Friday, March 6, 2009

စစ်ဖိနပ်အောက်မှ မြန်မာရိုဘော့ - ခိုင်ထွန်း

တနင်္လာနေ့၊ မတ်လ


RFA သတင်းပါ ရဲဘက်မှ လွတ်မြောက်လာသည့် နိုင်ငံရေး အကျဉ်းသမားနှင့် အင်တာဗျူးကို နားထောင်မိသည်။ အင်တာဗျူးသူက “အခု ဘာဆက်လုပ်မလဲ ခင်ဗျ”၊ လွတ်မြောက်လာသူက - “ကျနော် မပြောတတ်ဘူး။ ခံစားချက် မဲ့နေတယ်” ဟု ဖြေ၏။

သည်စကားက တော်တော် သရုပ်ပါသည်။ ၎င်းအတွက်မှမဟုတ်၊ မြန်မာလူထု တရပ်လုံးအတွက်ပါ ပုံဖော်နေသကဲ့သို့ ရှိ၏။ လက်ရှိ မြန်မာလူထု လူတန်းစားအသီးသီး၏ အခြေအနေကို ရှင်းပြချင်သည်။ အလုပ်ခွင်ဝင် လူတန်းစားအကြောင်းကို စပြောပါမည်။ ၎င်းတို့အတွက် မိုးလင်းမှမိုးချုပ် သွားရလာရနှင့် အချိန်ကုန်ပြီး၊ လခက မလောက်၊ ထို့ကြောင့် ဘေးပေါက်က ရှာရသေးသည်။

ခြုံ၍ပြောသော် ၎င်းတို့တွင် အချိန်ပိုမရှိ။ ရလာသည့် အချိန်ပိုကလေးအတွင်း မိမိ၏ ဗာဟီရ၊ သာရေးနာရေးတို့နှင့် အချိန်ပြည့်သွားသည်။ သည်တော့ သူတို့အာရုံက အပြင်လောကနှင့် ဆက်စပ်နိုင်လောက်အောင်ပင် အချိန်မပေးနိုင်။ ခေါက်ရိုးကျိုးနေသော ဘ၀ပုံစံများ ဖြစ်သည်။ တိုင်းပြည်အတွင်း ဖြစ်ပျက်နေသည်တို့ကို အာရုံမသွင်းနိုင် ဖြစ်ရသည်။ ကိုယ်တိုင် ဘာမှဝင်မစွက်နိုင်။ စွက်နိုင်အောင်လည်း အချိန်ကမရ။ မလွှဲသာမရှောင်သာ မြင်ရကြားရသည်များကလည်း ၎င်းတို့အတွက် အားတက်စရာမရှိသည့် သတင်းဆိုးများ။ အနိုင်မခံသူတို့ကို ရက်ရက်စက်စက် နှိပ်ကွပ်သည့် သတင်းဆိုးများ၊ သည်တော့ မလုပ်၊ မရှုပ်၊ မပြုတ် မူဖြင့် ရှင်သန်နေရတော့သည်။

စစ်တပ်ကလည်း သည်လို စားဝတ်နေရေးပြဿနာ၊ အလုပ်ခွင် ပြဿနာ၊ သူတို့စစ်တပ်၏ လက်ရှိ အရေးပါ အရာရောက်သော အနေအထားတို့ကို ပေါ်လွင်အောင် လုပ်နေသော ပြကွက်များ၊ ထောင်တွင်းငရဲခန်းများ၊ ဥပဒေမဲ့ လုပ်ရပ်များ၊ လူ့အခွင့်အရေး ချိုးဖောက်မှုများဖြင့် လူထုကို မလှုပ်ရဲအောင် မြင်ပါလျက် မတို့နိုင်၊ ကြားပါလျက် မအော်နိုင်၊ သိပါလျက် မပွင့်နိုင်မအံနိုင်အောင် ဇက်ကြိုးဆွဲထားကြသည်။ ဤသည်က စစ်တပ်၏ မဟာဗျူဟာမြောက် စစ်ဆင်ရေး အခင်းအကျင်း ဦးတည်ချက် ရည်မှန်းချက် ဖြစ်တော့သည်။

