Friday, February 20, 2009

အမေရိကန်ပေါ်လစီသစ်နှင့် မြန်မာနိုင်ငံ (သုံးသပ်ချက်)

၁၉ ဖေဖော်ဝါရီ ၂၀၀၉


မြန်မာစစ်အစိုးရအပေါ် အမေရိကန် စီးပွားရေးဒဏ်ခတ်မှု မအောင်မြင်ကြောင်း အမေရိကန် နိုင်ငံခြားရေးဝန်ကြီးက ပြောလိုက်သည့်အတွက် မြန်မာနိုင်ငံအပေါ် အမေရိကန်ပေါ်လစီ အပြောင်းအလဲ ဖြစ်ဖို့များသည်ဟု နိုင်ငံတကာသတင်းတွေက သုံးသပ်သည်။

သို့သော် မြန်မာနိုင်ငံအပေါ် စီးပွားရေးဒဏ်ခတ်ထားသည့်ဥပဒေကို ရုတ်သိမ်းမည် သို့မဟုတ် မည်သည့်ပေါ်လစီနှင့် အစားထိုးမည်ဆိုသည်ကိုမူ နိုင်ငံခြားရေးဝန်ကြီး မစ္စကလင်တန်က တိတိကျကျ ပြောမသွားပေ။

မြန်မာအရေး မည်သို့ဖြေရှင်းရမလဲ ဆိုသည့်ကိစ္စနှင့် ပတ်သက်ပြီး အင်ဒိုနီးရှားအစိုးရနှင့်လည်း တိုင်ပင်ဆွေနွေးနေကြောင်း မစ္စကလင်တန်က အင်ဒိုနီးရှား သတင်းစာရှင်းလင်းပွဲတခုတွင် ပြောကြားသည်။ သို့သော် စီးပွားရေးဒဏ်ခတ်မှုကို လျော့ပါးစေမည့်အချက်သည် အိုဘားမား အစိုးရ စဉ်းစားနေသည့်အထဲမှ တချက်ဖြစ်သည်ဆိုသည်ကိုမူ မစ္စကလင်တန်က ငြင်းဆိုခြင်း မရှိပေ။

“မြန်မာနိုင်ငံအပေါ် ကျမတို့ချမှတ်ခဲ့တဲ့ စီးပွားရေးဒဏ်ခတ်မှုက စစ်အစိုးရကို ပြောင်းလဲအောင် မလုပ်နိုင်ပါဘူး။ ဒါပေမဲ့ မြန်မာစစ်အစိုးရနဲ့ ဆက်ဆံဖို့ ကြိုးစားတဲ့ မြန်မာရဲ့ အိမ်နီးချင်း နိုင်ငံတွေသုံးတဲ့ ပေါ်လစီလဲ စစ်အစိုးရအပေါ် သြဇာမညောင်းခဲ့ပါဘူး” ဟု အမေရိကန် နိုင်ငံခြားရေးဝန်ကြီးက ပြောသည်။

သို့သော် အိုဘားမားအစိုးရဘက်က မြန်မာနိုင်ငံအပေါ် စီးပွားရေးဒဏ်ခတ်ထားမှုကို လျော့ပါးအောင်ကြိုးစားမှုမှန်သမျှ အမေရိကန်ကွန်ဂရက်မှာ အတိုက်အခံနှင့် ကြုံရနိုင်သည်ဟု ၀ါရှင်တန်ပိုစ်သတင်းစာကြီးက ထောက်ပြထားသည်။ လက်ရှိ အိုဘားမားအစိုးရ၏ ဒုသမ္မတ ဘိုင်ဒန်သည်ပင် မြန်မာကျောက်မျက်ဥပဒေ ဖြစ်ပေါ်ရေးအတွက် တချိန်ကတွန်းအားပေးခဲ့သူ ဖြစ်သည်။

သို့သော် ဘရပ်ဆဲအခြေစိုက် International Crisis Group ကဲ့သို့ သြဇာရှိသည့် လူမှုရေးကူညီမှုအဖွဲ့တွေကတော့ စီးပွားရေးဒဏ်ခတ်မှုပေါ်လစီကို မေးခွန်းထုတ်လာကြသည်။ လွန်ခဲ့သည့် အောက်တိုဘာလမှာ ထုတ်ပြန်ခဲ့သည့် ICG အစီရင်ခံစာအရဆိုလျှင် မြန်မာနိုင်ငံတွင်း လူမှုရေးအကူအညီများ ရောက်သင့်သလို အထည်ချုပ်လုပ်ငန်း၊ လယ်ယာလုပ်ငန်း၊ ငါးလုပ်ငန်းတွေအပေါ် တားမြစ်ချက်တွေ၊ ခရီးသွားလုပ်ငန်းအပေါ် ကန့်သတ်ချက်တွေ ရုတ်သိမ်းသင့်ပြီဟု ရေးထားသည်။

