Thursday, February 5, 2009

သုံးပွင့်ဆိုင်ဆွေးနွေးပွဲဖြစ်မှ ၂၀၁၀ ရွေးကောက်ပွဲစဉ်းစားမည်ဟု ဂမ်ဘာရီကို သျှမ်းဒီချုပ်ပြော

ဗုဒ္ဓဟူးနေ့၊ 04 ဖေဖော်ဝါရီလ 2009

နိုင်ငံရေးအရ စစ်မှန်သောတွေ့ဆုံဆွေးနွေးမှု မလုပ်လျှင် ၂၀၁၀ ရွေးကောက်ပွဲအတွက် စဉ်းစားမည် မဟုတ် ကြောင်း သျှမ်းတိုင်းရင်းသားများ ဒီမိုကရေစီအဖွဲ့ချုပ် SNLD က မစ္စတာဂမ်ဘာရီကို တင်ပြဆွေးနွေးခဲ့သည် ဟု ပြောခွင့်ရပုဂ္ဂိုလ် စိုင်းလိတ်က ပြောပါသည်။

ဂျန္န၀ါရီ လ ၃၁ ရက် မှ ဖေဖေါ်ဝါရီလ ၃ ရက်နေ့အထိ ကုလအထူးကိုယ်စားလှယ် မစ္စတာဂမ်ဘာရီ၏ ၇ ကြိမ် မြောက် မြန်မာပြည်ခရီးစဉ်တွင် ပထမဆုံးအကြိမ်အဖြစ် စစ်အစိုးရဧည့်ဂေဟာ စိမ်းလဲ့ကန်သာ၌ သျှမ်း တိုင်းရင်းသားများ ဒီမိုကရေစီအဖွဲ့ချုပ် အတွင်းရေးမှူးများ အဖွဲ့ဝင်များဖြစ်ကြသော စိုင်းစောအောင်၊ စိုင်းရွှေ ကျူး၊ စိုင်းတင်လှိုင်တို့အား ယခုလ ၂ ရက်နေ့ က နာရီဝက်ခန့် လက်ခံတွေ့ဆုံခဲ့ကြောင်း၊ ထိုတွေ့ဆုံပွဲ၌SNLD ပြင်ဆင်ထားသောအချက်အလက်များ အားလုံးပြောပြခွင့်ရရှိခဲ့ကြောင်း၊ မစ္စတာ ဂမ်ဘာရီလည်း ကုလ အတွင်းရေးမှူးချုပ် မစ္စတာဗန်ကီမွန်းနှင့် တွေ့ဆုံလျှင်သော်လည်းကောင်း၊ စစ်အစိုးရအရာရှိများနှင့် တွေ့ဆုံ လျှင်သော်လည်းကောင်း SNLD ၏ ပြောဆိုတိုက်တွန်းချက်များကို အစီရင်ခံတင်ပြပေးမည်ဖြစ်ကြောင်း မစ္စတာဂမ်ဘာရီက ကတိပေးသွားခဲ့သည်ဟု ဆို၏။

မစ္စတာ ဂမ်ဘာရီနှင့်တွေ့ဆုံစဉ် တင်ပြဆွေးနွေးခဲ့ရသော အချက်များကို SNLD ပြောခွင့်ရပုဂ္ဂိုလ် စိုင်းလိတ်က ဤကဲ့သို့ ပြောပြ၏။ “မစ္စတာ ဂမ်ဘာရီကို ကျနော်တို့အထက်လူကြီးတွေ တင်ပြဆွေးနွေးခဲ့တာက အဓိက အကြောင်းရင်း ၃ ချက်ပေါ့ - (၁) ဒီမိုကရေစီ အင်အားစုဖြစ်တဲ့ အတိုက်အခံခေါင်းဆောင် ဦးတင်ဦး၊ ဒေါ်အောင်ဆန်းစုကြည် နောက်ပြီး တိုင်းရင်းသားခေါင်းဆောင်တွေဖြစ်တဲ့ ခွန်ထွန်းဦး၊ စိုင်းညွန့်လွင်နဲ့ ဗိုလ်ချုပ်ဆေထဲင် အပါအ၀င်၊ စစ်အစိုးရဖမ်းဆီးထားတဲ့ ရဟန်း၊ ကျောင်းသား၊ ပြည်သူနိုင်ငံရေး အကျဉ်းသား အားလုံးကို ပြန်လွှတ်ဖို့၊ (၂) နအဖ စစ်အစိုးရ၊အတိုက်အခံ ခေါင်းဆောင်တွေနဲ့ တိုင်းရင်းသား နိုင်ငံရေး ပါတီခေါင်းဆောင်တွေ၊ တိုင်းရင်းသားလက်ကိုင် အဖွဲ့အစည်းတွေပါဝင်တဲ့ သုံးပွင့်ဆိုင် တွေ့ဆုံဆွေးနွေးရေး ဖြစ်မြောက်အောင် ဆောင်ရွက်ပေးဖို့၊ (၃) သုံးပွင့်ဆိုင် Tripartite dialogue ပုံစံ တွေ့ဆုံ ဆွေးနွေးရေး မလုပ် ဘူးဆိုရင်တော့ SNLD အနေနဲ့ ၂၀၁၀ ရွေးကောက်ပွဲအတွက် တစုံတရာ လက်ခံစဉ်းစားမှာ မဟုတ်ဘူး” - ဟု ဆို၏။

