ကြာသပတေးနေ့၊ မတ်လ 2009 ဒါပေမဲ့ မြန်မာပြည်နဲ့ ကိုက်ညီနိုင်မယ့် အခြေအနေတွေကို ထည့်သွင်းပြီး တွက်ချက်ဖို့လည်း မမေ့သင့်ပါဘူး။ သိပံ္ပဓာတ်ခွဲခန်းမှာ ပူးတွေ၊ ကြွက်တွေကို စမ်းသပ်နေသလို မြန်မာပြည် အရေးကိုလည်း အဲသလို စမ်းချင်နေရင်တော့ သိပ်နေရာကျမယ် မဟုတ်ပါဘူး။ သန်း ၅ဝ ကျော် ပြည်သူတွေဟာ သက်ရှိလူသားတွေ ဖြစ်တယ်ဆိုတာ မမေ့ဖို့ လိုပါတယ်။
အမေရိကန် နိုင်ငံခြားရေးဝန်ကြီးသစ် မစ္စကလင်တန်က မြန်မာနိုင်ငံနဲ့ ပတ်သက်ပြီး ‘အမေရိကန် အစိုးရအနေနဲ့ ထိရောက်တဲ့ ပေါ်လစီသစ်တွေ ချမှတ်ဖို့ရှိတယ်’ လို့ ပြောလိုက်တော့ ဟိုကဒီကနေ အသံတွေ ထွက်လာကြပါတယ်။
အဓိကတော့ မြန်မာစစ်အစိုးရအပေါ်မှာ ထားရှိတဲ့ စီးပွားရေး ပိတ်ဆို့အရေးယူမှု မူဝါဒကို ‘အမေရိကန်အစိုးရက မကြာခင်မှာ ပြောင်းတော့မှာလား’ လို့ တချို့က တွက်ချက်ပါတယ်။ ‘စီးပွားရေးပိတ်ဆို့တဲ့ မူဝါဒဟာ မကောင်းဘူး၊ ကောင်းတယ်’ စသဖြင့် ထောင့်အမျိုးမျိုးကနေ ငြင်းခုံနေကြတာ အတော်လေးကြာခဲ့ပါပြီ။
မြန်မာနိုင်ငံထဲက တတိယအင်အားစုလို့ အခေါ်ခံရတဲ့ အုပ်စုကလည်း ‘စစ်တပ်နဲ့ ပေါင်းပြီး အခုရသလောက် လုပ်ထား၊ နောင်တနေ့ကျရင် ဒီ့ထက်ပိုလို့ အခွင့်အရေး ရလာမယ်။ အဲဒီအခါကျရင် မြန်မာပြည်ဟာ ပိုလို့ ပွင့်လင်းတဲ့ လူ့ဘောင်တခုကို ရောက်လာနိုင်မယ်’ လို့ ပြောပါတယ်။ သူတို့ သီအိုရီကို သူတို့တင်ပြတဲ့ အပေါ်မှာ တင်ပြခွင့် ရှိပါတယ်။ ဒါပေမဲ့ ‘ငါတို့အဆိုကမှ မှန်တယ်၊ ငါတို့ သီအိုရီသာ အလုပ်ဖြစ်လိမ့်မယ်၊ ဟိုအတိုက်ခံတွေ ပြောသလိုမျိုးကတော့ မဖြစ်နိုင်တော့ဘူး’ ဆိုပြီး တဖက်သတ် ပြောရင်တော့ ပြဿဿနာ ရှိနေတယ်လို့ ဆိုနိုင်ပါတယ်။
ကုန်တိုက်သွားပြီး ကိုယ်ကြိုက်တဲ့ အမှတ်တံဆိပ် ချုပ်ပြီးသား အထည်ကို ဝယ်တဲ့ ကိစ္စ မဟုတ်လို့ ဖြစ်ပါတယ်။
