လက်ဗလာဝင်ရောက်လာတဲ့ မစ္စတာဂမ်ဘာရီတော့ လက်ဗလာနဲ့ ပြန်သွားပြန်ပြီ။
လက်ဗလာပြန်သွားရပေမယ့် လာကတည်းက လက်ဗလာလာသူမို့ သူကတော့ ဘာမှမရှုံးဘူး။ ပါးစပ်ပဲ စိုက် ရတာ။ ပါးစပ်အစာ (ပြန်အစီရင်ခံစရာ) ရရင် သူ့အတွက် စရိတ်ကျေပြီ။
အလားတူပဲ နဂိုကတည်းက ဒီမိုကရေစီဗလာဖြစ်နေတဲ့ ဗမာပြည်သားတွေအဖို့ ဗလာပဲရလိုက်ပါတယ်။
စာရင်းချုပ်လိုက်တော့ ဘယ်သူတွေကမြတ်လို့ ဘယ်သူတွေကရှုံးသလဲ။
ပြန်ကြည့်လိုက်ရင် ကုလသမဂ္ဂအတွင်းရေးမှူးရဲ့အထူးသံတမန်ဆိုတာတွေ လာလိုက်တဲ့အကြိမ်တွေ များပဲ များလှပြီဆိုတာ တွေ့ရမှာပါ။ ဘဝသံသရာ ရထားကြီးလိုပဲ တယောက်ဆင်း တယောက်တက်၊ ကုလသမဂ္ဂ အတွင်းရေးမှူးတွေလည်းပြောင်း၊ သူတို့ရဲ့ အထူးသံတမန်တွေလည်းပြောင်း။ မပြောင်းတာက ဗမာပြည်ရဲ့ အခြေအနေ။ ပြည်သူတွေရဲ့ဘဝ။ ဓာတ်ပြားဟောင်းကြီးနဲ့ ငိုချင်းချနေရတဲ့ ဗမာပြည် ပြည်သူတွေရဲ့ဘဝ။ နအဖစီစဉ်တဲ့အတိုင်းနေ၊ သွား၊ တွေ့၊ ပြော၊ အကုန်လိုက်လုပ်နေရတဲ့ အထူးသံတမန်ဟာ ဘယ်သူ့ကို ကိုယ်စားပြုတာလဲ ဆိုတာတောင် စဉ်းစားရမလိုဖြစ်နေပါပြီ။ မစ္စတာဂမ်ဘာရီရဲ့ ဒီတခါလာတဲ့ ခရီးစဉ်ဟာ နှစ်ဖက်ရင်ကြားစေ့ပေးဖို့လို့ ဆိုပါတယ်။ ကြားလို့ကောင်းလှပါ တယ်။ ဒါပေမယ့် ဒီနိုင်ငံကို သူတခေါက်လာတိုင်း နှစ်ဖက်ဟာ ပိုပိုနီးလာသလား၊ ဝေးဝေးသွားသလား ပြန် စဉ်းစားရမလို ဖြစ်နေပါတယ်။ လက်တွေ့အနေအထားက ကုလသမဂ္ဂ သံတမန် တခေါက်လာတိုင်း၊ ဗိုလ် သန်းရွှေတယောက် “အတွေ့မခံဘူး” ဆိုပြီး တခါမာန် တခါတင်းလိုက်ရတိုင်း၊ ကြာရင် ဗိုလ်သန်းရွှေ တက် နေမှာတောင် စိုးရပါတယ်။ မနှစ်တုန်းက ဒေါ်အောင်ဆန်းစုကြည်က မစ္စတာဂမ်ဘာရီကို အတွေ့မခံဘူးဆိုတဲ့ အခါမှာတော့ နအဖနဲ့ သူတို့ရဲ့ အလိုတော်ရိတွေဟာ ဒေါ်စုကို အကြီးအကျယ် တိုက်ခိုက်ပြောဆိုခဲ့ကြပါ တယ်၊ ဒါပေမယ့် ဗိုလ်သန်းရွှေက အခေါက်တိုင်းမှာ မတွေ့ဘူးဆိုတာကျတော့ လေသံတောင်မဟဝံ့ပါဘူး။ ဒီကြောင့်မို့ အကြိမ်ကြိမ်လာနေတဲ့ မစ္စတာဂမ်ဘာရီလိုလူဟာ သင်ခန်းစာမယူရော့လေသလားလို့ တွေးစရာ ဖြစ်နေပါတယ်။ ကုလသမဂ္ဂအတွင်းရေးမှူးတွေရော သင်ခန်းစာမယူလေရော့သလား။ သူတို့အနေနဲ့ နှစ်ဖက် ရပ်တည်ချက်တွေကို ပိုသိရတာဟာ အမြတ်ပဲလို့ ပြောကောင်းပြောပါလိမ့်မယ်။ တကယ်က နှစ်ဖက်စလုံးဟာ လက်ရှိရပ်တည်ချက်တွေကို လွန်ခဲ့တဲ့ (၁၈) နှစ်လောက် ကတည်းကစပြီး အပြောင်းအလဲမရှိ ရပ်တည်ခဲ့ကြတာပါ။ ဒါကိုပဲ “အော်- ဒီနှစ်လည်းမပြောင်းကြသေးဘူး” လို့ ကောက်ချက် ချပြီး ပြန်သွားရတယ်ဆိုတာမျိုးနဲ့ ဗမာပြည်နိုင်ငံရေးကို စမ်းသပ်ခန်းထဲက ယုန်ကလေး၊ ပူးကလေးလို အသုံး ချတာ ခံမနေသင့်တော့ပါဘူး။ တခြားနိုင်ငံတွေအဖို့က လက်ရှိစစ်အစိုးရပုံစံကနေ အရပ်သားအစိုးရပုံစံကို တကယ်ပြောင်း မပြောင်းဆိုတာ အရေးမကြီးပါဘူး။ ကြည့်ရတာ သဏ္ဌာန်လောက်ပြောင်းရင်တောင် ကျေနပ်မယ်ဆိုတဲ့ အစိုးရတွေလည်း မနည်းဘူးထင်ပါတယ်။ အီးယူက အီတလီနိုင်ငံ သံအမတ်က ရွေးကောက်ပွဲဝင်ဖို့ တိုက်တွန်းခဲ့တယ် ဆိုတာ ကို သတိထားသင့်ပါတယ်။ သူတို့အနေနဲ့ နအဖရဲ့စရိုက်အကျင့်ရော၊ ရပ်တည်ချက်သဘောထားတွေကိုပါ ကောင်းကောင်းသိပါတယ်။ သူတို့ဟာ ဗမာပြည်သူတွေကို မစာနာတာလည်း မဟုတ်ပါဘူး။ ဒါပေမယ့် ဘယ်သူမှ ကိုယ့်နိုင်ငံအရေးလို သဘောမထားနိုင်ပါဘူး။ ဒါဟာ ပကတိအခြေအနေပါ။ ဒီကြားထဲကပဲ ဘယ် နိုင်ငံ၊ ဘယ်ခေါင်းဆောင်ကဖြင့် ဗမာပြည်နဲ့ပတ်သက်ပြီး ဘာပြောပြန်ပြီဆိုတာတွေကို ရှေ့တန်းတင်ဖော် ထုတ်၊ ပြောဆိုကြ၊ တဆက်တည်းမှာ စိုးရိမ်ကြ၊ အားတက်ကြ၊ မျှော်လင့်ကြ၊ ဗမာပြည်သားတွေကို “ထမင်း ဆီဆမ်း ရွှေလင်ပန်းနဲ့ပေးပါ” ဆိုတဲ့ ပုံပြင်တွေနဲ့ ချွေးသိပ်နေတာ မတရားဘူးလို့ ထင်ပါတယ်။ မစ္စတာဂမ်ဘာရီရဲ့ ဒီတခေါက်ခရီးမှာ အားလုံးအာရုံစိုက်သင့်တဲ့ကိစ္စတရပ်၊ သဘောထားတခုလည်း ပေါ် ပေါက် လာပါတယ်။ အဲဒါကတော့ နအဖက ဦးဝင်းတင်၊ ဦးခင်မောင်ဆွေတို့ကို ဒေါ်အောင်ဆန်းစုကြည်နဲ့ တွေ့ခွင့်မပြုတာပါပဲ။ ဒါဟာ ဒီပုဂ္ဂိုလ်နှစ်ယောက်အပေါ် စစ်အစိုးရက အငြိုးအတေးကြီးတယ်ဆိုတာလောက် မဟုတ်ပါဘူး။ အမျိုးသားဒီမိုကရေစီအဖွဲ့ချုပ်ကို သွေးခွဲဖို့၊ ခြိမ်းခြောက်ဖို့၊ အချိန်မရွေး အရေးယူနိုင်ဖို့ ဖဲတချပ် ချန်ထားတယ်ဆိုတာကို ပြနေတာဖြစ်ပါတယ်။ နိုင်ငံတကာအသိုင်းအဝန်းကိုတော့ နအဖဗိုလ်ချုပ်တွေက မျက်စိထဲတောင် မထားဘူးဆိုတဲ့ အဓိပ္ပာယ်ပါ။ နိုင်ငံတကာအသိုင်းအဝိုင်းအနေနဲ့ နအဖကို ဘယ်သူမှမကြိုက်တာတော့အမှန်ပါပဲ။ ဒါပေမယ့် ဒီကိစ္စအတွက် ဘယ်သူမှ ကိုယ့်အကျိုးစီးပွားကို အထိခိုက်ခံမှာမဟုတ်ပါဘူး။ အလွန်ဆုံး လေသံလေးပစ်လိုက်၊ ဒေါ်လာစ လေး ပစ်လိုက်လောက်ပဲ ဖြစ်မှာပါ။ ဒါဟာ သူတို့ကို အပြစ်တင်တာမဟုတ်ပါဘူး။ ဒါတွေကို သိုက်စာလုပ်ပြီး ပေးနေတဲ့လူတွေနဲ့ သိုက်စာလို ဖတ်ရှု မျှော်မှန်းနေကြသူတွေကိုသာ မဖြစ်သင့်ကြောင်း ပြောလိုတာဖြစ်ပါ တယ်။
နောက်အချက်တချက်က နအဖဟာ ကုလသမဂ္ဂအတွင်းရေးမှူးရဲ့ အထူးသံတမန်တွေလာတိုင်း ဘယ်မှာမှ လူတောမတိုးတဲ့ သူတို့ရဲ့ နောက်လိုက်ခွေးတွေကို ပွဲထုတ်ဝါဒါဖြန့်ခွင့်ရနေပါတယ်။ ဒါဟာ သူတို့ရဲ့ ရွေးကောက်ပွဲအတွက် ကြော်ငြာဖြန့်တာလို့ ဆိုနိုင်သလို အမျိုးသားဒီမိုကရေစီအဖွဲ့ချုပ်နဲ့ ဒီမိုကရေစီ အင်အားစုတွေကိုလည်း “တွေ့လား” လို့ မေးငေါ့ပြနေတာဖြစ်ပါတယ်။
ဗမာပြည်အရေးကို နိုင်ငံတကာဇာတ်ခုံပေါ် ရောက်စေတယ်ဆိုတိုင်း အကောင်းချည်းမဟုတ်ဘူးဆိုတာကို ဒီ အခြေအနေတွေက သက်သေပြနေပါတယ်။ ဗမာနိုင်ငံသားတွေရဲ့ သေရေးရှင်ရေးကို သူတို့က စားလို့ သောက်လို့ကောင်းရုံ၊ မင်းတိုင်းကျေ လုပ်နေကြတာဖြစ်ပါတယ်။ ဒီကြားထဲမှာ နအဖအဖို့ကျတော့ ဒါတွေဟာ သူတို့ ဖြစ်စေချင်တဲ့ အချိန်ဆွဲခြင်းဖြစ်လာပြီး အချောင် အမြတ်ရနေပါတယ်။
တကယ်က ဒီနေ့ နိုင်ငံတကာအခြေအနေမှာ ကုလသမဂ္ဂဟာ သိပ်စွမ်းဆောင်နိုင်တာမဟုတ်ပါဘူး။ ကမ္ဘာ့ နေရာ အနှံ့အပြားမှာ ကုလသမဂ္ဂက ဝင်စေ့စပ်တယ်ဆိုတာတွေဟာ တိုးလိုးတန်းလန်းချည်းဖြစ်ပါတယ်။ ကောင်းတဲ့အဖြေထွက်ပြီး ပြီးပြတ်သွားတယ်ဆိုတာ (၁ဝ) ရာခိုင်နှုန်းတောင် မရှိလောက်ပါဘူး။ ပါလက် စတိုင်း၊ ကွန်ဂို၊ ဇင်ဘာဘွေ၊ ပြည်သူတွေဟာ အသက်ကို ဖက်နဲ့ထုပ်ပြီး ဒုက္ခပင်လယ်ထဲမှာ မျောနေရှာကြ တာ ကြာပဲကြာလှပါပကော။ ဒီ ဂျာအေး သူ့အမေရိုက်ဇာတ်လမ်းတွေထဲမှာ ဗမာပြည်အရေးကို ထည့်မထား သင့်တော့ပါဘူး။ ဗမာပြည်ပြည်သူတွေအနေနဲ့ လော်ဘီတွေကို မျှော်ရည်နေမယ့်အစား တော်ပြီလို့ ပြောကြရ မယ့် အချိန်ကို ရောက်လာပြီထင်ပါတယ်။
REF: ခေတ်ပြိုင်
0 comments:
Post a Comment