Friday, February 20, 2009

နအဖ နှင့် ဝ ဆက်ဆံရေး ပုံမှန်ပါ (ဝ ပြောရေးဆိုခွင့် ရှိသူနှင့် အင်တာဗျူး)

အင်တာဗျူး မဇ္ဈိမသတင်းဌာန

ကြာသပတေးနေ့၊ ဖေဖေါ်ဝါရီလ 19 2009

ချင်းမိုင် (မဇ္ဈိမ) ။ ။ နအဖ နှင့် UWSA အကြား ဆက်ဆံရေး တင်းမာနေပြီး စစ်အစိုးရတပ်များက ဝ ထိန်းချုပ် နယ်မြေများတွင် လက်နက်များ ဖြည့်တင်းနေကြောင်း သတင်းများ ပေါ်ထွက်နေသည်။

ထို့အပြင် နိုင်ငံရေး ပါတီဖွဲ့ပြီး ၂ဝ၁ဝ ခုနှစ် ရွေးကောက်ပွဲသို့ ဝင်ရောက်ယှဉ်ပြိုင်ရန် UWSA ခေါ် ဝ ပြည် သွေးစည်းညီညွတ်ရေး တပ်မတော်အား နအဖ က ဖိအားပေးနေသည်ဟုလည်း သတင်းများ ထွက်နေသည်။

ထို့အပြင် ယခုနှစ် ဇန်နဝါရီလဆန်းပိုင်းက UWSA သည် သူတို့ကိုယ်သူတို့ နအဖ သတ်မှတ်ပေးထားသော အထူးဒေသ (၂) ဟု မသုံးတော့ဘဲ မြန်မာနိုင်ငံတော် ဝ' ပြည်နယ်အစိုးရ အထူး အုပ်ချုပ်ရေးဒေသဟု ကြေညာခဲ့သည်။

ဝ ဒေသ အခြေအနေနှင့်အတူ UWSA ထိန်းချုပ်ရာ ဒေသတွင် ဘိန်းစိုက်ပျိုးမှု အခြေအနေများကို သိရှိနိုင်ရန် UWSA ပြောခွင့်ရပုဂ္ဂိုလ် ဦးအောင်မြင့်အား မဇ္ဈိမ သတင်းထောက် ကိုဝိုင်းက ဆက်သွယ် မေးမြန်းထားပါသည်။

UWSA နဲ့ နအဖ တပ်ဖွဲ့တွေအကြား တိုက်ပွဲဖြစ်တယ်၊ နောက်ပြီး မိုင်းဆတ်ဘက်မှာ နအဖ တပ်တွေက လက်နက်ကြီးတွေ ဖြည့်တင်းနေတယ်လို့ ကြားပါတယ်။ အဲဒီသတင်းတွေနဲ့ ပတ်သက်ပြီး ဘာများပြောချင်ပါသလဲ ခင်ဗျာ။

တိုက်ပွဲမဖြစ်ပါဘူး။ ကျနော်က ရန်ကုန်မှာ ဟိုဘက်ကကိစ္စ ကျနော် သိပ်မသိဘူး။ လက်နက်ကြီးဖြည့်တာတို့၊ ဘာတို့တော့ သိပ်မသိဘူး။ တိုက်ပွဲဖြစ်တယ် ဆိုတာတော့ မရှိပါဘူး။

နအဖ နဲ့ UWSA အကြားမှာ ဆက်ဆံရေး အခြေအနေ တင်းမာနေတယ်ဆိုပြီး သတင်းတွေ ထွက်နေပါတယ်။ ဘယ်လိုရှိပါသလဲ။

ကောင်းပါတယ်။ ပုံမှန်ပါ။

နအဖ က ဝတွေကို လက်နက်ချခိုင်းဖို့၊ ဒါမှမဟုတ်ရင် ပြည်သူ့စစ် လုပ်ခိုင်းဖို့ စီစဉ်နေတယ်ဆိုပြီး သတင်းတွေလည်း ကြားရပါတယ်။ တကယ်လို့ လက်နက်ချဖို့၊ ပြည်သူ့စစ်လုပ်ဖို့ နအဖ က တွန်းအားပေးလာမယ်ဆိုရင် UWSA အနေနဲ့ ဘယ်လို အစီအစဉ်ရှိပါသလဲ။

