Monday, February 2, 2009

ခြိမ်းခြောက်ခံနေရသော ဒုက္ခသည်စခန်း

ဒယ်နီယယ် ပီဒါဆင်
တနင်္ဂနွေနေ့၊ ဖေဖေါ်ဝါရီလ 01 2009

မဲဆောက် (မဇ္ဈိမ)။ ။ မြန်မာနှင့် နယ်နိမိတ်ချင်းထိနေသော ထိုင်းနိုင်ငံမြောက်ပိုင်း မဲဆောက်မြို့၏ တောင် ဘက် ၅ နာရီခရီးအကွာရှိ နို့ဖိုးဒုက္ခသည်စခန်းတွင် ညအချိန်၌ စခန်းပတ်လမ်းတလျှောက် လူသူဟူ၍ မတွေ့ရတော့ဘဲ ရှင်းလင်းနေတော့သည်။

ည ၉ နာရီထိုးချိန် မဆင်မခြင် ဖရောင်းတိုင်ထွန်းသည့်သူ ပေါ်လာလျှင် မြန်မာစစ်အစိုးရကို ပုန်ကန် တိုက်ခိုက်နေသည့် အာရှတွင် သက်တမ်းအရှည်ဆုံး တပ်ဖွဲ့တဖွဲ့ဖြစ်သည့် တိုင်းရင်းသားသူပုန် ကရင်အမျိုး သား အစည်းအရုံး (KNU) ၏ လက်နက်ကိုင်တပ် ကရင်အမျိုးသား လွတ်မြောက်ရေးတပ်မတော် (KNLA) တပ်ဖွဲ့ဝင်များက ချက်ချင်းပင် လာရောက်၍ ငြှိမ်းသတ်လိုက်ကြလိမ့်မည်။

မြန်မာအစိုးရ ကျောထောက်နောက်ခံပြုထားသည့် တပ်ဖွဲ့ဝင်များက ထိုင်းနိုင်ငံ၏ အချုပ်အခြာအာဏာကို ဝင်ရောက်ကျူးကျော် စော်ကားနေသည်ကို လုံခြုံရေးများ တင်းကျပ်စွာချထား၍ ကာကွယ်သည့်အချိန် ၂ ပတ်ကျော်လာချိန်တွင်မူ ထိုသို့ ရူးရူးမိုက်မိုက်ပင် ဘေးပတ်ဝန်းကျင်က မြင်သာအောင် မီးထွန်းမည့်သူ မရှိ တော့ပါ။

ထိုင်းစစ်သားများနှင့် KNLA တပ်ဖွဲ့ဝင်များက နေဝင်မီးငြိမ်းအမိန့်ကို ကောင်းစွာ စောင့်ကြပ်ကြည့်ရှုနေသည့် အတွက် ညတိုင်လျှင် သူတို့၏ ယာယီတဲအိမ်များမှ အပြင်သို့ ထွက်လာသူဟူ၍ မရှိပါ။

လွန်ခဲ့သော ၂ ပတ်ကဆိုလျှင် စခန်းကို ည ၈ နာရီ ၄၅ မိနစ်တိတိတွင် ပိတ်သည်။ သို့သော် 'ယခုအခါတွင် အခြေအနေများ အတော်အေးဆေးသွားပါပြီ' ဟု စခန်းတွင်း နေထိုင်သူတဦးက ပြောသည်။

လွန်ခဲ့သော ရက်သတ္တပတ် အနည်းငယ်ကဆိုလျှင် ကရင်တပ်ဖွဲ့၏ ခွဲထွက်အဖွဲ့တဖွဲ့ဖြစ်ပြီး၊ စစ်အစိုးရနှင့် ပေါင်းစည်းထားသည့် ဒီမိုကရက်တစ် ဗုဒ္ဓဘာသာတပ်မတော် (DKBA) က အရှက်နည်းစွာ အကြိမ်ပေါင်းများ စွာ ဝင်ရောက်တိုက်ခိုက်ခဲ့သည့်အတွက် အားလုံးနေစရာမရှိ ရင်တမမ နေခဲ့ကြရသည်။

