Thursday, February 5, 2009

တမီးလ်တိုက်ဂါးအကြောင်း တစေ့တစောင်း - ခင်မမမျိုး

စကားချီး

(၂၀၀၈)ခုနှစ်နဲ့ (၂၀၀၉) ခုနှစ် အစပိုင်း ကာလတလျှောက်ဟာ ကမ္ဘာတ၀ှမ်းမှာ ပဋိပက္ခစစ်မီးတွေ တောက် လောင်နေတဲ့ ကာလလို့ ဆိုရမလားပဲ။ ၂၀၀၈ခုနှစ်၊ သြဂုတ်လထဲမှာ Georgian- Ossetian ပဋ္ဋိပက္ခရဲ့ တစိတ်တပိုင်းဖြစ်တဲ့ South Ossetia စစ်ပွဲဖြစ်ခဲ့တယ်။ ဂျော်ဂျီယာတွေက တဘက်၊ ရုရှားနဲ့ South Ossetia ထဲက separatists တွေကတဘက် ဖြစ်ခဲ့တဲ့ ဒီစစ်ပွဲမှာ လူအများအပြား သေကြေပျက်စီးခဲ့ရတယ်။ အိုးမဲ့ အိမ်မဲ့ ဖြစ်ခဲ့ရတယ်။ နှစ်ကုန်ပိုင်းရောက်တော့ အစ္စရေးက ပါလက်စတိုင်း Hammas အဖွဲ့ကို စစ်ရေးနည်းနဲ့ ချေမှုန်းတဲ့ကိစ္စဟာ ကမ္ဘာတ၀ှမ်းက မီဒီယာတွေအားလုံးရဲ့ ခေါင်းကြီးပိုင်းသတင်းတွေ ဖြစ်လာခဲ့တယ်။ ဒါ တွေတင်မက ကမ္ဘာတ၀ှမ်းလုံးမှာ ဖြစ်ပျက်နေတဲ့ armed conflict တွေဖြစ်တဲ့ အာရှတိုက်က အာဖဂန်နစ်စ တန်- တာလီဘန်အရေး၊ အိန္ဒိယ - Kashmier အရေး၊ ဖိလစ်ပိုင်- Mindanaoan separatists အရေး၊ သီရိ လင်္ကာ- တမီးလ်အရေး၊ အာဖရိကတိုက်က အယ်လ်ဂျီးရီးယားနဲ့ လက်နက်ကိုင်အစ္စလာန်အုပ်စု (ဂျီအိုင် အေ) အရေး၊ ဆိုမားလီးယားအရေး၊ ဆူဒန်-ဒါဖာအရေး၊ ယူဂန်ဒါနဲ့ Lord's Resistance Army အရေး၊ ဥရောပက ရုရှား - Chechenအရေး၊ ဂျော်ဂျီယာအရေး၊ လက်တင်အမေရိကက ကိုလန်ဘိုအရေး၊ အရှေ့ အလယ်ပိုင်းက အီရတ်အရေး၊ အစ္စရေး-ပါလက်စတိုင်းအရေး၊ ရေမင်- Shabab al-Moumineen အရေး၊ Turkey- the Kurdish Workers’ Party (PKK) အရေးကိစ္စတွေဟာ လူပေါင်းများစွာရဲ့ အသက်တွေ၊ ဘ၀ တွေကို ဖျက်ဆီးပစ်ခဲ့ပါပြီ။

ဒီအရေးကိစ္စတွေကြားထဲမှာ အခု ၂၀၀၉ နှစ်ဦးပိုင်းကာလများကျတော့ သီရိလင်္ကာက တမီးလ်တိုက်ဂါးများနဲ့ အစိုးရတပ်များအကြားက (၃၇)နှစ်ကြာရှည်ခဲ့ပြီဖြစ်တဲ့ ပဋ္ဋိပက္ခဟာ စစ်ရေးလေ့လာသူများနဲ့ နိုင်ငံတကာရဲ့ concern ကို တိုးမြင့်စေခဲ့ပါတယ်။ သီရိလင်္ကာ သမ္မတ Mahinda Rajapakse က တမီးလ်တိုက်ဂါးများကို အပြီးသတ် ချေမှုန်းနိုင်တော့မယ်ဆိုတဲ့အကြောင်း (၆၁) နှစ်မြောက် လွတ်လပ်ရေးနေ့အခမ်းအနားမှာ ပြော ဆိုသွားခဲ့ပေမယ့်လဲ အစိုးရတပ်များနဲ့ တမီးတိုက်ဂါးတို့ရဲ့ ပဋ္ဋိပက္ခဇုန်အတွင်းမှာ အရပ်သား ၂ သိန်းခွဲခန့် ပိတ်မိနေပါတယ်။ ယူအက်စ်၊ အီးယူ၊ ဂျပန်၊ နော်ဝေတို့ပါဝင်တဲ့ quartet ( Oslo-led Peace Negotiations) ကတော့ တမီးတိုက်ဂါးများကို လက်နက်ချပြီး၊ အပစ်အခတ်ရပ်စဲဖို့ တိုက်တွန်းထားပါတယ်။ သူတို့အဆိုအရ မကြာခင်မှာ တမီးလ်တိုက်ဂါးများရဲ့ လှုပ်ရှားနယ်မြေတွေလဲ ဆုံးရှုံးတော့မှာဖြစ်တဲ့အတွက် ဆက်တိုက်နေ တာဟာ တိုက်ပွဲဝင်သူတွေနဲ့ အရပ်သားတွေရဲ့ အသက်တွေ ထပ်မံဆုံးရှုံးတာပဲ ဖြစ်လာနိုင်တာကြောင့် အကျိုးမရှိကြောင်း ပြောထားကြပါတယ်။ ဒီဖြစ်ရပ်တွေကို သတင်းမှာ နားထောင်နေမိရင်း တမီးလ်တိုက်ဂါး များနဲ့ ပတ်သက်တဲ့ ဒီဆောင်းပါးလေးကို ရေးဖြစ်သွားပါတယ်။