ကြာတော့ သည်အလုပ်ခွင်ဝင် လူတန်းစားမှာ လူသားစင်စစ်က ခံစားချက်ကို မဖော်ပြနိုင်တော့သော စက်ရုပ်များ ဖြစ်သွားကြသည်။ ပရိယေသန ၀မ်းစာအတွက် အမောမှ မပြေနိုင်ရသည့်အထဲ စစ်တပ်၏ ဥပဒေမဲ့ရက်စက်မှုကို ထပ်ပြီး ရင်မဆိုင်ချင်တော့။ သည်တော့ သူတို့အလုပ်ခွင်ပြင်ပမှာ ဘာတွေပဲဖြစ်နေနေ အာရုံမစိုက်နိုင်တော့။ ဒီမိုကရေစီကိုတော့ အမှန်လိုချင်သည်။ သို့သော် အရင်းစိုက်ဖို့ ခွန်အားကား လက်ထဲမရှိဖြစ်နေသည်။

ကျန်အလုပ်ခွင် မ၀င်ရသေးသော ကျောင်းသားများ၊ ဘွဲ့ရအလုပ်လက်မဲ့များနှင့် အကြောင်းကြောင်းကြောင့် အလုပ်မရှိ သောလူများမှာလည်း အခြားသော အခက်အခဲများ ရှိနေသည်။ မျက်မြင်အခြေအနေများကို နားလည်သူ၊ လေ့လာသူတို့ ရှိနေသော်လည်း ၎င်းတို့မှာ ကြံစည်ခွင့်မရ၊ အားထုတ်ခွင့်မရ ဖြစ်နေသည်။ ကျောင်းသားလူငယ်များမှာမူ အနာဂတ်ကို မျှော်လင့်ချက်အပြည့်။ ထို့ကြောင့် မသေချာသော စွန့်စားမှုတို့နှင့် အင်အားမဖြုန်းတီးချင်။ အချို့သောလူငယ်များသာ ရသမျှ အခွင့်အရေးတို့ကို အသုံးချပြီး အစွမ်းရှိသလောက် ပုံဖော်ကြသည်။ သို့သော် သူတို့ ရင်ဆိုင်သွားသည်က ထောင်နှင့် နှိပ်စက်မှု၊ ဥပဒေမဲ့ စီရင်မှုတို့ ဖြစ်သည်။

ပြီးတော့ လူတွေကလည်း အရောင်အမျိုးမျိုးဆိုတော့ အချင်းချင်းကြား ယုံကြည်မှု တည်ဆောက်ဖို့ ခက်လာသည်။ တလောက အင်တာနက်ဝန်ဆောင်မှု လုပ်ကိုင်နေသော ကျောင်းသားတဦးနှင့် စကားပြောရသည်။

သူက “ကျနော် တကယ်ယုံကြည်ပါတယ်၊ စိတ်ဓာတ်လည်း ရှိပါတယ်၊ ဒါပေမဲ့ ဘယ်သူနဲ့ ဘယ်လိုပူးပေါင်းရမယ် ဆိုတာကိုတော့ ဘယ်လိုမှ စဉ်းစားမရဘူး၊ ကိုယ်ဖွင့်ပြောနိုင်မယ့် လူကို မတွေ့နိုင်ဘူးဖြစ်နေတယ်။ ဒီမှာကလည်း သတင်းအမျိုးမျိုးတွေနဲ့ဆိုတော့ ဘယ်သူ့ကို ဘယ်လို ယုံကြည်နိုင်ရမလဲ”။ မှန်ပါသည်။ တယောက်နှင့်တယောက် စိတ်မချရအောင် ဖန်တီးထားသော စစ်တပ်၏ မဟာဗျူဟာမြောက် စိတ်ဓာတ်စစ်ဆင်ရေး၊ ပြီးတော့ လူထုအတွက်က ကျောထောက်နောက်ခံ အားကိုးလောက်သည့် ဥပဒေနှင့် လူ့အခွင့်အရေးကမရှိ။ သည်တော့ ကိုယ့်နောက်မှာ ဆုတ်ခံခံပြီး အားပြုရမည့် ခံတပ်မရှိ။