မစ္စတာဂမ်ဘာရီကလည်း မစ္စတာဗန်ကီမွန်းနှင့် တွေ့ဆုံသောအခါ SNLD ဆွေးနွေးချက်အားလုံးကို ပြန်လည် တင်ပြပေးမည်ဖြစ်ကြောင်း၊ စစ်အစိုးရနှင့်တွေ့ဆုံလျှင်လည်း အဆိုပါကိစ္စများ ပြောဆိုတိုက်တွန်း သွားမည်ဖြစ် ကြောင်း၊ ခရီးစဉ်တိုင်း တိုင်းရင်းသား အဖွဲ့များနှင့်တွေ့ဆုံရန် အစီအစဉ်ဆွဲလာခဲ့သော်လည်း အခုမှတွေ့ဆုံခဲ့ရ ကြောင်း၊ Tripartite dialogue သုံးပွင့်ဆိုင်တွေ့ဆုံ ဆွေးနွေးပွဲ ဖြစ်မြောက်ရေးအတွက်လည်း ကြိုးစားဆောင် ရွက်ပေးမည်ဟု ကတိစကားပြောသွားကြောင်းလည်း စိုင်းလိတ်က သျှမ်းသံတော်ဆင့်သို့ပြောပြပါသည်။

အမျိုးသား ရင်ကြားစေ့ရေးအတွက် ၇ ကြိမ် ၇ လီ ရှိပြီဖြစ်သော မစ္စတာဂမ်ဘာရီ ၏ မြန်မာပြည်ခရီးစဉ်တွင် ၉၀ ရွေးကောက်ပွဲ ဒုတိယမဲအများဆုံးအနိုင်ရ တိုင်းရင်းသားနိုင်ငံရေးပါတီ SNLDကို ပထမဆုံးအကြိမ် လက်ခံတွေ့ဆုံခဲ့သည့်အတွက် ယခင်ကထက် နိုင်ငံရေးတိုးတက်မှုအနည်းငယ်ရှိလာသည်ဟု SNLD အနေ ဖြင့် ယူဆနိုင်သော်လည်း “အခုတွေ့ဆုံပွဲမှာ ကျနော်တို့ မျှော်လင့်ချက် ထားနိုင်ပေမယ့် ပြီးပြည့်စုံတဲ့ ကျေနပ် အားရမှုမျိုးတော့မရှိဘူး။

ဒါပေမယ့် နောက်ထပ်တွေ့ဆုံနိုင်ဖို့လည်း မျှော်လင့်ပါတယ်” - ဟု စိုင်းလိတ်က ပြောပါသည်။ မစ္စတာ ဂမ်ဘာရီ တွေ့ဆုံသင့် တွေ့ဆုံထိုက်သော ပုဂ္ဂိုလ်များ၊ ပါတီအသင်းအဖွဲ့များ လက်နက်ကိုင်အပစ်ရပ်အဖွဲ့များ၊ လက်နက်ကိုင် တိုက်ပွဲဝင်နေဆဲ အဖွဲ့အစည်းများ၊ နိုင်ငံရေးဆက်လုပ်နေသော ဖျက်သိမ်းခံ နိုင်ငံရေးပါတီများ အားလုံး လက်ခံတွေ့ဆုံပြီးမှသာ ဗိုလ်ချုပ်မှူးကြီးနှင့်တွေ့ဆုံပါက နိုင်ငံရေးအရ တိုးတက်သည်ဟု သုံးသပ်နိုင် ကြောင်း၊သို့သော်ယခုခရီးစဉ်တွင် ဗိုလ်ချုပ်မှူးကြီးသန်းရွှေနှင့်လည်း တွေ့ဆုံခွင့်မရဘဲပြန်သွားရကြောင်းဆိုပါ သည်။



REF: သျှမ်းသံတော်ဆင့်

0 comments:

အပေါ်သို့