ဒါကတော့ ဌာနချုပ်ရဲ့ ဆုံးဖြတ်ချက်ရှိမှာပေါ့။ (အမျိုးသား) ညီလာခံပြီးတဲ့နောက်မှာ တပ်ကို ပြန်လည်ဖွဲ့စည်းဖို့တို့ ဘာတို့ ညာတို့၊ ဒီကိစ္စလေးတွေ ရှိတယ်လေ။ ဘယ်လိုဆောင်ရွက်ကြမလဲ၊ ဘယ်လိုလုပ်ကြမလဲဆိုတာ တခု ရှိသေးတယ်လေ။ တပ်ပြန်လည်ဖွဲ့စည်းပြီးတော့ ကိုယ့်ဒေသကိုယ် ပြန်အုပ်ချုပ်ဖို့၊ ကိုယ့်ဒေသမှာ ကိုယ်နေဖို့ ကိစ္စတွေတော့ ဆွေးနွေးပါတယ်။ လက်နက်ချရမယ့် ကိစ္စကတော့ မရှိပါဘူး။

အဲဒီကိစ္စနဲ့ပတ်သက်လို့ နအဖ ဗိုလ်ချုပ်တွေက UWSA ဌာနချုပ်ကို လာပြီး တပ်တွေ ပြန်လည် ပြင်ဆင်ဖွဲ့စည်းဖို့၊ ပါတီဖွဲ့ဖို့ ပြောဆိုတယ်ဆိုတဲ့ သတင်းတွေကိုရော အတည်ပြုလို့ ရမလားခင်ဗျ။

ဒီဟာကတော့ ပြောတာတွေတော့ ရှိပါတယ်။ ဒီကိစ္စလေးလည်း ရွေးကောက်ပွဲက ရောက်တော့မယ်ဆိုတော့ ဒီဟာလေးတွေ ပြောတာ ဆွေးနွေးတာတော့ ရှိမှာပါ။

ပြီးခဲ့တဲ့ အမျိုးသားညီလာခံမှာ UWSA အဖွဲ့ အပါအဝင် အပစ်ရပ်ထားတဲ့ တိုင်းရင်းသားအဖွဲ့တွေကနေ ကိုယ်ပိုင်အုပ်ချုပ်ခွင့်နဲ့ ပတ်သက်တဲ့ စာတင်ထားတာရှိတယ်လေ။

တောင်းဆိုထားတာတော့ ပြည်နယ်လို့တော့ တောင်းဆိုထားတယ်။ ဒါပေမဲ့ ညီလာခံကနေ အများက ဆုံးဖြတ်ချက်ကတော့ ကိုယ်ပိုင်အုပ်ခွင့်ရ တိုင်းအဆင့်တော့ ပေးပါတယ်။ ဆိုလိုတာက ပြည်နယ်ထက် နည်းနည်းနိမ့်တယ်။ ခရိုင်ထက် နည်းနည်းမြင့်တယ်။ ခရိုင်နဲ့ ပြည်နယ်ကြား သဘောမျိုးပေါ့။


အဲဒီဆုံးဖြတ်ချက်ကို UWSA က လက်ခံပါသလားခင်ဗျ။

ယေဘုယျအားဖြင့် ဆန့်ကျင်တယ်လို့တော့ မပြောပါဘူး။ အများ ဆုံးဖြတ်ထားတာကတော့ လက်ခံထားရမယ့် အပိုင်းတော့ ရှိတာပေါ့။

UWSA အနေနဲ့ကရော ၂ဝ၁ဝ ခုနှစ် ရွေးကောက်ပွဲမှာ ဝင်ဖို့ရော အစီအစဉ်ရှိလားဗျ။ ပြင်ဆင်မှုတွေ ရှိပါသလား။