U.S Campaign for Burma အဖွဲ ညွှန်ကြားရေးမှူး Jeremy Woodrum မူ အိုဘားမားအစိုးရအနေနှင့် မြန်မာအစိုးရအပေါ် စီးပွားရေးဒဏ်ခတ်မှုကို မရုတ်သိမ်းသင့်ကြောင်း၊ ယင်းအစား ဗိုလ်ချုပ်မှူးကြီးသန်းရွှေအစိုးရ ပြည်သူတွေအပေါ် ကျူးလွန်နေသည့် ရာဇ၀တ်မှုများ ရပ်တန့်စေရန်အတွက် မြန်မာစစ်အစိုးရအား တကမ္ဘာလုံးက လက်နက်မရောင်းချရေး ပိတ်ဆို့မှုလုပ်သင့်ကြောင်း ပြောသည်။
စင်စစ် အမေရိကန် စီးပွားရေးဒဏ်ခတ်မှုသည် ရာသက်ပန်မဟုတ်။

မြန်မာနိုင်ငံရှိ ဒီမိုကရေစီနည်းကျကျ ရွေးကောက်တင်မြှောက်ထားသော အစိုးရဘက် အခြေအနေအရပ်ရပ်အပေါ်တွင် ဆောင်ရွက်မှုများ ပြည့်စုံနေပါပြီဟု မေတ္တာရပ်ခံလာခဲ့လျှင် ထိုပိတ်ဆို့မှု ဥပဒေပြဋ္ဌာန်းချက်များကို အမေရိကန်သမ္မတအနေဖြင့် ရုတ်သိမ်းနိုင်သည်။

ထိုဆောင်ရွက်မှုများထဲတွင် လူ့အခွင့်အရေးချိုးဖောက်မှုများ အဆုံးသတ်စေရေးအတွက် နအဖမှ ပြည့်ပြည့်စုံစုံ လုံလုံလောက်လောက် ဆောင်ရွက်ခြင်း၊ နိုင်ငံရေးအကျဉ်းသားများ လွှတ်ပေးပြီး ဒီမိုကရေစီ အစိုးရဖြစ်အောင် ဆောင်ရွက်ခြင်း၊ အရပ်သားအစိုးရအား အာဏာလွှဲပြောင်းပေးရန် အတွက် ဒီမိုကရေစီ အင်အားစုများနှင့် သဘောတူညီမှုတရပ် ရယူခြင်း၊ နိုင်ငံတကာမူးယစ်ဆေးဝါး တန်ပြန်နှိမ်နင်းမှု သဘောတူညီချက်ပါအချက်များကို လိုက်နာရန် ပျက်ကွက်ခဲ့သည့် နိုင်ငံစာရင်းမှ ပယ်ဖျက်ခြင်း စသည်တို့ ပါဝင်သည်။

အိုဘားမားအစိုးရ၏ နိုင်ငံခြားရေးပေါ်လစီကို သံတမန်နည်း၊ စစ်ရေးနည်း (၂) မျိုးလုံး အလျဉ်းသင့်သလို သုံးမည့် Smart Power ပေါ်လစီသုံးခြင်းဖြင့် အမေရိကန်၏ ဦးဆောင်မှုကို ပြန်ထိန်းနိုင်မည်ဟု ယုံကြည်ကြောင်း မစ္စဟီလာရီကလင်တန်က သန္နိဋ္ဌာန်ချထားသည်။ ထိုအချက်သည် မြန်မာနိုင်ငံအပေါ် စီးပွားရေးဒဏ်ခတ်မှုပေါ်လစီကို ပြန်သုံးသပ်မှုနှင့် တိုက်ရိုက်ပတ်သက်မှုရှိမရှိ အတိအကျ မသိရပေ။

၂၀၀၃ ခုနှစ် အီရတ်ကို အမေရိကန်သိမ်းပိုက်ပြီးနောက်ပိုင်းမှာ သံတမန်နည်း၊ စစ်ရေးနည်း (၂) မျိုးလုံး အလျဉ်းသင့်သလို သုံးသည့် Smart Power ဆိုသည့် စကားကို နိုင်ငံတကာ ဆက်ဆံရေးမှာ ထွင်သုံးလာကြသည်။ အစိုးရတရပ်က ယဉ်ကျေးမှုနည်း၊ အတွေးအခေါ်နည်း များဖြင့် သွယ်ဝိုက်ပြီး သြဇာသက်ရောက်ရန် ကြိုးပမ်းမှုများကို Soft Power ဟု သုံးပြီး စစ်ရေးနည်း၊ စီးပွားရေးနည်းတို့ဖြင့် သြဇာသက်ရောက်ရန် ကြိုးပမ်းမှုများကိုမူ Hard Power ဟု သုံးလေ့ရှိသည်။