ပညာရှင်ဆိုသူ မြန်မာအချို့ကလည်း ဟိုဥပမာ ဒီဥပမာ၊ ဟိုဖေါ်မြူလာ ဒီဖေါ်မြူလာတွေကို ကိုးကားလို့ ပြောကြပြန်ပါတယ်။ ‘ချီလီမှာ ဘယ်ကဲ့သို့ ဖြစ်ခဲ့တယ်၊ ပိုလန်မှာတော့ ဒီနည်းက အလုပ်ဖြစ်ခဲ့တာ၊ အရှေ့တီမောမှာတော့ ဒီလိုလုပ်ခဲ့တာ၊ လိမ္မော်ရောင် တော်လှန်ရေး၊ နှင်းဆီတော်လှန်ရေး၊ ကတ္တီပါတော်လှန်ရေး အစရှိတဲ့ နိုင်ငံအချို့က ဖြစ်စဉ်တွေ’ ကိုလည်း တင်ပြကြပါတယ်။ လေ့လာရေးအတွက် ကောင်းတဲ့ သဘောလို့ ဆိုနိုင်ပါတယ်။ တခြား နိုင်ငံတွေရဲ့ ဖြစ်စဉ်ကိုလည်း လေ့လာဖို့ အထူးလိုအပ်ပါတယ်။
နိုင်ငံသားတို့ ဆန္ဒကို သိဖို့လိုပါတယ်။ နိုင်ငံသားတို့ ဘာကိုဖြစ်စေချင်တယ် ဆိုတာကိုလည်း ထည့်သွင်းတွက်ချက်ဖို့ လိုပါတယ်။ အာဏာရှင်က ‘အာဏာရှိလို့ ငါလုပ်ချင်တာ လုပ်မယ်’ ဆိုလည်း လုပ်ပေါ့။ ပွဲက ပြီးသွားမှာမှ မဟုတ်တာ။ ၂ဝ၁ဝ ရွေးကောက်ပွဲ ဆိုတာဟာ မြန်မာ့လူ့အဖွဲ့အစည်းအတွက် နောက်ဆုံးတိုက်ပွဲ မဟုတ်ပါ။ နိုင်ငံရေး ဖြစ်စဉ်ပေါင်း အဆင့်ဆင့် မြောက်မြားစွာထဲက တခုမျှသာ ဖြစ်ပါတယ်။
အမေရိကန် နိုင်ငံခြားရေးဝန်ကြီး မစ္စကလင်တန်ရဲ့ ပြောဆိုမှုကြောင့် လှုပ်လှုပ်ရှားရှား ဖြစ်သွားခဲ့တာတော့ အမှန်ပါ။ စီးပွားရေး ပိတ်ဆို့အရေးယူတာဟာ မြန်မာပြည်အတွက် အကျိုး ရှိ၊ မရှိ ဆိုတဲ့ ခေါင်းစဉ်ကို ပြန်ကောက်ရရင် ပြောစရာတွေ၊ ငြင်းခုန်စရာတွေ အများကြီး ရှိနေပါသေးတယ်။
ဒါပေမဲ့ ကျနော်တို့အနေနဲ့ စေ့စေ့စပ်စပ် ပြန်ကြည့်၊ ပြန်တွက်ချက်၊ ပြန်လေ့လာစမ်းစစ်တာတောင်မှ တချို့ သမိုင်းဆိုင်ရာ နိုင်ငံရေးဆိုင်ရာ ကိစ္စတွေ၊ အဖြစ်အပျက်တွေဟာ အခုခေတ်အထိ အကုန်အစင် အဖြူအမဲ ကွဲအောင်၊ လုံးလုံးမှန်တယ်၊ လုံးလုံးမှားတယ်လို့ ဆုံးဖြတ်လို့ မရသေးတာတွေ ရှိနေပါတယ်။ ဥပမာ အားဖြင့် အချို့အချက်များကို တင်ပြရမယ် ဆိုရင် ...