နိဒါန်း

ကမ္ဘာတ၀ှမ်းက insurgent forces တွေကို စစ်ရေးလေ့လာသူတွေ၊ လက်နက်ကိုင်အဖွဲ့တွေ၊ ငြိမ်းချမ်းရေး လှုပ်ရှားသူတွေက ရှုထောင့်မျိုးစုံကနေ အမျိုးအစားမျိုးစုံ ခွဲခြားပြီး လေ့လာ ဆန်းစစ်လေ့ရှိကြပါတယ်။ ဒီ အထဲမှာ ထင်ရှားတဲ့ model တမျိုးကတော့ စစ်ရေးလေ့လာသူ Clap ham ခွဲခြားသုံးသပ်ပြထားတဲ့ အမျိုး အစား ပုံစံဖြစ်ပါတယ်။ သူက insurgent forces တွေကို လွတ်မြောက်ရေးလှုပ်ရှားသူတွေ၊ ခွဲထွက်ရေး လှုပ် ရှားသူတွေ၊ ပြုပြင်ပြောင်းလဲလိုသူတွေနဲ့ စစ်ဘုရင်တွေဆိုပြီး အမျိုးအစားလေးမျိုး ခွဲခြားခဲ့ပါတယ်။ သူ့ခွဲခြား မှုပုံစံဟာ ထင်ရှားလှပေမယ့် ဒီပုံစံဟာ aspirations ကိုသာ အခြေခံပြီး၊ manifestations တွေကို ထည့်သွင်း စဉ်းစားထားခြင်း မရှိပါဘူး။ တခြားထင်ရှားတဲ့ ပုံစံတမျိုးဖြစ်တဲ့ O' Neill ရဲ့ anarchist, egalitarian, traditionalist, pluralist, separatist, reformist, preservationist အမျိုးအစားတွေကလဲ Clap ham ရဲ့ ပုံစံတုန်းကလိုပဲ aspirations ကိုသာ အခြေခံထားပါတယ်။

အခုဒီဆောင်းပါးမှာ တမီးလ်တိုက်ဂါးများအကြောင်း ဖော်ပြတဲ့အခါမှာတော့ တခြားပုံစံတမျိုးတမျိုးဖြစ်တဲ့ အပြည်ပြည်ဆိုင်ရာ စစ်မဟာဗျူဟာလေ့လာရေးအဖွဲ့ကြီးမှ ထုတ်ဝေတဲ့ Adelphi Paper ထဲက Mack inlay ရဲ့ ခွဲခြားမှုပုံစံကို အသုံးပြုပါမယ်။ သူက insurgent forces တွေကို Lumpen, Clan, Popular နဲ့ Global ဆိုပြီး လေးမျိုးလေးစား ခွဲခြားထားခဲ့ပါတယ်။ သူ့ခွဲခြားမှုပုံစံဟာ လှုံ့ဆော်မှုအကြောင်းတရားတွေ၊ အားသာ ချက်တွေ၊ မဟာဗျူဟာဝန်းကျင်အနေအထားတွေ၊ ဦးဆောင်မှု၊ အဖွဲ့အစည်းပုံစံ၊ နည်းဗျူဟာ စတဲ့ အချက် တွေအပေါ်မှာ အခြေခံထားတဲ့အတွက် အဖွဲ့အစည်းတခုအကြောင်း လေ့လာဖော်ပြတဲ့အခါမှာ instruments of assessment အနေနဲ့ အသုံးဝင်လှပါတယ်။