နောက် အလုပ်ခွင်ဝင်ကာစ ဘွဲ့ရ အမျိုးသမီးငယ်တဦးက “စိတ်ရှိတာပေါ့ဦးရာ။ ဒါပေမဲ့ တပတ်မှာက တရက်ပဲ နားရတာ။ နားတဲ့ရက်မှာ ရှေ့လာမယ့် တပတ်စာအတွက် အ၀တ်လျှော်၊ မီးပူတိုက်၊ ပြီးတာနဲ့ ကိုယ့်ဘ၀ တက်လမ်းအတွက် မျက်စိဖွင့် နားစွင့်ရသေးတော့ ဒီဘက်ကို အာရုံမစိုက်နိုင်ဘူး ဖြစ်နေတယ်။ ဒါပေမဲ့ သမီးယုံတာက တကယ်ဖြစ်လာရင်တော့ ဘယ်သူမှ မနေပါဘူး။ အခုဟာက စားဝတ်နေရေး တခုတည်းကြောင့် မဟုတ်ဘူး။ အင်အားစုနိုင်လောက်အောင်ကို အချိန်မရတာ မပေးနိုင်တာဖြစ်နေတယ်” ဟု ဆိုသည်။ မှန်ပါသည်။

လူထုက ဖြစ်လာလျှင်တော့ လက်ပိုက်ကြည့်နေမည်မဟုတ် သို့သော် လက်ရှိအနေအထားတွင်မူ ခံစားချက်မဲ့နေသည်က ကျောပူရင်ပူစိတ်ပူရသော ဘ၀မျိုးတွင် ရှင်သန်နိုင်ဖို့ ပိုပြီး အခွင့်အရေး ရှိနိုင်သည်။

နောက်တမျိုးက ပုဂ္ဂလိက လုပ်ငန်းသမားများ (ကွမ်းယာဆိုင်၊ အရက်ဆိုင်၊ အကြော်ဆိုင်ကအစ အရင်းအနှီးကြီးမားသော လုပ်ငန်းမျိုးစုံအထိ) မှာလည်း စစ်တပ်၏ ထိန်းချုပ်မှုအောက်တွင် အသက်မွေးဝမ်းကျောင်း နေရသည်မို့ အလုပ်ကို အထိခိုက်မခံနိုင်၊ ပတ်သက်မိလျှင် စစ်တပ်က ဥပဒေကို လိုက်နာသည့် အဖွဲ့အစည်းမဟုတ်။

တလောက စည်ပင်မှ အမျိုးသမီးအရာရှိတဦးနှင့် ပြောသည်။ သူ့ပိုင်နက်ထဲက မြေယာပြဿနာများ၊ အဆောက်အဦး ပြဿနာများတွင် NLD အဖွဲ့ဝင်များနှင့် အခြားမည်သူမဆို နှစ်ဖက်ပြဿနာဖြစ်ပါက NLD ကို အနိုင်မပေးရဟု အထက်က မှာထားသည်ဆို၏။ သည်တော့ ကျနော်က “မှန်မှန်မှားမှားပေါ့” ဟု မေးမိသည်။ သူက NLD ဆိုရင် ပညာပေးရမယ်လို့ကို မှာထားတယ်” ဟူ၏။

သည်လို ပုဂ္ဂလိက စီးပွားရေးလုပ်ငန်းများတွင်လည်း စစ်တပ်က အရက်ဆိုင်၊ ကွမ်းယာဆိုင်မှအစ ကုမ္ဗဏီကြီးများအထိ မလှုပ်နိုင်အောင် ချုပ်ကိုင်ထားသည်။ ပြည်တွင်းမှာက ဥပဒေပြင်ပက အသက်မွေးဝမ်းကျောင်းများကလည်း ခိုင်ခိုင်မာမာ ရှိနေကြသည်ဆိုတော့ ၎င်းလုပ်ငန်းရှင်တို့မှာ စစ်တပ်က ငြူစူမည့် မည်သည့်အလုပ်မှ လုပ်၍မဖြစ်။ လိုင်စင်မဲ့အရက်ဆိုင်၊ လောင်းကစားများ၊ ပြည့်တန်ဆာ လုပ်ငန်းများမှအစ တရားမ၀င် လုပ်ငန်းပေါင်းများစွာနှင့် ပတ်သက်နေသော သူများနှင့် ၎င်းတို့၏ မိသားစုများပါ တနွယ်ငင်တစင်ပါဖြစ်ပြီး မိသားစုထိခိုက်နိုင်သည့် စစ်တပ်ငြိုငြင်မည့် လှုပ်ရှားမှုများကို မလုပ်သာတော့။ ၎င်းတို့လည်း ခံစားမှုကို မပြရဲတော့သော ရိုဘော့များ ဖြစ်လာတော့သည်။