၁။ မြန်မာပြည်မှာ အင်္ဂလိပ်တွေကြောင့် ဘုရင်စနစ် ပျောက်ကွယ်သွားတာ ကောင်း၊ မကောင်းနဲ့ အကျိုး ရှိ၊ မရှိ။
၂။ ဆရာစံ လယ်သမားသူပုန်ထမှုဟာ မနိုင်မှန်းသိရက်နဲ့ လုပ်ခဲ့တာဖြစ်လို့ အရူးထခြင်းတမျိုးသာ ဖြစ်တယ်။ မဟုတ်ပါ အမျိုးသားရေး နိုးထခြင်းရဲ့ အဆင့်များစွာထဲက တခုဖြစ်ပါတယ်။
၃။ ရဲဘော်သုံးကျိပ် ဖြစ်တည်လာခဲ့ခြင်းအတွက် မြန်မာပြည်မှာ ကောင်းကျိုးနဲ့ ဆိုးကျိုး ဘယ်ဟာက ပိုများခဲ့သလဲ။
၎။ အင်္ဂလိပ် လက်အောက်ကနေ လွတ်လပ်ရေးယူခဲ့တာ သိပ်စောလွန်းတယ်။ မစောပါ။
၅။ လွတ်လပ်ရေး ရရချင်း အင်္ဂလိပ်ပုံစံ ပါလီမန်ဒီမိုကရေစီစနစ် ထူထောင်တာ အကျိုး မရှိခဲ့ပါ။ အကျိုးရှိပါတယ်။
၆။ မြန်မာစစ်အစိုးရ ကျင့်သုံးနေတဲ့ ဈေးကွက်စီးပွားရေးစနစ်ဟာ နိုင်ငံသားအများစုအတွက် အလုပ်ဖြစ်ပါတယ်။ အလုပ်မဖြစ်ပါ။
၇။ မြန်မာစစ်အစိုးရကို စီးပွားရေးအရ အနောက်နိုင်ငံတွေက ပိတ်ဆို့အရေးယူတာဟာ အလုပ်ဖြစ်တယ်။ အလုပ်မဖြစ်ပါ။
၈။ မြန်မာပြည်ကို စစ်တပ်က အသွင်မျိုးစုံနဲ့ ၄၆ နှစ်ကြာ အုပ်ချုပ်ခဲ့တာဟာ ဘာပဲပြောပြော တိုင်းပြည် မပြိုကွဲရေးအတွက် အလုပ်ဖြစ်တယ်။ ဒါကြောင့် ၂ဝဝ၈ အခြေခံဥပဒေသစ်ဟာ လက်တွေ့ကျတယ်။ ထောက်ခံပါတယ်။ မထောက်ခံပါ။ လိပ်တွေလို ကိုယ့်ဘက်ကို ယက်နေခြင်းသာ ဖြစ်ပါတယ်။
၉။ လူထုဆိုတာ တကယ်တော့ ဘာမှ သိပ်မသိ၊ ဒါကြောင့် ဒို့တွေကသာ ဦးဆောင်ရမယ်။ မှန်ပါတယ်။ မဟုတ်ပါ၊ မှားနေပါတယ်။
အထက်မှာ တင်ပြခဲ့တဲ့ အချက် ၉ ချက်ကို အကုန်လုံး ဒီနေရာမှာ မဆွေးနွေးတော့ပါ။ တချက်နှစ်ချက် လောက်သာ ဆွေးနွေးလိုပါတယ်။ အဲတာတွေကတော့ ...