သူ့ခွဲခြားမှုပုံစံအရ Lumpen insurgent force ဆိုတာက ideology အပေါ်မှာ အခြေမခံပဲ၊ culture နဲ့ intellectual လွှ့မ်းမိုးမှုကနေ ပေါ်ပေါက်လာတဲ့ အဖွဲ့အမျိုးအစား ဖြစ်ပါတယ်။ ဥပမာ- Sierra Leone က အာရ်ယူအက်ဖ်လို့ အတိုကောက်ခေါ်ကြတဲ့ Revolutionary Front Party ပါ။ နောက်တမျိုးကတော့ Clan Insurgent force ပါ။ Clan ဆိုတာက ဘိုးဘေးဘီဘင်တဦးတည်းက ဆင်းသက်လာတယ်လို့ အစဉ် အဆက် ယူဆသတ်မှတ်ခဲ့ကြတဲ့ မျိုးနွယ်စုပါ။ နိုင်ငံအများစုမှာ ဒီလိုမျိုးနွယ်စုတွေ ရှိတတ်ပါတယ်။ သူတို့ တွေက ဘာသာစကား၊ အမျိုးတော်မှု၊ အမည်နာမတူမှုတွေအပေါ်မှာ အလေးအနက် ထားတတ်ကြပါတယ်။ ဒီမျိုးနွယ်စုတွေက military purposes အတွက် စုစည်းရာမှာ အရေးကြီး သွေးနီးတတ်တာကြောင့် တချို့ နိုင်ငံတွေမှာကျတော့လဲ national army ရဲ့ အစိတ်အပိုင်းတွေ ဖြစ်လာပါတယ်။ ဥပမာ- ဗြိတိသျှစစ်တပ်ရဲ့ Highland Regiments များဟာ Scottish Clans ဖြစ်ပါတယ်။ တချို့နိုင်ငံတွေမှာကျတော့လဲ insurgent forces တွေဖြစ်လာကြပါတယ်။ ဥပမာ- ဆိုမားလီးယားမှာဆိုရင် clans, sub-clans အမျိုးအစားများစွာ ကွဲပြားနေပြီး၊ ပြည်တွင်းပဋ္ဋိပက္ခကလဲ အရမ်းကြီးမားနေတာ နှစ်ပေါင်းများစွာ ကြာမြင့်ခဲ့ပါပြီ။ နောက်တမျိုးက တော့ global insurgent forces ပါ။ ဒီအမျိုးအစားကတော့ ဥပမာပြရတာ လွယ်ကူလှပါတယ်။ အိုစမာ ဘင်လာဒင်ရဲ့ al-Qaeda အဖွဲ့လို ပုံစံမျိုးတွေကို ခေါ်ဆိုတာပါ။ နောက်ဆုံးတမျိုးကတော့ popular insurgent forces ပါ။ popular ဆိုတဲ့ စကားလုံးက လူထုရဲ့ ထောက်ခံမှုကို ဆိုလိုတာပါ။ ပိုမို အင်အား ကြီးမားတဲ့ တရားဝင်အစိုးရ (သို့မဟုတ်) တရားမ၀င် အစိုးရတရပ်ကို ဆန့်ကျင်ဖို့ တမျိုးသားလုံးကဖြစ်စေ၊ လူမျိုးစုများ ပူးပေါင်းနေထိုင်တဲ့နိုင်ငံဆိုရင်လဲ လူမျိုးစုတခုကဖြစ်စေ၊ ထောက်ခံအားပေးတဲ့ လက်နက်ကိုင် အဖွဲ့ကို ရည်ညွှန်းသတ်မှတ်တာဖြစ်ပါတယ်။

တမီးလ်နှင့် Popular insurgency

Classical form အရ Popular insurgency မှာ phase သုံးမျိုးရှိပါတယ်။ ပထမက Pre-Revolutionary Phase ပါ။ အဲဒီအချိန်မှာ ခေါင်းဆောင်ဖြစ်သူဟာ နောက်လိုက်အနည်းငယ်နဲ့ ကင်ပိန်းအတွက် political environment ကို စတင်ဖန်တီးပါတယ်။ ထောက်ခံသူများလာတဲ့အခါ လှုပ်ရှားမှုအသက်ဝင်လာတော့မှ အစိုးရတပ်တွေကို ထိတွေ့မှုစတင်လာပြီး Insurgency Phase ဖြစ်လာတာပါ။ ဒီလိုထိတွေ့မှုလေးတွေ အောင်မြင်လာတဲ့အခါကျမှ၊ လက်နက်ကိုင်လှုပ်ရှားမှု အားကောင်းလာပြီး ပြည်တွင်းစစ်ကို အသွင်ပြောင်း ကြပါတယ်။ အဲဒါကို Limited War Phase လို့ စစ်ရေးအသုံးအနှုန်းအရ ခေါ်ဆိုပါတယ်။ တမီးလ်တိုက်ဂါး တွေရဲ့ လှုပ်ရှားမှုပုံသဏ္ဍာန်တွေဟာ ဒီ Phases သုံးမျိုးလုံးကို တဆင့်ချင်းကူးပြောင်းလာခဲ့တာ ဖြစ်ပါတယ်။

Popular insurgency မှာ နောက်ထပ်တွေ့ရတဲ့ သွင်ပြင်လက္ခဏာတမျိုးကတော့ အစိုးရတပ်နဲ့ insurgent forces အကြားက ဆက်နွယ်မှုပါပဲ။ ဒါကတော့ အစိုးရလှုပ်ရှားမှုအပေါ်မှာ မူတည်ပြီး၊ လိုက်လံ ချိန်ဆရတာ ဖြစ်ပါတယ်။ A tough regime invites a dangerous insurgent ဆိုတဲ့ သမိုင်းဝင် ဆိုရိုးစကားတခုလိုပါပဲ။ တမီးလ်တိုက်ဂါးများကိစ္စမှာ အကြမ်းဖက်မှုကိစ္စ၊ လူ့အခွင့်အရေး ချိုးဖောက်မှုကိစ္စတွေနဲ့ ပတ်သက်ပြီး အပြန်အလှန် စွပ်စွဲမှုတွေကြောင့်၊ လေ့လာစောင့်ကြည့်သူတွေ အကြားမှာတောင် ကိုယ်ပိုင်တန်ဖိုးထားမှု တွေ၊ စံတွေပေါ်မူတည်ပြီး အကြီးအကျယ် အငြင်းပွားမှုတွေ ဖြစ်လေ့ရှိကြပါတယ်။ တက္ကသိုလ်ဌာနတခု အတွင်းမှာတင် လူ့အခွင့်အရေးလေ့လာသူတွေနဲ့ နိုင်ငံရေးအကြမ်းဖက်မှု လေ့လာသူတွေအကြား၊ serious debate တွေ ဖြစ်လာကြရပါတယ်။ ဘယ်သူမှန်တယ်၊ မှားတယ်ပြောရခက်တဲ့ ပုစ္ဆာကြီးတပုဒ်ပါပဲ။ နှစ်ဖက် စလုံးမှာ အားနည်းချက်တွေ၊ အမှားတွေ ရှိခဲ့ကြတာတော့ အသေအချာပါ။

