကို စိတ်ချမ်း သာအောင်၊ ပျော်အောင် ပေါ့။ အဲဒီမှာမှ လူတွေကို ဘာအကူအညီ ပေးရမလဲပေါ့” ဟု ပြောခဲ့သည်။
ဇော်ဝင်းထွဋ်ပြောသွားသည့် သံန္နိဌာန်ထဲတွင် နိုင်ငံရေးနှင့် ပတ်သက်သည့် ကိစ္စ မပါဝင်သော်လည်း အလွန် ရိုးစင်းပြီး အခြေခံကျလှသည်။ သူက တပြည်လုံးက ပြည်သူများကို စိတ်ချမ်းသာအောင်၊ ပျော်အောင် စွမ်းဆောင်ပေးလိုသူဖြစ်သည်။ ပြည်သူများထံသို့ ပျော်ရွှင်မှုများ ဆောင်ကျဉ်းပေးလိုသူ ဖြစ်သည်။
HIV/ AIDS ဝေဒနာရှင်များကို အကူအညီပေးနေသော မဖြူဖြူသင်းကလည်း သူ့လုပ်ဆောင်ချက်များကို တပြည်လုံး အတိုင်းအတာအထိ ပျံ့နှံ့ချင်သည်ဟု ဆိုသည်။
“မြန်မာပြည်မှာ HIV/AIDS ရောဂါ ဝေဒနာ ခံစားနေရသူတွေ အားလုံးကို မြန်မြန်ဆန်ဆန် အေအာရ်ဗီ ဆေးဝါး ရရှိဖို့နဲ့ ဒီအခု လုပ်နေတာထက် ပိုပြီးတော့ လုပ်ဆောင်သွားမယ်” ဟု မဖြူဖြူသင်းက သူ့ နှစ်သစ် သံန္နိဌာန်ကို ပြောပြသည်။
သူ၏ ဆုံးဖြတ်ချက်က မြန်မာပြည်တွင်းရှိ ၂၄၀၀၀၀ သော HIV/AIDS ဝေဒနာသည်များအနက် အေအာရ်ဗီ ဆေးမရသည့် ဝေဒနာသည် ၇၆၀၀၀ အတွက်တော့ အတိုင်းအတာတခုအထိ အကျိုးရှိမှာ သေချာပါသည်။
ထိုင်းနိုင်ငံရောက် ရွှေ့ပြောင်းအလုပ်သမားများ၏ ပြဿနာများကို ရှေ့တန်းမှ ကူညီဖြေရှင်းပေးနေသည့် ကိုမိုးဆွေကမူ “အလုပ်သမားထုကို ကိုယ်စားပြုတဲ့ လူတယောက်ဖြစ်အောင် ဆက်ပြီး ကြိုးစားမယ်။ အလုပ် သမား လောကမှာပဲ ဖြစ်ဖြစ်၊ နိုင်ငံရေးနယ်မှာပဲ ဖြစ်ဖြစ်၊ အန်ဂျီအို အဖွဲ့တွေမှာပဲ ဖြစ်ဖြစ် မတရား အမြတ် ထုတ် ခေါင်းပုံဖြတ်နေတာတွေကို ဆက်ပြီး ဖော်ထုတ်သွားမယ်” ဟု ပြောသည်။
သူတို့အားလုံး၏ နှစ်သစ်သံန္နိဌာန်များကား စိတ်အားတက်ကြွဖွယ် ကောင်းလှသည်။ ယခုဖော်ပြသည်က အနည်းစုသာ ရှိသေး၏။ ပြောသွားသမျှသော သံန္နိဌာန်များကို အားလုံးကသာ ပြောသည့်အတိုင်း အကောင် အထည်ဖော်နိုင်မည်ဆိုလျှင်၊ လူတိုင်းလူတိုင်းကသာ ဆုံးဖြတ်ချက်များအတိုင်း လုပ်ဆောင်ကြမည် ဆိုပါလျှင် မြန်မာ့ လူ့အဖွဲ့အစည်းရှိ ကဏ္ဍအသီးသီးအတွက် အလားအလာကောင်းများ မြင်တွေ့ရလိမ့်မည်ဟု ယုံကြည် ပါသည်။
သို့ရာတွင် မြန်မာပြည်၏ အဓိကပြဿနာက နိုင်ငံရေး ပြဿနာဖြစ်သည်။ အဖိနှိပ်ခံ ပြည်သူများနှင့် ဖိနှိပ်သူ တို့၏ တိုက်ပွဲဟု ဆိုရလျှင်လည်း မှားမည်မထင်။ ငြိမ်းချမ်းသည့် အမျိုးသား ပြန်လည်သင့်မြတ်ရေးသည်သာ လျှင် ပြေလည်ရေးအတွက် အသင့်လျှော်ဆုံး တခုတည်းသော နည်းလမ်း ဖြစ်သည်။ သို့သော် ခေါင်းမာလှသော စစ်ခေါင်းဆောင်များက ပိတ်ဆို့ကာဆီးနေသဖြင့် လိုရာလမ်းကို မရောက်နိုင်ဘဲ ဖြစ်နေ သည်။