အခုထိ ဘာမှ ဆုံးဖြတ်ချက် မရှိသေးပါဘူး။ ဘာမှတော့ မပြင်သေးဘူး။

အခုနှစ် ဇန်နဝါရီလဆန်းပိုင်းမှာ UWSA က မြန်မာနိုင်ငံတော် ဝ' ပြည်နယ်အစိုးရ အထူးအုပ်ချုပ်ရေးဒေသ ဆိုပြီးတော့ ကြေညာလိုက်တာ ရှိပါတယ်။ အဲဒါနဲ့ပတ်သက်ပြီး နအဖ က တစုံတရာ ပြောဆိုတာများ ရှိသလားဗျာ။

ဒီကိစ္စနဲ့ ပတ်သက်ပြီးတော့ ကျနော်တို့ဆီက နာမည်ပြောင်းတဲ့ သဘောလေးပဲ ရှိပါတယ်။ နောက်ပိုင်း ဒီနှစ် တလပိုင်းမှာပဲ နအဖ ဘက်က ဗိုလ်ချုပ်ကြီးရဲမြင့်တို့လည်း လာဆွေးနွေးပါတယ်။ ကျနော်တို့ဆီက လူကြီး အကုန်လုံးနဲ့ ဆုံပါတယ်။ ဥက္ကဋ္ဌကြီးနဲ့လည်း တွေ့ပါတယ်။ ကျနော်တို့ ဒီနာမည်ကို မသုံးတော့ဘဲနဲ့ မူလအတိုင်းပဲ အထူးဒေသ (၂) နာမည်ကိုပဲ ပြန်လည်သုံးစွဲထားပါတယ်။

နအဖ က အတည်ပြုထားတဲ့ ၂ဝဝ၈ ခု ဖွဲ့စည်းပုံ အခြေခံဥပဒေ အပေါ်မှာရော ဘယ်လို သဘောထားပါသလဲ။

၂ဝဝ၈ ဆန္ဒမဲထည့်တဲ့ကိစ္စက ကျနော်တို့ မဲပုံးချတဲ့ နေရာတွေကတော့ ထည့်ကြတယ်။ အစိုးရရဲ့ အဖြေကတော့ စာရင်းကောက်ချက်အရ အများစုက မဲထည့်ကြပါတယ်။ ဒါပေမဲ့ ကျေးလက်တွေ ဘာတွေ တောထဲ တောင်ထဲအထိတော့ သွားပြီးတော့ ကောက်တာမျိုးတော့ မရှိတော့ အားလုံး မစုံညီဘူးပေါ့။ မပြည့်စုံဘူးပေါ့။

မဲပုံးထောင်တဲ့ နေရာတွေက ဘယ်နေရာတွေဆိုတာ ပြောပြပေးလို့ ရမလားခင်ဗျာ။

မိုင်းပေါက်ဖက်၊ ပန်ဆန်းဖက်၊ နန်းတစ်၊ မိုင်းမောမှာရှိတယ်။ မြို့နယ်တွေပဲ။ ပန်ဆန်းကတော့ ဌာနချုပ်ရုံးစိုက်ရာ မြို့ပေါ့။

ဆန္ဒမဲပေးတဲ့ အဲဒီဒေသတွေမှာ အများစုက ကန့်ကွက်မဲ ထည့်ကြလား၊ ထောက်ခံမဲထည့်ကြသလားဗျ။

အစိုးရဲ့ စာရင်းပြန်ကောက်ချက်အရကတော့ ထောက်ခံမဲက များပါတယ်။ ဒါပေမဲ့ ဒေသကြီးတခုလုံးမှာတော့ သူက အချိန်က ကျပ်တဲ့အတွက် ပြည့်ပြည့်စုံစုံ မရှိဘူးပေါ့။ အများစုက မဲထည့်တာကို မပါဝင်နိုင်ခဲ့ဘူးပေါ့။

မဲထည့်တုန်းက ကြီးကြပ်မှုထဲမှာ UWSA ကရော ပါရသေးပါလား။

ကျနော်တို့ စုပေါင်း လုပ်ကြတာခင်ဗျ။ ပူးတွဲလုပ်ကြတာပါ။ နအဖ ဘက်က အရာရှိတွေရော။ လဝက ကိုယ်စားလှယ်တွေ၊ နောက် ကျနော်တို့ဆီက ကိုယ်စားလှယ်တွေရော ပူးတွဲလုပ်ကြပါတယ်။