Popular insurgency မှာ နောက်ထပ်တွေ့ရတဲ့ သွင်ပြင်လက္ခဏာတမျိုးကတော့ အဖွဲ့အစည်းဖွဲ့စည်းပုံပါ။ ဒီအဖွဲ့တွေမှာ ဘဏ္ဍာရေး၊ နိုင်ငံတကာဆက်သွယ်ရေး၊ နိုင်ငံရေး၊ ပြန်ကြားရေးနဲ့ ၀ါဒဖြန့်ချိရေး၊ စစ်ရေးဆို တဲ့ functional areas တွေ ရှိပါတယ်။ ဒီဧရိယာတွေမှာ တခုမဟုတ်တခု ချို့ယွင်းတဲ့ အဖွဲ့ဆိုရင်လဲ သူတို့ရဲ့ နိုင်ငံရေးရည်မှန်းချက်ကို ပြည့်မှီအောင် ဆောင်ရွက်နိုင်မှာ မဟုတ်ပါဘူး။ ကမ္ဘာတ၀ှမ်းတော်လှန်ရေးများစွာက ဒီအချက်ကို သွေးနဲ့ရင်းပြီး သက်သေထူသွားခဲ့ပြီးပါပြီ။ တမီးလ်တိုက်ဂါးများမှာ ဒီသွင်ပြင်လက္ခဏာတွေ အားလုံးရှိနေပါတယ်။ ၁၉၉၇ ခုနှစ်မှာ မြို့တော်ရဲ့ ဘဏ္ဍာရေး District ကို ဗုံးဖောက်ခွဲမှုသာ မပြုလုပ်ခဲ့ဖူးဆို ရင် ဒီအဖွဲ့ရဲ့ အခြေအနေက အခုအချိန်မှာ တမျိုးဖြစ်ပါလိမ့်မယ်။ ဒီကိစ္စအကြောင်းကို အောက်က သမိုင်း ဖြစ်စဉ်တွေမှာ အသေးစိတ်ရေးသားထားပါတယ်။

ပဋ္ဋိပက္ခမြစ်ဖျားခံရာ

သီရိလင်္ကာနိုင်ငံမှာ အခုဖြစ်ပွားနေတဲ့ ပဋ္ဋိပက္ခဟာ လူများစုဖြစ်တဲ့ Sinhala community နဲ့ လူနည်းစု Tamil Community တို့အကြားက ethnic conflict အမျိုးအစားဖြစ်ပါတယ်။ ၁၉၇၀ အစပိုင်း ကာလများက တမီးလ်လူမျိုးတွေအကြားမှာ ရွေးကောက်ခံ Sinhalese government ရဲ့ တမီးလ်လူမျိုးများအပေါ် ဘာသာ စကား၊ ပညာရေးတိုးတက်မှုအခွင့်အလမ်း၊ အလုပ်အကိုင်အခွင့်အလမ်း စတဲ့ ကျန်းမာရေး၊ ပညာရေး၊ လူမှု ရေး အခွင့်အလမ်းတွေမှာ exclusion လုပ်ထားတာတွေနဲ့ ပတ်သက်ပြီး မကျေနပ်မှုတွေ ပေါက်ဖွားလာခဲ့ပါ တယ်။ တမီးလ်လက်နက်ကိုင် လှုပ်ရှားမှုတွေ စတင်ပေါ်ပေါက်လာခဲ့ပြီး၊ တမီးလ်လူမျိုးများရဲ့ တန်းတူညီမျှ ခွင့်၊ လွတ်လပ်ခွင့်တွေကို ဆောင်ကျဉ်းပေးနိုင်မယ့် autonomy အတွက် တောင်းဆိုမှုတွေ အများအပြား ပေါ်ပေါက်လာခဲ့ပါတယ်။ တချို့သောအဖွဲ့များကလဲ လုံးဝလွတ်လပ်ရေးကို တောင်းဆိုခဲ့ကြပါတယ်။

ပဋ္ဋိပက္ခကြီးထွားလာခြင်း

၁၉၈၃ ခုနှစ်ကျတော့ တမီးလ် insurgent group ဖြစ်တဲ့ Liberation Tigers of Tamil Eelam (LTTE) အဖွဲ့က အစိုးရတပ်တွေကို ခြုံခိုတိုက်ခိုက်တဲ့ တိုက်ပွဲတခုဖြစ်ပွားခဲ့ပါတယ်။ ဒီတိုက်ပွဲကြောင့် အစိုးရတပ်သား (၁၃) ယောက် သေဆုံးခဲ့ပါတယ်။ ဒီဖြစ်ရပ်အပေါ်မှာ လူများစုဖြစ်တဲ့ Sinhala community က လူမျိုးရေး အရေးအခင်းတွေ ဖန်တီးပြီး အကြီးအကျယ်တုံ့ပြန်ခဲ့ပါတယ်။ ဒါကြောင့် တမီးလ်လူမျိုးများဟာ နေရပ်ဒေသ တွေကို စွန့်ခွာပြီး၊ တမီးလ်လူမျိုးအများစုရှိတဲ့ နယ်မြေဒေသတွေမှာ သွားရောက် အခြေချနေထိုင်ကြပါတော့ တယ်။ တခါတရံမှာ သေးငယ်တဲ့ တိုက်ပွဲလေးတွေဟာလဲ ကြီးမားခက်ထန်လှတဲ့ ပဋ္ဋိပက္ခကြီးတွေရဲ့ မီးပွား တွေ ဖြစ်လာစေတတ်တယ်ဆိုတာ ဒီဖြစ်ရပ်က သက်သေတခုပါပဲ။

