Tuesday, February 3, 2009

ကရင် တော်လှန်ရေး သက်တမ်း နှစ် ၆၀ ပြည့်ခဲ့

Monday, 02 February 2009

နှစ် ၆၀ ပြည့် ကရင် တော်လှန်းရေးနေ့ အခမ်းအနားက ကရင် တော်လှန်ရေး အဆက်ဆက်တွင် ပါဝင်ခဲ့သော မျိုးဆက်ဟောင်း တော်လှန်ရေး သမားကြီးများနှင့် မျိုးဆက်သစ် ကရင် လူငယ်များ အတွက် ပေါင်းကူးတံတား ထိုးပေးလိုက်သလို မြင်တွေ့ခဲ့ရသည်။

ဇန်နဝါရီ ၃၁ ရက်နေ့က နှစ် ၆၀ တင်းတင်း ပြည့်ခဲ့ပြီဖြစ်သော ကရင်တော်လှန်ရေးနေ့ နှစ်ပတ်လည် အခမ်းအနားကို ကရင်ပြည်နယ်အတွင်းရှိ ကရင်အမျိုးသား အစည်းအရုံး (ကေအန်ယူ) တပ်မဟာ ၇ နယ်မြေ အတွင်း ကျင်းပခဲ့ရာ ကရင်အမျိုးသား လွတ်မြောက်ရေး တပ်မတော် (ကေအန်အယ်လ်အေ) တပ်သားများ၊ ကရင်တိုင်းရင်းသားများ အပါအဝင် ဧည့်သည်စုစုပေါင်း ၅ ထောင်ကျော် တက်ရောက်ခဲ့သည်ဟု တာဝန်ရှိသူ များက ပြောကြားသည်။



အခမ်းအနားမကျင်းပမီ ညကတည်းက ဧည့်ပရိသတ် ၅၀၀၀ ခန့် ကြိုတင် ရောက်ရှိနေရာ ချက်ထားသည့် ထမင်းဟင်းများပင် ပြတ်လပ်သွားပြီး တဲခိုဆောင်များ မလောက်သဖြင့် မြက်ခင်းပေါ်တွင် ကောက်ရိုးများခင်း ကာ အိပ်ခဲ့ရသည်ဟု အခမ်းအနားတက်ရောက်သည့် ဧည့်သည်တဦးက ပြောပြသည်။

အခမ်းအနားစင်မြင့်ဘေးတွင် လုံခြုံရေး တာဝန်ယူထားကာ သေနတ်ကိုင်၍ ငြိမ်သက်စွာရပ်နေသော ကေအန်ယူ တပ်သားလေးကို လာသမျှပရိသတ် အတော်များများက ဓာတ်ပုံ တဖြတ်ဖြတ် ရိုက်ယူနေကြ သည်။ ဓာတ်ပုံရိုက်သူများ များပြားကာ အခမ်းအနားစင်မြင့်ကို ကွယ်ကြသဖြင့် အခမ်းအနားမှူးက မကြာခဏ သတိပေးနေရသည်။

ထိုနေ့ အခမ်းအနားတွင် လွန်ခဲ့သည့် နှစ် ၆၀၊ ကရင်တော်လှန်ရေး စတင်ချိန်ကတည်းက ပါဝင်ဆင်နွှဲခဲ့သော ကရင်တော်လှန်ရေး ရဲဘော်ဟောင်းကြီး ၁၆ ဦးကို ဂုဏ်ပြုခြင်း အစီအစဉ်တရပ် ပါဝင်သည်။ ထို ၁၆ ဦးထဲ တွင် ဗိုလ်ချုပ် တာမလာဘော၊ ဗိုလ်ချုပ်မူတူးတို့ ကဲ့သို့သော ကေအန်ယူ ခေါင်းဆောင်များ ပါဝင်ပြီး ဗိုလ်ချုပ် တာမလာဘောကတော့ အခမ်းအနားသို့ တက်ရောက်နိုင်ခြင်းမရှိပေ။