ဝ ဒေသရဲ့ ဘိန်းပပျောက်ရေး လုပ်ဆောင်မှု အခြေအနေ ပြောပြပေးပါလား။ ဝ ဒေသမှာ ဘိန်းစိုက်ဧက တိုးလာတယ်ဆိုတဲ့ သတင်းတွေ ထွက်ပေါ်နေလို့ပါ။

ဝ ဒေသမှာ ဘိန်းစိုက်ပျိုးမှု ပြန်တိုးလာတယ် ဆိုတာတွေကတော့ ကောလာဟလတွေပါ။ ကျနော်တို့ ဒေသမှာက ဘိန်းစိုက်တဲ့ သမိုင်းအကြောင်းတော့ မပြောချင်တော့ဘူး။ နှစ်ပေါင်း ရာနဲ့ချီပြီး ဖြစ်လာတဲ့ကိစ္စ။ ကျနော်တို့ လူကြီးတွေအားလုံး ဆုံးဖြတ်ချက်က ဝ ဒေသမှာ ဘိန်းစိုက်နေတဲ့အတွက် ကမ္ဘာ့ပြည်သူပြည်သားတွေကိုလည်း ခြိမ်းခြောက်ရာ ဖြစ်စေတယ်။ တချိန်တည်းမှာ ကိုယ့်ဒေသက လူငယ်တွေလည်း ထိခိုက်တယ်။ ကိုယ့်လူမျိုးလည်း တုံးမှာဖြစ်တယ်။

ဒါကြောင့် ဒေသမှာ ဘိန်း လုံးဝမစိုက်ဖို့၊ စီးပွားရေးစနစ်ကို အခြေခံကနေ စပြီးတော့ ပြန်လှည့်ပြောင်းယူဖို့ ဆုံးဖြတ်ပြီး ၁၉၉၁-၉၂ လောက်ကနေ ၁ဝ နှစ်၊ ၁၅ နှစ် စီမံကိန်းနဲ့ ဆောင်ရွက်တာလေ။ ၂ဝဝ၆ မှာ အပြီးအပြတ် ကမ္ဘာကို အခမ်းအနားနဲ့ကို ကြေညာပြီးတော့ တားဆီးပိတ်ပင်လိုက်တာ ဖြစ်တယ်လေ။ အခုဆိုရင် ၃ နှစ် ကျော်လာပြီ။

စပြီး တားဆီးတဲ့ နှစ်ကဆိုရင် တဧက၊ နှစ်ဧက ဒီနားနည်းနည်း၊ ဟိုနားနည်းနည်း ပြန်တွေ့တာရှိတယ်။ ပြန်တားမြစ် ပညာပေးတယ်။ အခုထိတော့ ဘိန်း လုံးဝ စိုက်မှု မရှိပါဘူး။

တခုတော့ ပြောချင်တယ်ဗျာ။ ကျနော်တို့ ဘိန်းစိုက်နေတုန်းကတော့ UNODC ရော၊ နိုင်ငံတကာ အသီးသီးကရော ကူညီဖို့၊ ထောက်ပံဖို့ ဒီဟာတွေ လာတယ်ဗျ။ အခုက ၃ နှစ်ရှိပြီ။ မစိုက်တော့ဘူးဆိုတဲ့ အခါကျတော့မှပဲ ကူညီထောက်ပံ့မှုတွေက နည်းသွားတယ်။ တချို့ လာတောင် မလာတော့ဘူး။ စိုက်နေတုန်းကတော့ ဖိအားပေးတယ်။ မစိုက်တော့ လှည့်မကြည့်တော့ဘူး။ ပြည်သူအရပ်သား ဘိန်းစိုက်တောင်သူတွေ နေထိုင်မှု ဘဝက ဘယ်လိုရှိတယ် ဆိုတာတောင် ပြန်မကြည့်တော့ဘူး။



REF: မဇ္ဈိမ

0 comments:

အပေါ်သို့