များသောအားဖြင့် လူမျိုးရေးအပေါ် အခြေခံတဲ့ ပဋ္ဋိပက္ခမီးတွေ တဟုန်းဟုန်းတောက်လောင်စေမှုတွေရဲ့ တရားခံတွေဟာ လူနည်းစုခေါင်းဆောင်တွေ မဟုတ်ပါဘူး။ လူများစုခေါင်းဆောင်တွေ ဖြစ်လေ့ရှိပါတယ်။ အင်အားကြီးမားမှုအပေါ်မှာ မာနသွေးတွေကြွပြီး၊ လူနည်းစုတွေ၊ တိုင်းရင်းသားတွေကို ချိုးနှိမ်တဲ့ စကားလုံး တွေ၊ လှုပ်ရှားမှုတွေ ပြုလုပ်တတ်ကြပါတယ်။ ဒီလိုဖြစ်ရပ်တွေဟာ လူနည်းစု တိုင်းရင်းသားတွေရဲ့ ရပ်တည် ချက်ကို စော်ကားမိသလိုဖြစ်ပြီး၊ ပဋ္ဋိပက္ခတွေကို ပိုမိုကြီးကျယ်သွားစေတော့တာပါပဲ။ ဒါကြောင့်လဲ majority leader ဟာ rational ဖြစ်ဖို့ လိုအပ်ကြောင်း ပညာရှင်တွေက ထောက်ပြပြောဆိုကြတာပါ။ rational မဖြစ် တဲ့ လူများစုခေါင်းဆောင်တွေနဲ့ တိုင်းပြည်စည်းလုံး ညီညွတ်ရေးကို တည်ဆောက်လို့ မရပါဘူး။ အချိန် မရွေး conflict escalation ဖြစ်သွားနိုင်ပါတယ်။

တကယ်တော့ အခုပဋ္ဋိပက္ခကိုသာ ကျွမ်းကျင်စွာ ကိုင်တွယ်တတ်ခဲ့ရင် နောင်နှစ်ပေါင်း သုံးဆယ်ကျော်ကြာ အောင် တဟုန်းဟုန်း တောက်လောင်မယ့် စစ်မီးတွေကို ထိန်းနိုင်ခဲ့ပါလိမ့်မယ်။ ဒါပေမယ့် rational မဖြစ်တဲ့ ခေါင်းဆောင်တွေကြောင့် ပဋ္ဋိပက္ခကတော့ အကြီးအကျယ် ကြီးမားသွားခဲ့ပါတယ်။ ၁၉၈၃ ကနေ ၁၉၈၇ ခု အထိ ကာလတွေမှာ တမီးလ်လူငယ်နှစ်သောင်းကျော်ဟာ တမီးလ်တိုက်ဂါးအဖွဲ့ဝင်တွေ ဖြစ်လာခဲ့ပါတယ်။ ပြည်ပကို ထွက်ခွာသွားကြတဲ့ တမီးလ်လူမျိုးများရဲ့ လှုပ်ရှားမှု၊ ကူညီထောက်ပံ့မှုများကြောင့် လှုပ်ရှားမှုရဲ့ အသက်သွေးကြောဖြစ်တဲ့ ဘဏ္ဍာရေးခိုင်မာတောင့်တင်းလာခဲ့ပါတယ်။ ဘဏ္ဍာရေး ဆက်နွယ်မှုများဟာ ဥရောပ၊ အရှေ့အလယ်ပိုင်းဒေသ၊ နိုက်ဂျီးရီးယား၊ ရေမင်၊ ဇန်းဘီးယားတို့အထိ ချဲ့ထွင်နိုင်ခဲ့ကြပါတယ်။ နိုင်ငံတကာ ကင်ပိန်းအတွက် ရုံးပေါင်း (၄၀) ကျော်ကို ကမ္ဘာအနှံ့မှာ တည်ထောင်နိုင်ခဲ့ကြပါတယ်။