စခန်းတွင်း နေထိုင်သူများမဟုတ်သည့် ကရင်များဖြစ်သော အဆိုပါ DKBA 'သူလျှို' များမှာ ညအမှောင်ကို အကာအကွယ်ယူကာ စခန်းအနီးတဝိုက် ၄ ရက်ဆက်တိုက် ချောင်းမြောင်းလှုပ်ရှားနေသည်ကို တွေ့ရှိဖမ်းမိခဲ့ သည်။

စခန်းလုံခြုံရေး တာဝန်ကျအရာရှိများ အလွန်အမင်း စိုးရိမ်ထိတ်လန့်ကာ စခန်းအနီးတဝိုက် တင်းမာမှုအပြင်း ထန်ဆုံး အခြေအနေတွင် အဆိုပါ သူလျှိုတဦးကို ဖမ်းဆီးကွပ်မျက်ခဲ့သည်။

"အခုထိဖမ်းမိတာ ၉ ယောက် ၁ဝ ယောက်လောက်ရှိပြီ" ဟု စခန်းတွင်း လုပ်ကိုင်နေသည့် နိုင်ငံခြားသား ကျောင်းဆရာ ၂ ဦးအနက် တဦးဖြစ်သော ကားလ်ဘရောင်း (Carl Browne) က ပြောသည်။ သူ စာသင် ကြားပေးနေသည့် အင်္ဂလိပ်စကားပြောသင်တန်း (ESC) ၏ ကော်မတီဝင်တဦးဆိုလျှင် သွားရင်းလာရင်း တည၌ ထိုလူများ ၃ ဦးကို ပက်ပင်းတိုးမိခဲ့သည်ဟု ဆိုသည်။

သူ့ကျောင်းကို တက္ကသိုလ်အစား 'သင်တန်း' (Course) ဟု တမင်ပြောင်းလွှဲ အမည်ပေးထားရသည်။ တက္က သိုလ်ဆိုလျှင် အမြဲတမ်း သဘောဆောင်၍ ထိုင်းအာဏာပိုင်များက ခွင့်မပြုသောကြောင့်ဖြစ်သည်။

အလွန်ပြင်းထန်သော တိုက်ပွဲများသည် နို့ဖိုးစခန်းနှင့် ၁ဝ ကီလိုမီတာ အနီးတဝိုက်တွင်ပင် အနီးကပ် ဖြစ်ပွား လျက်ရှိသည်။

မြောက်ဘက်ရှိ စခန်းတခုကို ယခုနှစ်အစောပိုင်းက လက်လွှတ်ဆုံးရှုံးသွားခဲ့သည့် KNLA အထူးတပ်ရင်း ၁ဝ၃ မှ တပ်ကြွင်းတပ်ကျန်များကို ဒီကေဘီအေတပ်များက နောက်မှ လိုက်လံတိုက်ခိုက်နေခြင်းဖြစ်သည်။

KNLA တပ်များကလည်း မြင့်သထက်မြင့်သော တောင်ကုန်းများရှိရာ တောင်ဘက်ဆီသို့သာ ဆုတ်ခွာနေပြီး လမ်းတွင်မိုင်းများ ထောင်ထားခဲ့ကြသည်။ ထိုမိုင်းများကြောင့် DKBA တပ်ဖွဲ့ဝင်များ အဆက်မပြတ် ဒဏ်ရာရ နေပြီး၊ ထိုင်းအစိုးရ ဖွင့်လှစ်ထားသည့် အုန်းဖန်ဆေးရုံသို့ ဒဏ်ရာပြင်းထန်သူများ တက်ရောက်ကုသခံနေကြ သည်။

တပ်ရင်း ၁ဝ၃ ၏ အခြေခံစခန်းသည် ကရင်ပြည်နယ်အတွင်း KNLA တပ်မဟာ ၆ ၏ နောက်ဆုံးကျန်သော စခန်း ၂ ခု အနက် တခု ဖြစ်သည်။ ထို့ကြောင့် ဤစခန်းကျဆုံးသွားခြင်းသည် မြောက်ဘက်ရှိ ဝါးလေခီး စခန်းတခုသာ ကျန်တော့သည်ဆိုသည့် အဓိပ္ပာယ်ပင်ဖြစ်သည်။

