ကြာသပတေးနေ့၊ ဖေဖေါ်ဝါရီလ 19 2009
ချင်းမိုင် (မဇ္ဈိမ)။ ။ နအဖ တပ်ဖွဲ့နှင့် UWSA မြောက်ပိုင်းစစ်ဒေသ လက်အောက်ခံ တပ်ဖွဲ့ဝင်များ ယခုလ ပထမအပတ်အတွင်း တိုက်ပွဲဖြစ်ခဲ့ကြောင်း ထိုင်း-မြန်မာ နယ်စပ်အခြေစိုက် သျှမ်းသံတော်ဆင့် သတင်းဌာန အဆိုအရ သိရသည်။ "ခန့်မှန်းကြည့်တာ ရင်ဆိုင်တိုက်ပွဲပဲ။ အရင်က နအဖ ထိုင်ဖူးတဲ့ တောင်ကုန်း ၂-၃ ကို ၂ နှစ်ကျော်ကတည်းက နအဖ က ဒီအတိုင်း ပစ်ထားပြီးတော့ ဆုတ်ပေးလိုက်တယ်။ လွန်ခဲ့တဲ့ လပိုင်းလောက်မှ အဲဒီ စခန်းဟောင်းမှာ ဝတပ်က ပြန်လာထိုင်တယ်။ အဲဒါ နအဖ ဘက်က နယ်မြေကျူးကျော်တယ်ပြောပြီး သူတို့ကို ဆုတ်ခိုင်းတာ အရေးမစိုက်ဘူး။ အဲဒီတော့ စကားများ ရန်ဖြစ်တာကနေ ပစ်ကြခတ်ကြတယ်တဲ့" ဟု သူက ဆိုသည်။
ဝပြည် သွေးစည်းညီညွတ်ရေး - UWSA ၏ မြောက်ပိုင်း စစ်ဒေသအတွင်းက နှစ်ဖက် ပစ်ခတ်မှုဖြစ်ပွားသည့်နေရာမှာ သံလွင်အရှေ့ဘက် ကွန်လုံခရိုင်၊ ပန်ယောင်နယ်မြေ၌ ဖြစ်ပြီး ထိန်းချုပ်နယ်မြေ သူပိုင်ကိုယ်ပိုင် အငြင်းပွား စကားများရာမှ ယခုလို ပေါ်ပေါက်လာကြောင်း သိရခြင်းဖြစ်သည်။
"ရက်စွဲအတိအကျ အခုထိ မေးလို့ မရသေးဘူး။ ဟုန်ပန်မြို့နယ် ဟုန်ပန်မြို့ရဲ့ တောင်ဘက် မိုင် ၂၀ လောက်၊ ဟုန်ပန်မြို့နဲ့ ပန်လုံမြို့ငယ်ကြားက ပန်ယောင်ဆိုတဲ့နေရာ အနီးအနားမှာ ဖြစ်တာ။ နအဖ ရဲ့ တပ်နံပါတ် မသိဘူး။ နအဖ ဘက်က အင်အားကတော့ ၁၀၀ ပတ်ဝန်းကျင်ပေါ့။ ဝ မြောက်ပိုင်း စစ်ဒေသ လက်အောက်က ဝ တပ်ဖွဲ့နဲ့ပေါ့။ အကျအဆုံး ဘယ်လောက်ရှိတယ် ဆိုတာလည်း မသိရသေးဘူး" ဟု သျှမ်းသံတော်ဆင့်မှ လက်ထောက်အယ်ဒီတာ ဦးစိန်ကြည်က မဇ္ဈိမကို ပြောသည်။
နှစ်ဖက်ထိန်းချုပ်သည့် ပန်ယောင်နယ်မြေ၌ နအဖ တပ်များ ပြန်ဆုတ်သွားခဲ့သည့် တောင်ကုန်းအချို့ကို ဝ တပ်ဖွဲ့များက ယခင်လ၌ ဝင်ရောက်နေရာယူ တပ်စွဲခဲ့သဖြင့် နအဖ တပ်များက ပြန်ဆုတ်ပေးရန် ဝ တပ်ဖွဲ့များကို ပြောဆိုသတိပေးရာမှ စကားများကာ ပစ်ခတ်မှု ဖြစ်ပွားရခြင်း ဖြစ်သည်။
ထို့အပြင် မြန်မာစစ်တပ်က ယခင် တနှစ်ကျော်ခန့်ကတည်းက ၁၅ဝ မမ ဟောင်ဝစ်ဇာ အမြောက် ၁၅ လက်ခန့် ပို့ထားပြီးဖြစ်သည့် UWSA တောင်ပိုင်း တပ်ဖွဲ့များရှိရာ မိုင်းဆတ်ခရိုင်မှ မိုင်းဆတ်မြို့သို့ လက်နက်ကြီးများ ထပ်မံပေးပို့ အင်အား ဖြည့်နေကြောင်းလည်း ဦးစိန်ကြည်က ပြောသည်။
"မိုင်းဆတ်ခရိုင် စကခ (စစ်ဆင်ရေးနှင့် ကွပ်ကဲရေးဌာနချုပ်) ထိုင်တယ်။ မိုင်းဆတ်မြို့ထဲကို အရင် တနှစ်ကျော်ကတည်းက တောင်ပစ် အမြောက်ပေါ့၊ ဟောင်ဝစ်ဇာ ၁၅ဝ မမ ၁၅ လက်လောက် ပို့ထားတယ်။ လွန်ခဲ့တဲ့လ ၂၅ ရက် လောက်တုန်းက နောက်ထပ် အသစ် ရောက်လာတယ်။ အငယ်စား။ တချို့ပြောတာ ၇၆ မမ၊ တချို့ပြောတာ ၈ဝ-၈၅ မမ။ အတိအကျကတော့ confirm လို့ မရသေးဘူး။ အလက် ၄ဝ လောက် ရောက်လာတယ်။ ဝ တောင်ပိုင်း ၁၇၁ စစ်ဒေသထဲက နေရာတချို့မှာ အင်အားလိုက်ပြတယ် ကြားတယ်'' ဟု သူက ပြောသည်။
ယခု သတင်းများနှင့် ပတ်သက်ပြီး မဇ္ဈိမအနေဖြင့် သီးခြား အတည်ပြုနိုင်ခြင်း မရှိသေးပါ။
ဦးစိန်ကြည်ကမူ နအဖ တပ်များသည် ဝ တောင်ပိုင်း စစ်ဒေသအတွင်း၌သာမက အပစ်ရပ် NDAA မိုင်းလားအဖွဲ့ဘက်သို့လည်း မကွေး အခြေစိုက် တပ်မ ၈၈ ၊ အင်းမအခြေစိုက် တပ်မ ၆၆ မှ တပ်ဖွဲ့ဝင်များကို အင်အားဖြည့်တင်းရန် စေလွှတ်နေသည်ဟု သတင်းများ ရရှိထားကြောင်း ပြောသည်။
ထို့အပြင် ယခုလ ၇ ရက်နေ့က ကျရောက်ခဲ့သော ရှမ်းပြည် အမျိုးသားနေ့တွင် မိုင်းလားအဖွဲ့အား အထူးဒေသ ၄ အစား NDAA-ESS (National Democratic Alliance Army-Eastern Shan State) ဟု သုံးစွဲသွားမည်ဟု မိုင်းလားဗဟိုဌာနချုပ်၌ အစည်းအဝေးလုပ် ဆုံးဖြတ်ခဲ့ကြောင်းလည်း သူက ပြောသည်။
ကိုဝိုင်း
REF: မဇ္ဈိမ
















































0 comments:
Post a Comment