Indo-Lanka Peace Accord

(၁၉၈၇)၊ မေလ (၂၉) ရက်နေ့ကျတော့ တမီးလ်တွေရဲ့ autonomy ရရှိနိုင်ဖို့နဲ့ အိန္ဒိယနိုင်ငံရဲ့ ဒေသတွင်း geopolitical and strategic interests ကို ထိန်းသိမ်းနိုင်ဖို့အရေး ရှေးရှုတဲ့ Indo- Lanka Peace Accord ထွက်လာပါတယ်။ ဒီစာချုပ်အရ တမီးနဲ့ သီရိလင်္ကာအစိုးရတပ်များအကြားက တင်းမာမှုတွေကို ထိန်းသိမ်း နိုင်ဖို့အတွက် အိန္ဒိယစစ်တပ်က တပ်သား တသိန်းကျော်ကို သီရိလင်္ကာနိုင်ငံတွင်းမှာ အခြေချတပ်စွဲစေပါ တယ်။ Peace Keeping force တွေ အနေနဲ့ပါ။ တမီးလ်နိုင်ငံရေးအဖွဲ့ တော်တော်များများက ဒီ political stream မှာ ပူးပေါင်းပါဝင်လာကြပါတယ်။ တမီးလ်တိုက်ဂါးအဖွဲ့တော့ မပါပါဘူး။ သုံးလကြာတဲ့အချိန်မှာပဲ တမီးလ်တိုက်ဂါးအဖွဲ့က India Peace Keeping Force ကို စစ်ကြေငြာပါတော့တယ်။ အခြားတဖက်မှာလဲ နိုင်ငံခြားတပ်သားများ အခြေချတပ်စွဲမှုကို အကြောင်းပြုပြီး Sinhala nationalist force က အစိုးရကို စစ် ကြေငြာ ပြန်ပါတော့တယ်။

ပြည်တွင်းရေးကိစ္စတွေမှာ နိုင်ငံခြားတပ်တွေ အသုံးပြု ဖြေရှင်းမှုရှိလာခဲ့ရင် ဒီအချက်တွေကို အထူးပဲ သတိ ထားရပါလိမ့်မယ်။ ideology ပိုင်းမှာ သဘောထားကွဲလွဲတဲ့ နိုင်ငံခြားတပ်တွေ အသုံးပြုခဲ့ရင် ပိုဆိုးနိုင်ပါ တယ်။ ကိုယ့်တပ်တွေ၊ ကိုယ့်မဟာမိတ်တပ်တွေဟာလဲ ရန်သူတပ်တွေ ဖြစ်သွားတတ်ပါတယ်။ ဒီအချက်ဟာ သိပ်အရေးကြီးပါတယ်။

သွေးမြေကျသောကာလများနှင့် Rajiv Gandhi လုပ်ကြံခံရမှု

အဲဒီနောက်ပိုင်းမှာ တိုက်ပွဲတွေ အကြီးအကျယ်ဖြစ်ပြီး၊ စစ်မီးတွေ တောက်လောင်တော့တာပါပဲ။ လူတွေရဲ့ အသက်တွေ သိန်းချီသောင်းချီပြီး ပျက်စီးဆုံးရှုံးခဲ့ပါတယ်။ တမီးလ်အုပ်စုကွဲ သုံးဆယ်ကျော် ပြိုကွဲသွားခဲ့ပြီး၊ တမီးလ်တိုက်ဂါးတဖွဲ့တည်းသာ အင်အားကြီး အဖွဲ့ဖြစ်လာခဲ့ပါတယ်။ ၁၉၉၀ ခုနှစ်၊ မေလရောက်တော့ အိန္ဒိယ၀န်ကြီးချုပ် Rajiv Gandhi လုပ်ကြံခံခဲ့ရပါတယ်။ ၁၉၉၀ နှောင်းပိုင်းကာလတလျှောက် ဗုံးပေါက်ကွဲမှု တွေ၊ အကြမ်းဖက်သတ်ဖြတ်မှုတွေ၊ နိုင်ငံရေးအရ လုပ်ကြံမှုတွေ အများအပြား သီရိလင်္ကာမှာ ဖြစ်ပွားခဲ့ပါ တယ်။ တမီးလ်တိုက်ဂါးနဲ့ အစိုးရတပ်များအကြား အပြန်အလှန်စွပ်စွဲမှုတွေ ပေါ်ပေါက်လာပါတော့တယ်။

၁၉၉၅၊ ၉၆ ခုနှစ် ကာလများတွေမှာ အစိုးရတပ်ဘက်က လက်ထောက်ကာကွယ်ရေးဝန်ကြီးကိုယ်တိုင် တိုက်ရိုက်စီမံကွပ်ကဲမှုနဲ့ ပြုလုပ်တဲ့ ထိုးစစ်တွေ အများအပြား ပေါ်ပေါက်ခဲ့ပါတယ်။ ဒီထိုးစစ်တွေကြောင့် တမီးလ်ထိန်းချုပ်နယ်မြေရဲ့ အချက်အချာနေရာဖြစ်တဲ့ Jaffna ကနေ တမီးလ်တပ်တွေ ဆုတ်ခွာပေးလိုက်ရပါ တယ်။ တမီးလ်ခေါင်းဆောင်တွေက Mullitaivu တောထဲတွေမှာ စခန်းချရတဲ့အထိ ဖြစ်လာပါတယ်။ ဒီအပေါ် မှာ တမီးလ်တွေရဲ့ တုန့်ပြန်မှုကကျတော့ သာမန်ထက် ပိုပြင်းထန်သွားပါတယ်။ စစ်ပွဲတွေမှာ ခံစားမှုကို ဦးစားပေးတိုက်လာတဲ့အခါ နိုင်ငံရေးရည်မှန်းချက်ကနေ လက်စားချေရေးဆီကို ရွေ့လျောသွားတတ်တယ်။ အဲဒီအချက်ကို တော်လှန်ရေးအဖွဲ့အစည်းတိုင်း သတိထားကြရပါမယ်။ တမီးလ်တွေလဲ အဲဒီအချိန်မှာ အလျင်အမြန်လက်စားပြန်ချေရေးကိုသာ အာရုံစိုက်ခဲ့ကြပါတယ်။ ဖြစ်ပေါ်လာမယ့် နောက်ဆက်တွဲ အကျိုး ဆက်တွေကို ထည့်သွင်းစဉ်းစားခြင်း မလုပ်ခဲ့ကြပါဘူး။ စစ်ရေးထိုးစစ်ကို သူတို့ပြန်လှန်တုံ့ပြန်ခဲ့ကြတာက စစ်ရေးနဲ့ မဟုတ်ပဲ အကြမ်းဖက်မှုဆီကို ရွေ့လျောသွားပါတယ်။ ၁၉၉၇ ခုနှစ်၊ ဇန်န၀ါရီလ (၃၁)ရက်နေ့မှာ မြို့တော်ရဲ့ ဘဏ္ဍာရေး district ကို suicide truck ကားနဲ့ တိုက်ခိုက်ခဲ့မှုဟာ လူပေါင်း (၈၆) ယောက်ရဲ့ ဇီဝိန်ကို ခြွေယူသွားခဲ့ပြီး၊ အမျိုးသမီးနဲ့ ကလေးများအပါအ၀င် လူပေါင်း (၁၃၃၀)ကျော်ကို ဒဏ်ရာရရှိစေခဲ့ပါ တယ်။ ဒီဖြစ်ရပ်ဟာ အစိုးရတပ်အပေါ် တိုက်ရိုက်ထိခိုက်ခဲ့ခြင်း ဘာမှမရှိပဲ၊ အစိုးရတပ်ရဲ့ legitimacy ကို မြှင့်တင်ပေးလိုက်သလို ဖြစ်သွားခဲ့ပါတယ်။