မြန်မာပြည် လွတ်လပ်ရေး ရပြီးချိန်မှ စ၍ နောက်ပိုင်းတွင် တိုင်းပြည်တွင်း၌ လူ့အခွင့်အရေး၊ ဒီမိုကရေစီ အခွင့်အရေးများ တဖြည်းဖြည်း ဆုံးရှုံးလာခဲ့ရာ ကေအန်ယူက တခြားသော တိုင်းရင်းသားများ၊ တခြားသော နိုင်ငံရေးခေါင်းဆောင်များနှင့် လက်တွဲကာ တိုင်းပြည်ငြိမ်းချမ်းရေးအတွက် တိုက်ပွဲဝင်ခဲ့ခြင်းဖြစ်သည်ဟု ထိုင်း - မြန်မာ နယ်စပ်၊ မဲဆောက်မြို့ရှိ မယ်တော်ဆေးခန်းကို တည်ထောင်သူ ဒေါက်တာ စင်သီယာမောင် က ပြောသည်။

“အဲဒီကတည်းက တိုက်ပွဲတွေမှာ ပါဝင်ခဲ့တဲ့ တော်လှန်ရေးခေါင်းဆောင်တွေအတွက် ဒီနေရာကနေ ဂါရဝ ပြု ပါတယ်” ဟု ၎င်းက ဆိုသည်။

ကရင်တော်လှန်ရေး စတင်ချိန်မှာ မြန်မာနိုင်ငံလွတ်လပ်ရေးရပြီး တနှစ်အကြာ ၁၉၄၉ ခုနှစ်တွင် ဖြစ်ပြီး ထိုနေ့ က ဂုဏ်ပြုခံရသည့် တော်လှန်ရေးရဲဘော်ဟောင်းများမှာ ထိုစဉ်ကတည်းက တိုက်ပွဲတွင် ပါဝင်ခဲ့သူများ ဖြစ် သည်။

“ကရင်တိုင်းရင်းသားတွေ လွတ်မြောက်ရေးအတွက် တိုက်ပွဲဆက်ဝင်နေဦးမှာပဲ။ ကျနော်တို့ ပန်းတိုင်ကို မရောက်မချင်း ဆက်သွားနေမှာပါ” ဟု ဂုဏ်ပြုခံ ရဲဘော်ဟောင်းများထဲမှ တဦးဖြစ်သူ ဗိုလ်ချုပ်မူတူးက ပြော သည်။

ကရင်တော်လှန်းရေးနေ့ အခမ်းအနားကို အဖွဲ့အစည်း အသီးသီးက ဂုဏ်ပြုသဝဏ်လွှာပေးပို့ပြီး မြန်မာ စစ် အစိုးရ အတိုက်အခံ အဖွဲ့အစည်းတချို့က ဂုဏ်ပြုစကား ပြောကြားရာ မြန်မာနိုင်ငံလုံးဆိုင်ရာ ဒီမိုကရက်တစ် ကျောင်းသားများတပ်ဦး၏ ဥက္ကဌ ကိုသံခဲက “ကရင့်တော်လှန်ရေးက သမိုင်းရှိပါတယ်၊ ရှင်းပါတယ်၊ သန့်ပါ တယ်၊ တရားပါတယ်၊ မှန်ပါတယ်။ ဒီသမိုင်းဟာ ဒီမိုကရေစီရဲ့သမိုင်း၊ အနှိပ်စက်ခံ ပြည်သူတွေရဲ့ သမိုင်း ဖြစ်ပါတယ်” ဟု ပြောကြားသွားသည်။

ဆက်လက်၍ ၎င်းက ယခုခေတ်သည် လူသားအားလုံး တန်းတူ အခွင့်အရေး အညီအမျှရရှိပြီး လူ့အဖွဲ့ အစည်းကို ငြိမ်းချမ်းသာယာစွာ အတူလက်တွဲ တည်ဆောက်ရမည့်ခေတ်၊ ရင်ပေါင်တန်းကာ ချီတက်ရမည့် ခေတ်ဖြစ်သောကြောင့် ကရင့်ခေါင်းဆောင်ကြီးများ ချမှတ်ကျင့်သုံးခဲ့သည့် ကရင်တကျပ်၊ ဗမာတကျပ် ဆိုသည်မှာ တရားပြီး တော်လှန်ရေးခေါင်းဆောင်ကြီးများ၏ ခုခံစစ်၊ တော်လှန်စစ်နှင့် ပတ်သက်၍ ကျောင်းသားများက ထောက်ခံသည်ဟု ဆိုသည်။