ယခုတော့ သည်လိုစီးပွားရေးနယ်ပယ်သာ မဟုတ်တော့။ ခံစားမှုနှင့် ဖန်တီးရသော အနုပညာနယ်ပယ်တွင်ပါ ၀င်ရောက်စွက်ဖက်လာလေပြီ။ စာပေ၊ ရုပ်ရှင်၊ ဂီတ အစရှိသော နယ်ပယ်အသီးသီးတွင်လည်း နားလည်နိုင်ဖို့ မလွယ်ကူသည့် ကန့်သတ်ချက်များကို အာဏာသုံး၍ ပြဋ္ဌာန်းနေသည်။ စာပေ၊ စာနယ်ဇင်းနယ်ပယ်တွင်မူ စစ်တပ်၏ ၀ါဒဖြန့်ဖို့အတွက် သက်သက်မျှလောက်သာ ဖွင့်ပေးထားပြီး ဖြစ်သည်ကို ယနေ့ခေတ် စာစောင်များက သက်သေပြနေလေသည်။ အခုရုပ်ရှင်တွင်လည်း ၎င်းတို့ မြင်စေချင်သည့် မြင်ခွင့်ပြုသည့် အရုပ်အသံမှတပါး ကြည့်ခွင့်မရနိုင်တော့။ သူတို့ကန့်သတ်ချက်ကလည်း သာမန်အတွေးဖြင့် ကြည့်လျှင်ပင် လက်ခံနိုင်ဖွယ်မရှိ။

ဇာတ်လမ်းတွင် လူဆိုးက ရဲကို မနိုင်ရ၊ မထိုးရ၊ ဇာတ်လမ်းတွင် ရဲသည် မသောက်မစားရ၊ အဂတိမလိုက်စားရ၊ လာဘ်မယူရ (အပြင်က ရဲနှင့်တော့ ကွာပါ့၊ တစက်ကလေးမှမတူ) အခုလည်း ဆင်းရဲသားခန်း မရိုက်ရဆိုသည်။ ဤသို့ဆိုလျှင် လှုပ်ရှားသက်ဝင် မြန်မာ့ရုပ်ရှင်သည် မြန်မာ့ရုပ်သေ ဖြစ်သွားနိုင်သည်။ သဘာဝကျဖို့အသာထား၊ ဇာတ်ကွက်ဆင်ဖို့အသာထား ဇာတ်လမ်းကျောရိုးပင် ဖန်တီးဖို့ခက်သွားသည်။ ပြဿနာက စစ်တပ်ကို ကလန်ကဆန် လုပ်မိလျှင် အနုပညာမြင်ကွင်းမှ ပျောက်သွားနိုင်သည်။ သည်တော့ ၀ါသနာကိုမှ လုပ်ခွင့်မရ၊ ဖန်တီးခွင့်မရလျှင် မရှင်သန်နိုင်သော အနုပညာသည်များမှာ ကိုယ်ပိုင်အတွေး ကိုယ်ပိုင်ဖန်တီးခွင့် အဆုံးရှုံးခံပြီး စစ်တပ်၏ အာဘော်ကိုသာ ဖော်ကျူးနေရချင်းဖြင့် အာသာဖြေနေရတော့သည်။

ဟိုတလောက ရုပ်ရှင်ဒါရိုက်တာ လုပ်နေသော ကျောင်းသားခေါင်းဆောင်ဟောင်း တဦးနှင့် စကားပြောရသည်။ သူက “ကိုယ်တယောက်တည်း မဟုတ်ဘူး။ နောက်က မိသားစုကော၊ ကိုယ့်ကိုထမင်းကျွေးနေတဲ့ ထုတ်လုပ်သူရော၊ ကိုယ့်တပည့်တွေ မင်းသားမင်းသမီးတွေ ကျန်တဲ့ သရုပ်ဆောင်တွေအတွက်ပါ ထည့်စဉ်းစားနေရတာ။ ပြန်ပြီး ခံစားချက်နဲ့ ခံယူချက်နဲ့သွားလုပ်လိုက် ရင်အကုန်လုံးထိမှာ“ ဆို၏။