ငြိမ်းချမ်းရေးဆီသို့

၁၉၉၀ နှောင်းပိုင်းကာလကျတော့ Norwegian- Brokered peace process စတင်လာပါတယ်။ ၂၀၀၂ ခုနှစ် မှာ အပစ်အခတ်ရပ်စဲရေးသဘောတူညီချက် ထွက်ပေါ်လာပါတယ်။ တမီးလ်များဘက်ကလဲ တမီးလ်လူမျိုး များ အများစုနေထိုင်ရာ နယ်မြေတွေအတွက် လုံးဝလွတ်လပ်ရေးမဟုတ်ပဲ ကိုယ်ပိုင်အုပ်ချုပ်ရေးကိုသာ တောင်းဆိုဖို့ သဘောတူညီခဲ့ပါတယ်။ နှစ်ဘက်စလုံးက တိုင်းရင်းသားလူမျိုးစုများဆိုင်ရာ ပဋ္ဋိပက္ခတွေ အတွက် အသင့်လျော်ဆုံး တိုင်းပြည်တည်ဆောက်မှု ပုံစံဖြစ်တဲ့ federal structure ကို သဘောတူညီခဲ့ကြပါ တယ်။ ဒါပေမယ့် ဒီငြိမ်းချမ်းရေးဖြစ်စဉ်ဟာ မရှည်ကြာလိုက်ပါဘူး။

အလုံးစုံ ချေမှုန်းရေးဆီသို့

နိုင်ငံတကာက ဘယ်လိုပဲကြိုးစားကြိုးစား၊ ငြိမ်းချမ်းရေးဖြစ်စဉ်ဟာ မအောင်မြင်ခဲ့ပါဘူး။ နှစ်ဘက်စလုံးက မညီညွတ်မှုတွေဟာ ပြဿနာမီးပွားတွေကို မီးတောက်တွေ ပြန်ဖြစ်သွားစေခဲ့ပါတယ်။ အစိုးရဘက်က ပါတီ နှစ်ခုအကြား အကြီးအကျယ်ပြိုင်ဆိုင်မှုတွေဟာ ငြိမ်းချမ်းရေး ကြိုးပမ်းမှုတွေကို နှောင့်နှေးစေခဲ့သလို၊ တမီးလ်တွေဘက်မှာလဲ political schism ပြဿနာက ပေါ်ပေါက်လာခဲ့ပါတယ်။ ထိပ်တန်းစစ်ရေး ခေါင်းဆောင်တဦးက ကေဒါ ခြောက်ထောင်ကျော်ကို ဖဲ့ထုတ်ပြီး၊ အစိုးရတပ်တွေနဲ့ ပူးပေါင်းသွားမှုပါ။ တော်လှန်ရေးကြာရင် တော်လှန်ရေးရဲ့ မူလရည်မှန်းချက်က ဘယ်လောက်ပဲ ကောင်းကောင်း၊ ဘယ်လောက်ပဲ မှန်မှန် ဒီလိုပြဿနာတွေ ဖြစ်လာတတ်ပါတယ်။ ရတဲ့အခွင့်အရေးကို အမိအရဆုပ်ကိုင်ပြီး၊ အဆုံးသတ်အောင်ပွဲကို အမြန်ရယူနိုင်ဖို့ လိုအပ်လှပါတယ်။