ဟားဗတ်တက္ကသိုလ်မှ နိုင်ငံတကာဆက်ဆံရေး ပါမောက္ခ ဒေါက်တာ Joseph Nye ကမူ smart power ဆိုသည်မှာ soft power နှင့် hard power (၂) မျိုးပေါင်းစပ်ထားသည့် အောင်မြင်ရေးနည်းဗျူဟာ အရည်အသွေးဖြစ်သည်ဟု အဓိပ္ပာယ်ဖွင့်ဆိုထားသည်။

သမ္မတဟောင်း ဘွတ်ရှ်၏ ၂၀၀၅ ခုနှစ် ဒုတိယသက်တမ်း ဘိသိက်ခံပွဲတွင် ရက်စက်ကြမ်းကြုတ်သည့် ဖိနှိပ်ညှဉ်းပန်း အုပ်ချုပ်မှုဆိုသည့် စကားကို (၅) ကြိမ်သုံးခဲ့သည်။

ထိုအချိန်က ဟီလာရီကဲ့သို့ နိုင်ငံခြားရေးဝန်ကြီး ရာထူး လျာထားခံရသူ မစ္စကွန်ဒါလီဇာရိုက်စ်ကလည်း မြန်မာ၊ မြောက်ကိုရီးယား၊ ဇင်ဘာဘွေ၊ ဘယ်လာရုစ်၊ ကျူးဘားနှင့် အီရန် (၆) နိုင်ငံကို ရက်စက်ကြမ်းကြုတ်စွာ ဖိနှိပ်အုပ်ချုပ်မှု စိုးမိုးရာဒေသများ (Outposts of Tyranny) ဟု သုံးနှုန်းခဲ့သည်။

သဘောမှာ အဆိုပါ (၆) နိုင်ငံသည် အမေရိကန်အစိုးရ စောင့်ကြည့်ရမည့် နိုင်ငံများဖြစ်ပြီး ထို (၆) နိုင်ငံမှ ပြည်သူများ လွတ်မြောက်ရေးအတွက် အမေရိကန်အစိုးရမှာ တာဝန်ရှိသည်ဆိုသည့် ဓိပ္ပာယ်ဖြစ်ကြောင်း လန်ဒန် Independent သတင်းစာ ဆောင်းပါးရှင် Rupert Cornwell က ထောက်ပြခဲ့သည်။ ထိုအချိန်က မစ္စကွန်ဒါလီဇာရိုက်စ် ပြောသည့်စကားကို အမေရိကန်နိုင်ငံခြားရေးပေါ်လစီသစ်အဖြစ် ကမ္ဘာကလည်း မှတ်ယူခဲ့ကြသည်။

အစောပိုင်းကမူ အီရန်၊ အီရတ်နှင့် မြောက်ကိုရီးယား (၃) နိုင်ငံကို မိစ္ဆာအုပ်စုဝင်နိုင်ငံများ (Axis of Evil) ဆိုပြီး အမေရိကန်သမ္မတ ဘွတ်ရှ်က ကင်ပွန်းတပ်ခဲ့သည်။ သို့သော် အီရတ်ကို အမေရိကန်က ၀င်တိုက်ပြီးနောက်ပိုင်း မိစ္ဆာအုပ်စုဝင်နိုင်ငံများစာရင်းမှ အီရတ်ကို ပယ်ဖျက်ခဲ့သည်။

အိုဘားမား၏ သမ္မတ နန်းတက်ပွဲမိန့်ခွန်းမှာမူ သမ္မတဟောင်း ဘွတ်ရှ် ဒုတိယ နန်းတက်ပွဲ မိန့်ခွန်းကဲ့သို့ အာဏာရှင်နိုင်ငံများအပေါ် တိတိကျကျ ကြိမ်းဝါးမှုမရှိသည့်အတွက် ဟီလာရီကလင်တန်၏ smart power နိုင်ငံခြားရေးပေါ်လစီသည် မြန်မာစစ်အစိုးရနှင့် ဆက်ဆံရာတွင် ထိထိရောက်ရောက် ရှိပါ့မလားဆိုသည်မှာ စောင့်ကြည့်ရမည် ဖြစ်သည်။

သမ္မတ ဘွတ်ရှ်လက်ထက်က မြန်မာ့အရေး လုံခြုံရေးကောင်စီရောက်အောင် ကြိုးပမ်းခဲ့သည့် Soft power နည်း မအောင်မြင်ခဲ့မှု၊ အီရတ်နှင့် အာဖဂန်အရေးကို hard power နည်းသုံးပြီး မအောင်မြင်ခဲ့မှုတို့ကြောင့် ဟီလာရီကလင်တန်၏ smart power နိုင်ငံခြားရေးပေါ်လစီ သည်လည်း မြန်မာ့အရေးအတွက် အနာနှင့် ဆေးတည့်ပါ့မလားဆိုသည်မှာလည်း မသေချာပေ။



သတင်းထောက် ဟန်တင်အောင်
REF: ခေတ်ပြိုင်

0 comments:

အပေါ်သို့