လတ်တလော စစ်အစိုးရ ပြုတ်ကျရမည်၊ အမြစ်ကလှန်လိုက်သည့် အပြောင်းအလဲတရပ် ရုတ်တရက် ဖြစ် ပေါ်လာရမည် ဆိုသည်ကတော့ အခြေခံကျကျ လက်တွေ့ကျသည့် မျှော်လင့်ချက် မဖြစ်နိုင်ပါ။
သို့သော် အနည်းဆုံးတော့ မြန်မာပြည်နိုင်ငံရေးနှင့် ပတ်သက်နေသူအားလုံး အခြေခံကျကျ လက်တွေ့ကျ သော သံန္နိဌာန်တရပ် ချမှတ်သင့်သည်။ ၎င်းမှာ ၂၀၀၉ ခုနှစ်အတွင်း ဒေါ်အောင်ဆန်းစုကြည် အပါအဝင် နိုင်ငံရေး အကျဉ်းသားအားလုံး လွတ်မြောက်စေရမည်ဟူသည့် သံန္နိဌာန် ဖြစ်သည်။ ထိုသံန္နိဌာန်က လက်ရှိဖြစ်ပေါ် နေသော နိုင်ငံရေး အကြပ်အတည်းကြီး ရပ်တံ့သွားစေဖို့ မရှိမဖြစ် ပထမဆုံး ချမှတ်သင့်သည့် ဆုံးဖြတ်ချက်ဖြစ်သည်။
၂၀၀၈ ကုန်ခါနီးက ကုလသမဂ္ဂ အထွေထွေအတွင်းရေးမှူးချုပ် မစ္စတာ ဘန်ကီမွန်း ကမ္ဘာ့ကုလသမဂ္ဂ ဌာနချုပ်တွင် ပြောခဲ့သော မိန့်ခွန်းထဲ၌ “နိုင်ငံရေးအကျဉ်းသားတွေကို လွှတ်ဖို့၊ တွေ့ဆုံဆွေးနွေးဖို့ မြန်မာ အစိုးရက ဆန္ဒမရှိတာကို စိတ်ပျက်မိတယ်” ဟု ပါရှိသည်။
မစ္စတာဘန်ကီမွန်းသည် မြန်မာပြည်သို့ ၂၀၀၈ ဒီဇင်ဘာအတွင်း သွားရောက်ရန် စီစဉ်ထားသည့် ခရီးစဉ်ကို ရွှေ့ဆိုင်းခဲ့သည်။ သူက ဒေါ်အောင်ဆန်းစုကြည် အပါအဝင် နိုင်ငံရေးအကျဉ်းသားများကို လွှတ်ပေးမည်ဆို သည့် သေချာသော အကျိုးရလဒ်ရမှသာ မြန်မာပြည်သို့ သွားလိုသည်ဟု ဆိုသည်။
မြန်မာပြည်၏ အခြေအနေအရပ်ရပ်ကို ကြည့်လိုက်လျှင် စိတ်ပျက်စရာ အတိဖြစ်နေသည်မှာ တကယ်တမ်း တော့ မဆန်းလှ။ သို့သော် ၂၀၀၉ ခုနှစ်အတွင်းတွင်တော့ စိတ်ပျက်ဖွယ်အခြေအနေများကို လက်မြှောက်အရှုံးပေးလို့ မဖြစ်။ ယူအန်ခေါင်းဆောင် တဦးဖြစ်သည့် မစ္စတာ ဘန်ကီမွန်း အနေနှင့်လည်း မြန်မာပြည်အတွက် ပိုမိုထိရောက် ပြတ်သားသော နည်းလမ်းများကို ရှာဖွေလုပ်ဆောင်ရပေလိမ့်မည်။
“အခုထိတော့ ဆိုးနေတုန်းပဲ” ဆိုသည့်စကားက ယခုချိန်ထိ မှန်နေဆဲဖြစ်သည်။ သို့သော် လူတိုင်း လူတိုင်းကသာ ခိုင်မာသည့် သံန္နိဌာန်များနှင့် ကြိုးစားအားထုတ်ကြမည် ဆိုပါလျှင် မြန်မာနိုင်ငံအနေနှင့် ၂၀၀၉ ခုနှစ်အတွင်း အတိုင်းအတာတခုထိ အပြောင်းအလဲ တစုံတရာ ဖြစ်ကာ အောင်မြင်မှုများ ရလာပါလိမ့်မည်။
“မတည်မြဲခြင်းသည်သာ တခုတည်းသော တည်မြဲခြင်းဖြစ်သည်” ဟူသည့် ဗုဒ္ဓ၏ အခြေခံကျသော အဘိဓမ္မာ တရပ်က ယခုအချိန်ထိ စကြာဝဠာကြီးတခုလုံးကို လွှမ်းမိုးထားဆဲ ဖြစ်သည်။ ထို့ကြောင့် “အခုထိတော့ ဆိုးနေတုန်းပဲ” ဆိုသော စကားစုသည်လည်း အစဉ် တည်မြဲနိုင်လိမ့်မည် မဟုတ်ပါ။
အမြဲရှိတဲ့ မမြဲခြင်းတရား - ကျော်စွာမိုးကျော်စွာမိုးရေးသော “So far, so bad” But nothing is Permanent ကို ဆီလျော်အောင် ပြန်ဆိုသည်။
Reh:
0 comments:
Post a Comment