Thursday, February 19, 2009

အိုက်ဟော့ ပန်ဆန်းမှာ ခိုလှုံနေသလား

Wednesday, 18 February 2009

မူးယစ်ဆေး ထုတ်လုပ်ပြီး နိုင်ငံတကာသို့ ဖြန့်နေသည့် လုပ်ငန်းရှင်ကြီး တဦးသည် ဝ တိုင်းရင်းသား လက်နက်ကိုင် အဖွဲ့၏ ရှမ်းပြည်နယ် အရှေ့မြောက်ပိုင်း ဒေသတွင် ခိုလှုံနေသည် ဟု သတင်းရရှိသည်။

အဆိုပါ လုပ်ငန်းရှင်မှာ အသက် ၄ဝ ကျော်အရွယ်ရှိသော ဦးအိုက်ဟော့ ခေါ် စိုင်းဟော့ ဆိုသူ ဖြစ်ပြီး ဝပြည် သွေးစည်းညီညွတ်ရေး တပ်မတော် (UWSA)၏ ခေါင်းဆောင်တဦးဖြစ်သူ ဦးပေါက်ယူချန်း၏ သားမက်တော်စပ်သည်ဟု သိရသည်။

ဦးအိုက်ဟော့သည် ရန်ကုန်အဲယားဝေး လေကြောင်းလိုင်း၏ ပိုင်ရှင် ဖြစ်ပြီး ဝ တိုင်းရင်းသား ခေါင်းဆောင်တဦးဖြစ်သည်ဟု ရန်ကုန်မှ စီးပွားရေးသမားတဦးက ပြောပြသည်။ ကျောက်မျက်လုပ်ငန်း၊ ဟိုတယ်လုပ်ငန်း၊ ဆောက်လုပ်ရေးလုပ်ငန်းများ လုပ်ကိုင်သည့် Tetkham ကုမ္ပဏီလီမိတက်၏ ဥက္ကဋ္ဌလည်း ဖြစ်သည်ဟု သိရသည်။

“မူဆယ်၊ မန္တလေးတို့မှာ ရှိတဲ့ သူပိုင်တဲ့ ဟိုတယ်တွေမှာ အဖော်အချွတ်ပွဲတွေ ဘာတွေ အကုန်ရတယ်ဗျာ” ဟု စီးပွားရေး အသိုင်းအဝန်း သတင်းရပ်ကွက်က ဆိုသည်။

တခြားသော လုပ်ငန်းရှင်ကြီးများနည်းတူ ဦးအိုက်ဟော့သည် စစ်ဗိုလ်ချုပ်ကြီးများ၊ ၎င်းတို့၏ မိသားစုများနှင့် နီးစပ်သူဖြစ်သည်ဟု သိရသည်။ နိုင်ငံတကာခရီးများ ထွက်လေ့ရှိသူဖြစ်ရာ မလေးရှား၊ စင်္ကာပူနိုင်ငံတို့မှ သံတမန်များနှင့် အဆက်အသွယ်ရှိသည်ဟု ဆိုသည်။

ဦးအိုက်ဟော့သည် ဒုတိယဗိုလ်ချုပ်ကြီးဟောင်း ဦးခင်ညွန့်နှင့် နီးစပ်ခဲ့သူလည်းဖြစ်ပြီး ရန်ကုန်မြို့တော် စည်ပင်သာယာရေး ကော်မတီထံမှ ဆောက်လုပ်ရေးလုပ်ငန်း လုပ်ပိုင်ခွင့်များ ရရှိခဲ့သည်ဟု သိရသည်။