ကရင်လူမျိုးများ အသိအမှတ်ပြုခံရရေးအတွက် တိုက်ပွဲဝင်နေသည့် ကရင်အမျိုးသားတို့၏ တိုက်ပွဲကို လူ သားချင်းစာနာသည့် အထောက်အပံ့အကူအညီ ရန်ပုံငွေများ ပေးအပ်နေသည့် နိုင်ငံခြားသား အလှူရှင်တဦး က ယခုအခါ KNLA တပ်မှူးများသည် ဝါးလေခီးစခန်းလည်း ကျဆုံးတော့မည်ဆိုသည်ကို လက်ခံထားကြပြီ ဟု ပြောသည်။

"ကျနော်ထင်တယ်၊ အင်အားချင်း မမျှတာကြောင့် သေနင်္ဂဗျူဟာအရ စဉ်းစားရင် တပ်သားတွေ လုံခြုံရေး အတွက် သူတို့ကို လှုပ်ရှားခိုင်းနေတာက ပိုကောင်းတယ်ထင်တယ်" ဟု သူက ပြောသည်။

DKBA နှင့် နအဖ တပ်များ ဝါးလေခီးစခန်းကို တိုက်ရန် ဟန်ပြင်နေသည်မှာ ရက်သတ္တပတ်ပေါင်းများစွာ ကြာပြီဖြစ်သော်လည်း ယခုအထိတော့ နောက်ဆုံး ထိုးစစ်ဆင်ခြင်းများ မပြုလုပ်သေးပါ။

သို့သော် ထိုင်းနိုင်ငံကမူ ဝါးလေခီးစခန်း ကျနိုင်သည်ဆိုသည်ကို တွက်ထားပြီး နယ်စပ်ကို သေချာစွာ ပိတ်ဆို့ ၍ စောင့်ကြပ်ကင်းလှည့်ခြင်းများ ပြုလုပ်နေသည်။ စစ်သားများနှင့် အရပ်သားများ တိုက်ပွဲနယ်မြေမှ ထွက် ပြေး၍ ထိုင်းနယ်နိမိတ်ထဲ ဝင်ရောက်မလာနိုင်အောင် ကာကွယ်စောင့်ကြပ်ထားခြင်းဖြစ်သည်။

ထိုသို့ DKBA နှင့် နအဖတပ်များ မဝင်သေးဘဲ ဆိုင်းနေခြင်းမှာ "သူတို့က အလောသုံးဆယ် မဝင်ဘူးလေ၊ ဒီ နေရာမှာ ထောင်ချောက်မိုင်းတွေ ဆင်ထားမယ်ဆိုတာ သိနေတော့ ဘယ်ဝင်မလဲ၊ အဲဒီမှာ ဘယ်သူမှ ရှိမှာ မဟုတ်ဘူး" ဟု နိုင်ငံခြားသားအလှူရှင်က ရှင်းပြသည်။

"အဲဒီထဲဝင်ရင် အထိအခိုက်များမယ်ဆိုတာ သူတို့သိတယ်လေ"

'အနိဋ္ဌာရုံကင်းသည့်နိုင်ငံ' စာအုပ် ရေးသားသူ ဘီနီဒစ်ရော်ဂျာ (Benedict Rogers) က တပ်ရင်း ၁ဝ၃ ၏ အဆုံးအရှုံးများကို ကော်ဖီသောက်ရင်း လွမ်းလွမ်းဆွေးဆွေး ပြောသည်။

"ကျနော်က ဒီနေရာကို တနှစ်ကို ၂ ခေါက် ၃ ခေါက် ရောက်နေတာ ခင်ဗျား သိသားပဲ။ တခါလာရင် နောက် ထပ် နယ်မြေတခု ဆုံးရှုံးနေပြီ"

"ကရင်တွေ (KNU/KNLA) တွေတော့ ထပ်ထပ်ပြီး အဆော်ခံနေရတော့တာပဲ" ဟု သူက ခေါင်းတခါခါဖြင့် ပြောသည်။