“ဒါ့အပြင် ကျနော်တို့ ကျောင်းသားများရဲ့ ပေးဆပ်မှု အများစုဟာ ကရင့်နယ်မြေထဲမှာ အခြေပြုခဲ့ပါတယ်။ ဆက်လက် လက်တွဲ တိုက်ပွဲဝင်မယ်လို့ ဒီနေရာကနေ သစ္စာ အဓိဌာန်ပြုပါတယ်” ဟုလည်း ကိုသံခဲက ပြောကြားသွားသည်။

ကရင်တော်လှန်ရေးကို ကရင်တော်လှန်ရေး အမျိုးသားခေါင်းဆောင် စောဘဦးကြီး ဦးဆောင်ခဲ့သည်။
သို့ရာတွင် ၁၉၉၅ ခုနှစ်က စတင်၍ ကရင်တော်လှန်ရေးမှာ ကံဆိုးမှုများနှင့် ကြုံတွေ့ခဲ့ရသည်ဟု ဆိုရပေ မည်။ ဌာနချုပ်တည်ရှိရာ မာနယ်ပလောဒေသ ကျဆုံးခဲ့သည်။ ထို့ပြင် ထိုစဉ်က မြန်မာစစ်အစိုးရ၏ သပ်လျှို သွေးခွဲမှုကြောင့် ကရင်တိုင်းရင်းသားအချင်းချင်း ဗုဒ္ဒဘာသာနှင့် ခရစ်ယာန်ကွဲခဲ့ရပြီး တိုးတက်သော ဗုဒ္ဓ ဘာသာ ကရင်အမျိုးသားတပ်ဖွဲ့ (ဒီကေဘီအေ) ပေါ်ပေါက်ခဲ့ရသည်။

“ကရင်တော်လှန်ရေးဟာ ဟိုးတုန်းက အင်အားကြီးမားခဲ့ပေမယ့် နောက်ပိုင်း စစ်ရေးကို အခြေပြုလွန်းတာ ကြောင့် နိုင်ငံရေးဘက်မှာ အာနည်းခဲ့တယ်။ မဖြစ်သင့်တာဖြစ်ခဲ့ရတယ်။ ဥပမာ ဒီကေဘီအေ ပေါ်ပေါက်လာ တာမျိုး၊ အချိန်မဟုတ်ဘဲ အစိုးရဖွဲ့တာမျိုးပေါ့” ဟု ရခိုင်ကျောင်းသားတပ်မတော်၏ တာဝန်ရှိသူတဦးဖြစ် သည့် ကိုခိုင်လင်းအောင်က သုံးသပ်ပြောဆိုသည်။ ရခိုင်ကျောင်းသားတပ်မတော်အနေနှင့် ယခုအခါ စနစ် တကျ မဖွဲ့စည်းရသေးသော်လည်း ကေအန်ယူနှင့် ပေါင်းစည်းကာ မြန်မာစစ်အစိုးရကို တော်လှန်သွားမည် ဟု သူက ဆိုသည်။

မနှစ်က လုပ်ကြံခံခဲ့ရသည့် ဖဒိုမန်းရှာလားဖန် အထွေထွေအတွင်းရေးမှူးအဖြစ် တာဝန်ယူသည့် ကာလတွင် တော့ နိုင်ငံရေးက စစ်ရေးကို ဦးဆောင်မှုပေးလာနိုင်ခဲ့သည်ဟု သူက ဆက်ပြောသည်။

“ကေအန်ယူဆိုပေမယ့် ကျနော့်အမြင်ပြောရရင် မြန်မာနိုင်ငံတော်လှန်ရေးတခုလုံးကို ကိုယ်စားပြုတယ်။ ကေအန်ယူရဲ့ အရိပ်အာဝါသအောက်မှာ တပ်ပေါင်းစုတွေ၊ တပ်ဖွဲ့တွေ၊ အစိုးရတွေက စနစ်တကျ သွားနိုင် တယ်။ အဲလို သွားနိုင်ဖို့လည်း ကေအန်ယူက အများကြီးပံ့ပိုးပေးတယ်” ဟု ကိုခိုင်လင်းအောင်က သုံးသပ် သည်။