အဆိုးဆုံးကတော့ ငြိမ်းချမ်းရေးတည်ဆောက်မှုမှာ အဓိကကျတဲ့ အစိုးရဘက်ခေါင်းဆောင် အပြောင်းအလဲ ဖြစ်သွားတာပါပဲ။ ၂၀၀၅ ခုနှစ်မှာ hardliner ဖြစ်တဲ့ Mahinda Rajapaksa အာဏာရလာပါတယ်။ ငြိမ်းချမ်း ရေးတည်ဆောက်ဖို့ ကြိုးပမ်းရာမှာ၊ ယုံကြည်မှုတည်ဆောက်ရာတွေမှာ အင်အားကြီးမားတဲ့ အစိုးရတပ် ဘက်က attitudes ဟာ အလွန်ကိုအရေးကြီးပါတယ်။ အင်အားနည်းတဲ့ အတိုက်အခံဘက်က ပြုလုပ်လို့ ငြိမ်းချမ်းရေးဆွေးနွေးပွဲ ပျက်သွားတာတွေ၊ အပစ်အခတ်ရပ်စဲမှု သဘောတူညီချက်ပျက်သွားတာတွေဟာ ကမ္ဘာ့သမိုင်းမှာ တော်တော်ရှားပါတယ်။ အင်အားနည်းသူဘက်က ကတိကို အလွယ်တကူမဖျက်ကြပါဘူး။ အင်အားကြီးသူဘက်က မလိမ့်တပတ်လုပ်တဲ့အခါ၊ ငြိမ်းချမ်းရေးမဟုတ်ပဲ ချေမှုန်းရေးအသွင် ဖန်တီးလာတဲ့ အခါတွေမှာသာ ဒီလိုဆိုးဝါးတဲ့ ငြိမ်းချမ်းရေးပျက်ပြယ်မှုတွေ ဖြစ်လာနိုင်တာပါ။

ဒီလိုနဲ့ ၂၀၀၆ ခုနှစ်၊ နှစ်လယ်ပိုင်းရောက်တော့ လူမျိုးရေးပဋ္ဋိပက္ခတွေ ထပ်မံဖြစ်ပွားလာပါတယ်။ ၂၀၀၇ ခုနှစ် ကျတော့ အပစ်အခတ်ရပ်စဲထားတဲ့ တပ်အချင်းချင်း ရင်ဆိုင်ထိတွေ့မှုတွေ တစတစများလာပါတယ်။ ၂၀၀၈၊ ဇန်န၀ါရီလကျတော့ အပစ်အခတ်ရပ်စဲရေးကို ကိုလံဘိုက တရားဝင် ရုတ်သိမ်းလိုက်ပြီး၊ တဘက်နဲ့တဘက် အလုံးစုံချေမှုန်းရေးအပေါ် အခြေခံတဲ့ ပြည်တွင်းစစ်ပွဲကြီးဆီကို ဦးတည်သွားပါတော့တယ်။ အခု ၂၀၀၉၊ ဖေဖော်ဝါရီကျတော့ တမီးလ်တိုက်ဂါးတွေကို အလုံးစုံချေမှုန်းနိုင်တော့မယ်လို့ အစိုးရက ကြေငြာလိုက်ပါ တယ်။ ဘယ်လိုပဲဖြစ်ဖြစ် အပြစ်မဲ့လူဦးရေ နှစ်သိန်းကျော်ကတော့ conflict zone ထဲမှာ ပိတ်မိနေဆဲပါပဲ။ ဒဏ်ရာရသူတွေကို ကယ်ထုတ်ဖို့ humanitarian view ကတောင်းဆိုမှုကိုလဲ အစိုးရတပ်တွေက အကြောင်းပြန်ခြင်း မရှိသေးပါဘူး။

နိဂုံး

ဒီဖြစ်ရပ်တွေဟာ ပဋ္ဋိပက္ခပြဿနာတွေ ရှိနေဆဲ အခြားနိုင်ငံများအတွက် အရေးကြီးတဲ့ သင်ခန်းစာတွေကို မီး မောင်းထိုးပြထားပါတယ်။ တော်လှန်ရေးတရပ် ရှည်ကြာလာရင် ဖြစ်လာတတ်တဲ့ အကျိုးဆက်တွေ၊ အမှန် အမှားေ၀၀ါးသွားမှုတွေ၊ ကတိဖျက်မှုတွေ၊ ငြိမ်းချမ်းရေးတည်ဆောက်မှုကို ပျက်ယွင်းစေနိုင်တဲ့ အချက်တွေ စတဲ့ သင်ခန်းစာတော်တော်များများကို လေ့လာဆန်းစစ် ကြည့်နိုင်ပါတယ်။ အခုဒီဆောင်းပါးဟာ တမီးလ် တိုက်ဂါးတွေ ဘက်ကိုပဲဖြစ်ဖြစ်၊ သီရိလင်္ကာနိုင်ငံ အစိုးရတပ်တွေဘက်ကိုပဲဖြစ်ဖြစ်၊ ဘက်လိုက်ရေးသား ထားခြင်း မရှိပါဘူး။ သမိုင်းဖြစ်စဉ်များကိုသာ ဗဟုသုတအနေနဲ့ တင်ပြရေးသားခြင်းဖြစ်ပါတယ်။

ခင်မမမျိုး (၄၊၂၊ ၂၀၀၉)

ရည်ညွှန်းကိုးကား။ ။
Kalatunge, M. (2003) “Insurgency in a small country: Ethnic Revolt in SRI LANKA”, Strategy Research Project, U.S. Army War College, Unclassified document
Kronstadt, K. (2008) “Sri Lanka: Background and U.S. Relations”, CRS Report for Members and Committees of Congress, Congressional Research Services, Unclassified document
Mackinlay, J. (2002) “Globalization and Insurgency”, Adelphi Paper, The International Institute for Strategic Studies, Oxford



REF: ခင်မမမျိုး

0 comments:

အပေါ်သို့