သူ၏ ယခုတခေါက် ခရီးစဉ်တွင် မစ္စတာရော်ဂျာသည် KNU ၏ ခေါင်းဆောင်သစ်များနှင့် တွေ့ဆုံမည်ဖြစ်ပြီး၊ မြန်မာနိုင်ငံ အေးချမ်းသာယာရေးနှင့် ဖွံ့ဖြိုးရေးကောင်စီ (SPDC) နှင့် တိုက်ခိုက်နေရသည့် တိုက်ပွဲတွင် ဤ ခေါင်းဆောင်သစ်များက အားသစ်လောင်းပေးနိုင်လိမ့်မည်ဟု သူက မျှော်လင့်ထားသည်။

"ခင်ဗျားသိတဲ့အတိုင်း ပဒိုမန်းရှာ သေဆုံးပြီးကတည်းက တကယ်ခေါင်းဆောင်နိုင်တဲ့ ခေါင်းဆောင်မှုရယ်လို့ မရှိတော့တာ" (ပဒိုမန်းရှာသည် KNU ၏ အထွေထွေအတွင်းရေးမှူးဟောင်းဖြစ်ပြီး၊ ၂ဝဝ၈ ခုနှစ် ဖေဖော်ဝါရီ လ ၁၄ ရက်နေ့က သူ့နေအိမ်တွင် လုပ်ကြံခံရ၍ ကွယ်လွန်သွားခဲ့သည်။)

"သူက အယူအဆမတူတဲ့သူတွေ၊ ဘာသာမတူတဲ့သူတွေ အားလုံးကို စုစည်းထားနိုင်တဲ့သူ၊ ဒီမိုကရေစီအဖွဲ့ အစည်း တော်တော်များများနဲ့လည်း အချိတ်အဆက်ရှိအောင် ထိန်းထားနိုင်တယ်။ သူကတော့ မျှော်လင့်ချက် ကြီးကြီးရှိခဲ့တဲ့သူပဲ"

ကရင်ပြည်နယ်အတွင်းစတင်ခဲ့သော နအဖ (SPDC) ၏ နောက်ဆုံးထိုးစစ်များသည် ယခုအခါ ရှမ်းပြည်နယ် နှင့် ကရင်နီပြည်နယ်များအတွင်းသို့ ရောက်ရှိသွားပြီဖြစ်ပြီး၊ ၂ဝ၁ဝ ရွေးကောက်ပွဲမတိုင်ခင် ကိုယ်ပိုင်ပြဌာန်းခွင့်အတွက် လက်နက်ကိုင် တိုက်ခိုက်နေကြသော သူပုန်အဖွဲ့များကို ဦးကျိုးသွားအောင်လုပ်သည့် အစီ အစဉ်၏ အစိတ်အပိုင်းတရပ်ပင်ဖြစ်သည်ဟု မစ္စတာရော်ဂျာက ပြောသည်။

ဤအဆိုကို မဲဆောက်ရှိ မြန်မာအတိုက်အခံများကလည်း သဘောတူသည်။ နောက်နှစ် ရွေးကောက်ပွဲမတိုင် မီ လက်နက်ကိုင်အဖွဲ့များကို လက်ရှိပြုလုပ်နေသော အလွန်ပြင်းထန်သည့် ထိုးစစ်ကြီးများဖြင့် အင်အားချိနဲ့ အောင် လုပ်ပြီး အပစ်အခတ်ရပ်စဲရေးစာချုပ် လက်မှတ်ရေးထိုးဖြစ်အောင် ဖိအားပေးလိမ့်မည်ဟု သူတို့က ဆိုသည်။

မစ္စတာရော်ဂျာက သူစိုးရိမ်နေသည်မှာ စစ်အစိုးရ၏ အလွန်အကျွံ ရန်လိုနေသော လုပ်ရပ်များကြောင့် စိတ် အနှောင့်အယှက်ဖြစ်၊ စိတ်တိုဒေါသထွက်နေသော နိုင်ငံတကာ အသိုင်းအဝိုင်းအနေဖြင့် ဘယ်လောက်ပင် မယုံသော်လည်း အပေါ်ယံရွှေမှုံကြဲမျှပင်ဖြစ်စေ၊ ခေတ္တခဏ အေးဆေးငြိမ်သက်သွားသည်ကို လက်ခံလိုက် လိုစိတ် ပေါ်လာမည်ကိုပင်ဖြစ်သည်ဟု သူက ဆိုသည်။