ကရင်တော်လှန်ရေး နှစ် ၆၀ ပြည့်အခမ်းအနားမှာ နိုင်ငံရေးအခမ်းအနားတခုသာမဟုတ်ဘဲ ကွဲကွာနေသည့် ကရင် တိုင်းရင်းသားများ ပြန်လည်ဆုံဆည်းသည့် ပွဲတခုအဖြစ်လည်း မြင်တွေ့ရသည်။ ဒေသတွင်းရှိ ကရင် တိုင်းရင်းသားများသာမက နိုင်ငံခြားရောက်နေသူများပါ ယခုအခမ်းအနားကို လာရောက်ဆင်နွှဲတာ တွေ့ရ သည်။

ယမန်နှစ် ဖေဖော်ဝါရီ ၁၄ ရက်နေ့က ကျဆုံးခဲ့သော ကေအန်ယူ အထွေထွေအတွင်းရေးမှူး ဖဒိုမန်းရှာ လားဖန်း၏ သမီးငယ် ဇိုရာဖန်းသည်လည်း အင်္ဂလန်နိုင်ငံမှနေ၍ ကေအန်ယူတော်လှန်ရေး နှစ် ၆၀ ပြည့် အခမ်းအနား တက်ရောက်ရန် ပြန်လာခဲ့သည်။ ဖဒိုမန်းရှာကို ကရင်တိုင်းရင်းသားများသာမက တခြားသော အတိုက်အခံ အဖွဲ့အစည်းအသီးသီးကပါ လေးစားကြရာ ယခုပွဲတွင် ၎င်းမရှိခြင်းက ကွက်လပ်ကြီးတခု သဖွယ်ဖြစ်ခဲ့သည်ဟု အများက ခံစားကြရကြောင်း သိရသည်။

“မြန်မာစစ်အစိုးရက ကရင်တိုင်းရင်းသားတွေနဲ့ ခေါင်းဆောင်တွေကို ချေမှုန်းဖို့ ကြိုးစားခဲ့တယ်။ ဒါပေမယ့် သူတို့ ဒီလို လုပ်လို့ လုံးဝမရဘူးဆိုတာ ဒီအခမ်းအနားက သက်သေပြနေပါတယ်” ဟု ဇိုရာဖန်းက ၎င်း အခမ်းအနားတွင် ကြွေးကြော်ခဲ့သည်။ ဆက်လက်၍သူက အခမ်းအနားကို ထောင်ပေါင်းများစွာသော ပရိသတ်တက်ရောက်လာသည့်အပေါ် အထူးပင် အံ့သြဝမ်းမြောက်သည်ဟု ပြောသည်။

ဖဒိုမန်းရှာ၏ မိသားစုက ယခုအခါ ဖန်းဖောင်ဒေးရှင်းဟူ၍ တည်ထောင်ကာ မိမိဒေသအတွင်း မိမိ၏ ပြည်သူ လူထုအတွက် အကျိုးရှိမည့် အလုပ်များကို လုပ်ဆောင်သော ကရင်မျိုးဆက်သစ် လူငယ်များကို ဆုပေးသွား မည် ဖြစ်သည်။

အမေရိကန်ဒေါ်လာ ၂၀၀၀ တန်ကြေးရှိသည့် ၎င်းဆုကို “ဖဒိုမန်းရှာလားဖန်း လူငယ့်ခေါင်းဆောင်ဆု” ဟု အမည်ပေးထားသည်။ ကရင်မျိုးဆက်သစ်လူငယ်များထဲမှ ဒေသတွင်း ခေါင်းဆောင်မှုပြုနိုင်သူ၊ ဆင်းရဲမှု ပ ပျောက်ရေးအတွက် ဆောင်ရွက်နိုင်သူ၊ ပညာရေးအစီအစဉ် မြှင့်တင်ပေးနိုင်သူ၊ ဖွံ့ဖြိုးရေးအစီအစဉ်များ မြှင့်တင်ပေးနိုင်သူနှင့် ကရင် ယဉ်ကျေးမှုကို ထိန်းသိမ်းဆောင်ရွက်နိုင်သူများအား ၎င်းဆုကို ချီးမြှင့်သွားမည် ဖြစ်ကြောင်း သိရသည်။