ထိုင်းနိုင်ငံအခြေစိုက် သျှမ်းသံတော်ဆင့်သတင်းဌာန၏ အဆိုအရ ဦးအိုက်ဟော့သည် မောင်းမောကုမ္ပဏီ၏ အစုရှယ်ယာဝင်တဦးဖြစ်သည်။ အဆိုပါကုမ္ပဏီသည် အပစ်ရပ် UWSA လက်နက်ကိုင်အဖွဲ့၏ ဟုန်ပန်းကုမ္ပဏီပိုင်ဆိုင်သော လုပ်ငန်းပေါင်း ၃ဝ ခန့်တွင် တခုအပါအဝင် ဖြစ်သည်။ ရှမ်းပြည်နယ် တန့်ယန်းမြို့ပြင်ရှိ UWSA ခေါင်းဆောင် ဝေရှောက်ခမ်း၏ ခြံသို့လည်း မကြာခဏ သွားရောက်လေ့ရှိသည်ဟု ဆိုသည်။

ဦးအိုက်ဟော့သည် စစ်တိုင်းမှူးများကို ငွေကြေး ထောက်ပံ့ပေးခဲ့သူတဦးလည်း ဖြစ်သည်။ အထူးသဖြင့် လေကြောင်းရန် ကာကွယ်ရေးအရာရှိချုပ် ဒုတိယဗိုလ်ချုပ်ကြီးမြင့်လှိုင် အရှေ့မြောက်တိုင်း စစ်ဌာနချုပ်ကို တာဝန်ယူခဲ့စဉ်က ထောက်ပံ့ခဲ့သည်ဟု သိရသည်။

ရန်ကုန်မှ လုပ်ငန်းရှင်အချို့၏ အဆိုအရ ဦးအိုက်ဟော့သည် ငွေကြေးခဝါချမှုများ ပြုလုပ်ခဲ့သည်ဟု ဆိုသည်။ ၎င်း၏ မူးယစ်ဆေးလုပ်ငန်းမှရသည့် ငွေများဖြင့် ကျောက်မျက်ရတနာ လေလံပွဲများတွင် ကာလပေါက်ဈေးထက် ပိုပေးပြီး လေလံဆွဲခဲ့သည်ဟု သိရသည်။

“သူက ကျောက်မျက်ကုန်သည်လည်း ဖြစ်တယ်” ဟု ရန်ကုန်မှ ရွှေကုန်သည်တဦးက ပြောပြသည်။

မြန်မာပြည်၏ ဇန်နဝါရီလအတွင်း ဘိန်းဖြူ ဖမ်းဆီးမိမှု ပမာဏမှာ ၁၄၈ ကီလိုဂရမ် ရှိသည်ဟု သောကြာနေ့က ထုတ်ဝေသော စစ်အစိုးရ၏ မြန်မာ့အလင်း သတင်းစာတွင် ဖော်ပြထားသည်။

ဤအတောအတွင်း မြန်မာစစ်အစိုးရတပ်များနှင့် UWSA တပ်များသည် ရှမ်းပြည်နယ်အတွင်း ထိပ်တိုက် တွေ့နေကြသည်ဟု သတင်းရရှိသည်။ ဦးအိုက်ဟော့အား ပြန်လည် လွှဲပြောင်းပေးရန် စစ်အစိုးရ၏ တောင်းဆိုချက်ကို UWSAက လက်ခံခြင်းမရှိဟု ဆိုသည်။

ဦးအိုက်ဟော့သည် UWSA ဌာနချုပ်တွင် ခိုလှုံနေသည်ဟု မြန်မာစစ်အစိုးရက ယူဆထားကြောင်း သိရသည်။

တပ်သားအင်အား ၂ဝဝဝဝ ဝန်းကျင်ရှိသည့် UWSA အဖွဲ့သည် မူးယစ်ဆေး ထုတ်လုပ်ရေး လုပ်ငန်းများဖြင့် နာမည် ပျက်လျက်ရှိသည်။ ၁၉၈၉ တွင် စစ်အစိုးရနှင့် အပစ်အခတ် ရပ်စဲရေး သဘောတူညီချက် ရယူခဲ့သည်။ အထူးဒေသ အမှတ် - ၂ အဖြစ် စစ်အစိုးရ သတ်မှတ်ပေးသော ရှမ်းပြည်နယ်အရှေ့ပိုင်း ဒေသတွင် UWSA တပ်ဖွဲ့များ လှုပ်ရှားနေသည်။



REF: ဧရာဝတီ

0 comments:

အပေါ်သို့