"ဒါ အာရှနိုင်ငံတွေမှာ အထူးသဖြင့် တွေ့ရတာမျိုးပဲ။ သူတို့က လက်ရှိအခြေအနေကို ငြီးငွေ့နေကြပြီ" ဟု သူက ပြောသည်။

နိုဖိုး ဒုက္ခသည်စခန်းရှိ 'တရားဝင်' ဒုက္ခသည်အရေအတွက်မှာ ၁၄ဝဝဝ ခန့်သာ ရှိသည်။ သို့သော် အပတ် တိုင်းပင် ထိုင်းပွဲစားများက ကားများ၊ ထရပ်ကားများဖြင့်တင်၍ လူသစ်များ လာပို့နေကြသောကြောင့် စခန်းရှိ လူဦးရေမှာ အစဉ်လိုပင် တိုးပွားနေသည်။

ခြောက်သွေ့ရာသီတွင် အသွားအလာ လွယ်ကူသော စခန်းများသို့ အဆက်မပြတ် ဝင်ရောက်လာနေကြသည့် အစိုးရ မဟုတ်သော အဖွဲ့အစည်းများ (NGO) ၊ ခရစ်ယာန်အသင်းအဖွဲ့များ၊ နိုင်ငံခြားသား စေတနာ့ဝန်ထမ်း ဆရာများက မေ့ပျောက်သွားခြင်းခံရသည့် ဒုက္ခသည်စခန်းရှိ ဒုက္ခသည်အများစုမှာ မဲဆောက်မှ နို့ဖိုးသွားဖို့ပင် ဘတ် ၅ဝဝဝ ကုန်မှ ရောက်သည်။

နိုဖိုးတွင် ယခုအပတ်အထိ ရှိနေသော ကျောင်းသား ၆ဝဝ ကျော်၏ တဦးတည်းသော နိုင်ငံခြားသား ကျောင်း ဆရာ ကားလ်ဘရောင်း (Carl Browne) က ဝရမ်းပြေးတယောက်အတွက် နို့ဖိုး ရောက်ပြီဆိုလျှင် သူ့ အတွက် လုံခြုံသွားပြီဟု ပြောသည်။

"အဲဒါမှ တကယ့်ပြဿဿနာ" ဟု သူက ဆိုသည်။

"မဲဆောက်ကနေ သိပ်ဝေးတဲ့နေရာမှာ နေနေရတော့ ကျနော်တို့လည်း တယောက်ထဲ အေးအေးပဲ နေချင် တယ်။ အားလုံးကို မေ့ထားချင်တယ်။ ကျနော်တို့မှာ အင်တာနက်ကဖေးတွေလည်း ရှိတယ်။ ဈေးဆိုင်တွေ လည်းရှိတယ်"

"နိုင်ငံရေးအကျဉ်းသားဟောင်းတွေ ရန်ကုန်မြို့က ထွက်လာပြီး၊ နို့ဖိုးမှာ ဒုက္ခသည် လာလျှောက်တာ၊ တက်ကြွလှုပ်ရှားသူတွေ လာလျှောက်တာ ပိုပိုများလာနေတယ်။ မယ်လစခန်းထက်တောင် များသေးတယ်"

"ဒါကြောင့်လည်း နို့ဖိုးက တကယ်ဖိအားပေးခံနေရတာ။ စစ်အစိုးရကလည်း ဒီစခန်းကို နောက်နှစ်မတိုင်ခင် ရှင်းပစ်ချင်နေတာ" ဟု သူက ပြောသည်။

နို့ဖိုးတွင် နေသူများကလည်း သူတို့စခန်းကို စစ်အစိုးရက ရှင်းပစ်ချင်နေ၊ ဖျက်ဆီးချင်နေသည်ကို ကောင်း ကောင်းသိသည်။

"ဒုက္ခပဲ။ DKBA ကလည်း ထိုင်းဒုက္ခသည်စခန်းမှူးကိုတောင် ဆက်သွယ်ပြီး၊ ခင်ဗျားလူတွေ ထွက်ခိုင်းလိုက်၊ ကျနော်တို့ဆီ လာပြီး မီးရှို့ပစ်လိုက်တော့မယ်လို့ ပြောတယ်တဲ့" ဟု မစ္စတာဘရောင်းက ပြောသည်။



REF: မဇ္ဈိမ

0 comments:

အပေါ်သို့