နှစ် ၆၀ ပြည့် ကရင်တော်လှန်ရေးနေ့တွင် ဖန်းဖောင်ဒေးရှင်း၏ ပထမဆုံးသောဆုကို ချီးမြှင့်ခဲ့ရာ နယ်စပ် ဒေသတွင် ကရင်တိုင်းရင်းသားများ အသိဥာဏ်မြင့်မားအောင် စွမ်းဆောင်ပေးနိုင်ခဲ့သည့် မျိုးဆက်သစ် လူငယ်တဦးဖြစ်သော နော်ဖောကဘလာထူး က ဆွတ်ခူးရရှိခဲ့သည်။

“ကျမ သိပ်ကိုဝမ်းသာပါတယ်။ ကရင်တိုင်းရင်းသားတွေရဲ့ ဘဝမြှင့်တင်ပေးရေး လုပ်ငန်းတွေကို တစိုက် မတ်မတ် ဆက်လက်ဆောင်ရွက်သွားပါ့မယ်” ဟု နော်ဖောကဘလာထူးကဆိုသည်။

အခမ်းအနားတွင် ကေအန်ယူ ဒုဥက္ကဌ စောဒေးဗစ်တာကပေါက စစ်အစိုးရကို ဆက်လက်တော်လှန်သွားမည် ဟု ပြောကြားခဲ့သည်။

“စစ်တိုက်တယ်ဆိုတာ တခါတလေ ရှေ့ကိုတိုးတိုက်ရပေမယ့် တခါတလေ နောက်ဆုတ်ရတာရှိတယ်။ ဒါကြောင့် ကျနော်တို့လည်း တခါတလေမှာ ရှေ့ကိုတိုးနိုင်ဖို့ နောက်ဆုတ်ရတဲ့ အခါမျိုးတွေ ရှိနိုင်ပါတယ်” ဟု သူက သတင်းထောက်များကို ပြောသည်။

ထိုနေ့က ကျင်းပသည့် အခမ်းအနားမှာ ကရင်လူထုအတွက် မျိုးဆက်သစ်နှင့် မျိုးဆက်ဟောင်းများကို ပေါင်း ကူးပေးသည့်ပွဲ၊ မျိုးဆက်သစ်လူငယ်၏ စွမ်းဆောင်ရည်ကို တက်နိုင်သလောက် မြှင့်တင်ပေးသလို တော်လှန် ရေးစတင် ဆင်နွှဲခဲ့သည့် မျိုးဆက်ဟောင်း ရဲဘော်ကြီးများကို ဂုဏ်ပြုကာ သမိုင်းကို ပြန်လည် ဖော်ထုတ်ပေး သည့်ပွဲဖြစ်သည်။

နယ်စပ်ဒေသ တလျှောက်တွင် ပြည်သူလူထုက ကစဥ့်ကလျားနေထိုင်နေရသည့် ဘဝ၌ သူတို့ကိုယ်သူတို့ ကာကွယ်ရန် နည်းမျိုးစုံနှင့် ကြိုးစားနေရသဖြင့် နိုင်ငံရေးအရဖြစ်စေ၊ မိမိ အသက်ရှင်နေထိုင်ရေးနှင့် ဘဝလုံ ခြုံရေးအတွက်ဖြစ်စေ လက်နက်ကိုင်စွဲကာ တော်လှန်နေရဦးမည်ဟု ဒေါက်တာ စင်သီယာမောင်က ပြောခဲ့ သည်။

“ပြင်းထန်တဲ့ ထိုးစစ်တွေ၊ ဖြိုခွဲမှုတွေကြားမှာ ဆိုတော့ အားနည်းလာတဲ့ အပိုင်းတွေ ရှိတယ်။ ကိုယ့်နိုင်ငံ ငြိမ်းချမ်းရေးအတွက် လူငယ်တွေက ပိုမိုတာဝန်ယူ ထမ်းဆောင်သင့်ပါတယ်” ဟု သူက ဆိုသည်။

ကေအန်ယူ ဂုဏ်ပြုစစ်ရေးပြတပ်တွင် တပ်သား အယောက် ၉၀ ကျော်မြင်တွေ့ရသည်။ ပွဲကို ကရင်ရိုးရာ ဒုံးယိမ်းအကဖြင့် အဆုံးသတ်သည်။ ဒုံးယိမ်းအဖွဲ့ဝင် ၃၀၀ ထက်မနည်း ပါဝင်ကပြခဲ့ကြသည်။



အေးချမ်းမြေ့
REF: ဧရာဝတီ

0 comments:

အပေါ်သို့