ဘုရင်စနစ်နဲ့ ပတ်သက်လို့ ပြောရရင် ဗမာတွေအကြားမှာ အမြင်အမျိုးမျိုး ကွဲပြားမှာတော့ သေချာပါတယ်။ ဒါပေမဲ့ ထိုင်းနိုင်ငံက ပြည်သူတွေဆိုရင် သူတို့သမိုင်းဖြစ်စဉ်အရ ဘယ်လိုပြောမလဲ။ သူတို့ ချဉ်းကပ်မှုတွေဟာ စိတ်ဝင်စားဖို့ ကောင်းပါလိမ့်မယ်။
စီးပွားရေး ပိတ်ဆို့ဒဏ်ခတ်မှုနဲ့ ပတ်သက်လို့ မိတ်ဆွေတယောက်က ဒီလိုဆွေးနွေးခဲ့ဖူးပါတယ်။ စပိန်နိုင်ငံမှာ တချိန်တုန်းက အာဏာရှင် ဖရန်ကို အုပ်ချုပ်ခဲ့လို့ တခြား အနောက်နိုင်ငံတွေကနေ စီးပွားရေး ပိတ်ဆို့မှုကို ခံခဲ့ရပါတယ်။ ဒီအကျိုးဆက်အဖြစ် ဖရန်ကို မရှိတဲ့နောက်ပိုင်းမှာ ဆက်ပြီး ဆင်းရဲခဲ့တယ်။ အနောက်ဥရောပ နိုင်ငံတွေအကြားမှာ အဆင်းရဲဆုံး ဖြစ်ခဲ့ရတယ်လို့ ဆိုပါတယ်။
ကျနော့် အမြင်က ဒီလိုကော မဖြစ်နိုင်ဘူးလားလို့ ဆွေးနွေးပါတယ်။ ဒီစီးပွားရေး ပိတ်ဆို့မှုတွေကြောင့် နောက်ထပ် ဖရန်ကို လက်သစ်တယောက် စပိန်မှာ ထပ်ပေါ်မလာခဲ့တာကော မဖြစ်နိုင်ဘူးလားဆိုတဲ့ ချဉ်းကပ်မှု ဖြစ်ပါတယ်။ ဒါ့အပြင် စပိန်နိုင်ငံအနေနဲ့ အနောက်ဥရောပ နိုင်ငံတွေအကြားမှာ ဆင်းရဲခဲ့တာ စီးပွားရေး ပိတ်ဆို့မှု တခုထဲကြောင့်လား။ ဒါ့အပြင် နောက်ထပ် အချက်အလက်တွေကော မရှိနိုင်တော့ဘူးလား။ ဥပမာ သူ့အစိုးရကပဲ သူ့နိုင်ငံသားတွေကို ဘာမှလုပ်မရအောင် ပိတ်ဆို့ထားတာတွေကိုကော ထည့်သွင်း မတွက်ချက်သင့်ဘူးလားဆိုတဲ့ အမြင်ဖြစ်ပါတယ်။
ထပ်ပြီးထည့်မယ်ဆိုရင် နောက်ထပ် အချက်အလက်တွေ အများကြီး ရှိပါသေးတယ်။ အခုလောလောဆယ်အနေနဲ့ ဒီလောက်နဲ့ပဲ ငြင်းခုံကြည့်မယ်ဆိုရင် အဖြူအမဲ ကွဲပြားတဲ့ အဖြေမျိုး ရှိနေသလို နောင်နှစ်ပေါင်းများစွာကြာမှ ဖြူမှန်း၊ မည်းမှန်း သိရမည့် ကိစ္စတွေလည်း ရှိပါတယ်။ ဒါ့အပြင် နောင် အနှစ် ၁ဝဝ ၊ ၂ဝဝ အထိ အဖြူအမည်း မကွဲနိုင်မယ့် ကိစ္စတွေလည်း ကျန်ရှိနေပါသေးတယ်။
ဒါပေမဲ့ သေချာတာ တခုတော့ ရှိပါတယ်။ သင် ဘယ်သူ့ဘက်က ရပ်ပြီး စကားပြောမှာလည်း ဆိုတာပဲ ဖြစ်ပါတယ်။ စမ်းသပ်ခန်းထဲက ပူးတွေ၊ ကြွက်တွေဘက်က ရပ်မှာလား။ နိုင်ငံထဲက လူတွေဘက်က ရပ်မှာလား။
ဇော်မင်း (လူ့ဘောင်သစ်)
REF: မဇ္ဈိမ
Friday, March 6, 2009
ဓာတ်ခွဲခန်းထဲက ပူးများကြွက်များ မဟုတ်ပါ - ဇော်မင်း (လူ့ဘောင်သစ်)
Subscribe to:
Post Comments (Atom)
0 comments:
Post a Comment