Friday, January 14, 2011

စစ်တပ်အင်အား ပိုမိုကြီးမားရေး အရန်တပ်ဖွဲ့ဥပဒေကိုပါ ပြဌာန်း

2011-01-13။

၂၀၁၀ခုနှစ် နိုဝင်ဘာလ ၄ ရက်နေ့ ရက်စွဲနဲ့ ထုတ်ပြန်တဲ့ အရွယ်ရောက်သူတိုင်း စစ်မှုမထမ်း မနေရ ပြဌာန်း ချက်မှာ အရန် တပ်ဖွဲ့ ဥပဒေကိုပါ စစ်အစိုးရက ထည့်သွင်း ထားတယ်လို့ မြန်မာနိုင်ငံ ရှေ့နေများကောင်စီ အထွေထွေ အတွင်းရေးမှူး ဦးအောင်ထူးက ဇန်နဝါရီ ၁၂ ရက် မနေ့က ပြောကြား လိုက်ပါတယ်။

အရန်တပ်ဖွဲ့ဥပဒေအရ အငြိမ်းစား စစ်မှုထမ်းတွေကို ခံစားခွင့်အပြည့်နဲ့ စစ်တပ်ရဲ့ အရန်တပ်ဖွဲ့မှာ ငါးနှစ် ဆက်လက် တာဝန် ပေးအပ် ထားတာပါ။ ဒါကြောင့် အရန်တပ်ဖွဲ့ ဆိုတာထက် အမြဲတမ်း စစ်တပ် ပုံသဏ္ဍာန်မျိုး ပိုပြီး အင်အား ကြီးမားအောင် စစ်အစိုးရက ရည်ရွယ်တာ ဖြစ်တယ်လို့ ရှေ့နေ ဦးအောင်ထူးက ဆိုပါတယ်။

“ဘာကြောင့်လဲဆိုတော့ အရန်တပ်ဖွဲ့ဝင်တွေ အကုန်လုံးက တပ်မတော်သားတိုင်း လိုက်နာရတဲ့ ၁၉၅၉ တပ်မတော် အက်ဥပဒေကို လိုက်နာရမယ်၊ နောက် အရန်တပ်ဖွဲ့ ကုန်ကျ စရိတ်တွေ အကုန်လုံးကို တိုင်းပြည် ဘဏ္ဍာငွေက ကျခံရမယ်၊ နောက် လက်ရှိ တပ်မတော်မှာ တာဝန် ထမ်းဆောင်နေတဲ့ ပုဂ္ဂိုလ်တွေဟာ လက်ရှိ တပ်မတော်က အငြိမ်းစားယူသည် ဖြစ်စေ၊ နုတ်ထွက်သွားသည် ဖြစ်စေ၊ အရန် တပ်ဖွဲ့မှာ ငါးနှစ် တာဝန် မထမ်းဆောင် မနေရ ထမ်းဆောင်ရမယ်။ အဲဒီ ငါးနှစ် ဟိုဖက်ကို ကျော်သွားဦးတော့၊ တပ်မတော် ကာကွယ်ရေး ဦးစီးချုပ်က နေပြီးတော့ အဲဒီ ပုဂ္ဂိုလ်တွေကို တပ်က ထွက်သွားတဲ့ ပုဂ္ဂိုလ်တွေ၊ အငြိမ်းစား ယူသွားတဲ့ ပုဂ္ဂိုလ်တွေ အရန် တပ်ဖွဲ့ဝင် အဖြစ်နဲ့ ထပ်မံ ခန့်အပ် နိုင်တယ်ဆိုတဲ့ ပြဋ္ဌာန်းချက်တွေ ပါရှိတာကြောင့်မို့လို့ ဒီ အရန်တပ်ဖွဲ့ ဆိုသော်ငြားလည်းပဲ ဒီတပ်ဖွဲ့က တကယ့် အရန်သဘော မဆောင်ပဲနဲ့ ပင်မ တပ်မတော်ကြီး ကိုသာ ကြီးထွားသည်ထက် ကြီးထွားအောင် လုပ်မယ့် အနေအထားကို ဖန်တီးမယ့် ဥပဒေ ဖြစ်နေတာကို တွေ့ရတယ်။”

လွှတ်တော်ခေါ်ယူပြီး နောက်ပိုင်း လက်ရှိ စစ်ခေါင်းဆောင်တွေ အနေနဲ့ အုပ်ချုပ်ရေး ကဏ္ဍကနေ အပြင်ကို ရောက်သွားမယ့် အခြေအနေ အတွက် ကြိုတင်ပြီး ပြင်ဆင်တဲ့ သဘောလို့လည်း ဦးအောင်ထူးက ယူဆပါတယ်။ ဒါအပြင် စစ်တပ်အတွင်း အသက် ၆၀ ပြည့် ပင်စင် မဖြစ်မနေ ယူရမယ် ဆိုတဲ့ ဥပဒေမျိုး လွှတ်တော်ကနေ ပြဌာန်းနိုင်တဲ့ အလားအလာကို စစ်ဗိုလ်ချုပ်ကြီးတွေ ကြိုတင် အကာအကွယ် ယူတဲ့ သဘော ဖြစ်တယ်လို့လည်း ဆိုပါတယ်။

အခုပြဌာန်းလိုက်တဲ့ စစ်တပ်ပိုင်းဆိုင်ရာ ဥပဒေတွေဟာ ၂၀၀၈ ဖွဲ့စည်းအုပ်ချုပ်ပုံ အခြေခံဥပဒေ ပုဒ်မ ၄၀ တပ်မတော်ရဲ့ အခန်းကဏ္ဍ ခေါင်းစဉ် အောက်မှာ ပါတဲ့ အချက်တွေပဲ ဖြစ်ပါတယ်။

Ref: RFA News

0 comments:

အပေါ်သို့