သူက ဆက်လက်ပြီး “ရုပ်ရှင်၊ ဗီဒီယိုဆိုပြီး လှုပ်လှုပ်ရှားရှား ရိုက်နေရတယ် မထင်ပါနဲ့။ အကုန်လုံးက အသေကြီးတွေချည်းပဲ လုပ်နေရတာ။ အသက်သွင်းဖို့ အသာထား၊ အရုပ်သေတွေတောင် ပိတ်ကားပေါ်က မပျောက်အောင် မနည်းလုပ်နေရတာ“ ဟု ဆို၏။

မြန်မာ့ရုပ်ရှင်၊ ဗီဒီယို၊ ရုပ်သံဇာတ်လမ်းတို့သည်လည်း အသက်မ၀င်နိုင်တော့သော ရိုဘော့များ ဖြစ်ကုန်ကြလေပြီ။

သည်တော့ မြန်မာ့ရုပ်ရှင်မှာ ဘယ်သို့ ခရီးဆက်မည်နည်း။ မြန်မာ့ရုပ်သေဘ၀ကြီးဖြင့် ဘယ်ထိ စခန်းသွားရမည်နည်း။

စာပေကိုတော့ အထူးမပြောတော့ပါ။ ဤဆောင်းပါးကိုပင် ပြည်ပသို့ တင်ပို့နေရသည်ကို ကြည့်ပါတော့။ အမှန်မှာက ပြည်တွင်းက လူတွေအကြောင်း ရေးထားသည်ကို ပြည်တွင်းကလူတွေ ဖတ်ခွင့်မရအောင် ဖြစ်နေသော အခြေအနေ၊ သတင်း လွတ်လပ်ခွင့်၊ လူ့အခွင့်အရေး၊ ဒီမိုကရေစီရေး ဆိုသည်တို့ကိုမူ အကျယ် မဖွင့်ဆိုလိုတော့ပြီ။ ဤစာတွေကို မြန်မာပြည်သားတွေ လွတ်လွတ်လပ်လပ် ဖတ်ရှုနိုင်ခွင့်ရမည့်နေ့၊ ရမည့်အချိန်ထိ အသက်ရှင်ဖို့က မသေချာ။ ကိုယ်ကိုယ်တိုင်ကလည်း ဒီထဲမှာ ရိုဘော့ စက်ရုပ်တရုပ်ပင်။ အင်တာဗျူးခံရသည့် လွတ်မြောက်အကျဉ်းသားလိုပင် ခံစားချက်မဲ့နေသည်။

သည်တော့ သည်ကရိုဘော့တွေ ဘာဆက်လုပ်ကြမည်နည်း။ မပြောရ၊ မကြည့်ရ၊ မလုပ်ရ၊ မတွေးရ၊ မခံစားရ၊ သည်လောက်အထိ ဖိလာကြသည်။ ဤသည်တို့ကို “ကံတရားဟု” “ဖန်ဆင်းရှင်အလိုကျဟု” လက်ခံကြမည်လော။

မိမိကိုယ်တိုင် မိမိကံကြမ္မာကို ဖန်တီးခွင့်ရှိကြောင်း ယုံကြည်ကြပါသလော။ ထို့အတွက် အားထုတ်ကြပါသလော။

ထိုင်ရင်း၊ အိပ်ရင်း၊ လဲလျောင်းရင်းဖြင့် မိုးပေါ်က ကျလာမည့် ဒီမိုကရေစီကို အိပ်မက်ထဲတွင် အသက်သွင်းကြမည်လော။

မနက်ဖြန်၏ လွတ်လပ်ရေးအတွက် ယခုကစ၍ ငရဲလမ်းကို ရင်ဆိုင် ဖြတ်သန်းကြမည်လော။

Freedom from fear!
ကြောက်ရွံ့ခြင်းမှ လွတ်မြောက်ကြပါကုန်။



ခိုင်ထွန်း
REF: မဇ္ဈိမ

0 comments:

အပေါ်သို့