Tuesday, February 3, 2009

ဒေါ်စုက ကုလသမဂ္ဂကို အားမရကြောင်း ထုတ်ပြောပြီ

အေပီ၊ ရိုက်တာ သတင်းဌာန
ဖေဖော်ဝါရီ ၂၊ ၂၀၀၉
ယနေ့နံနက်က မစ္စတာ ဂမ်ဘာရီ နှင့် ဒေါ်စု တွေ့ဆုံစဉ် (photo:Reuters)

စစ်အစိုးရကို ဖြောင်းဖျခြင်းမပြုနိုင်သည့် ကုလသမဂ္ဂအား ဒေါ်အောင်ဆန်းစုကြည်က စိတ်ပျက်ဒေါသထွက် ကြောင်း ထုတ်ဖော်ပြောကြားလိုက်သည်ဟု ဒေါ်စု၏ ပါတီက ဆိုသည်။

အကျယ်ချုပ် ချခံထားရသော ဒေါ်စုသည် ယနေ့နံနက်ပိုင်းက ကုလသမဂ္ဂက စေလွတ်သည့် အထူးကိုယ်စား လှယ် မစ္စတာ ဂမ်ဘာရီနှင့် ၁ နာရီကျော် တွေ့ခွင့်ရခဲ့သည်။

အမျိုးသား ဒီမိုကရေစီ အဖွဲ့ချုပ် ပြောခွင့်ရပုဂ္ဂိုလ် ဦးဉာဏ်ဝင်းက “(နိုင်ငံရေးပြုပြင်ပြောင်းလဲမှုများအတွက်) ဒေါ်စုက ဘယ်သူနဲ့ပဲဖြစ်ဖြစ် တွေ့ချင်ပါတယ်” ဟု မစ္စတာဂန်ဘာရီအား ပြောလိုက်သည်ဟု ဆိုသည်။ သို့သော်လည်း “မည်သည့် အောင်မြင်မှု ရလဒ်မျှ မရှိသည့် တွေ့ဆုံမှုမျိုးကိုမူ လက်ခံနိုင်ခြင်းမရှိ”ဟု ဒေါ်စုက ဖြည့်စွက်ပြောခဲ့ကြောင်း ဦးဉာဏ်ဝင်းက ရှင်းပြသည်။

မစ္စတာ ဂမ်ဘာရီ၏ ၂ နှစ်တာ ခရီးစဉ် ၆ ခုအတွင်း လက်ဆုပ်လက်ကိုင် ပြနိုင်သည့် တိုးတက်မှုများ မရှိခဲ့ဟု ဒေါ်စု၏ အဖွဲ့ချုပ်က သတ်မှတ်ထားသည်။ အကျဉ်းသားများ လွတ်မြောက်မှု၊ နိုင်ငံရေးဆွေးနွေးပွဲများ စသည် တို့ ဖြစ်ပေါ်လာခြင်းမရှိဟု ဆိုသည်။

ယခု မစ္စတာ ဂမ်ဘာရီ၏ ခရီးစဉ်သည် ၇ ကြိမ်မြောက် ခရီးစဉ်ဖြစ်သည်။ ဒေါ်စုက မစ္စတာ ဂမ်ဘာရီကို “အနိမ့်ဆုံးအဆင့်အနေနဲ့ နိုင်ငံရေးအကျဉ်းသားတွေ အားလုံးလွတ်မြောက်တာမျိုး ဖြစ်သင့်တယ်”ဟု ပြောကြားခဲ့ကြောင်း သိရသည်။


မစ္စတာ ဂမ်ဘာရီ နှင့် အဖွဲ့ချုပ်ခေါင်းဆောင်များ ယနေ့ တွေ့ဆုံစဉ်။ (photo:AP)

REF: မိုးမခ

0 comments:

အပေါ်သို့