July 31, 2011
မင်းလွင်
ထောင်ဒဏ်နှစ်ရှည် ပြစ်ဒဏ်ခံခဲ့ရပြီးနောက် ပြန်လည် လွတ်မြောက်လာတဲ့ ထောက်လှမ်းရေးအရာရှိ ဟောင်းတွေကို အချင်းချင်း ပြန်လည် တွေ့ဆုံတာတွေကို လုပ်ခွင့်မရဘူးလို့ ထောက်လှမ်းရေးဟောင်းတွေနဲ့ နီးစပ်သူတွေက ပြောကြပါတယ်။
ယခင်အမှတ် (၆) တပ်မတော် ထောက်လှမ်းရေးတပ်မှူး ဗိုလ်မှူးစည်သူအဖွဲ့နှင့် အမှတ် (၇) တပ်မတော် ထောက်လှမ်းရေးတပ်မှူး ဗိုလ်မှူးလှသက်မော်အဖွဲ့က ဘာသာရေး အခမ်းအနားတွေ ပြုလုပ်ဖို့ ကြိုးစားတာကို ပြည်ထောင်စုအစိုးရက ခွင့်မပြုခဲ့တာပါ။
“ထောက်လှမ်းရေး ဟောင်းတွေ စုစည်းပြီးတော့ ၀ါဆိုသင်္ကန်းကပ်ဖို့ ရှိတယ်။ အဲဒါ တချို့လူကြီးပိုင်းတွေက မလုပ်သင့် ဘူးဆိုပြီး တော့ ပြောတယ်။ အဲဒါ အချေအတင် ဖြစ်နေတာ။ အကယ်၍ တစုတည်း လုပ်လိုက်ရင် ဒီကောင်တွေ ဘာရည်ရွယ်ချက်နဲ့ လုပ် တာလဲ ဟန်ပြပြီးတော့ လုပ်တာလား။ စုစည်းချင်လို့လား ဆိုတဲ့ အကြောင်းလေးတွေပေါ့။ ထောက်လှမ်းရေး ဟောင်းတွေ စုစည်း လာပြီဆိုရင် သူတို့က နည်းနည်း ကြည့်လာပြီလေ။”
နိုင်ငံတော်အေးချမ်းသာယာရေးနဲ့ ဖွံ့ဖြိုးရေးကောင်စီ စစ်အစိုးရလက်ထက် ၂၀၀၄ ခုနှစ်မှာ စစ်ထောက်လှမ်းရေးအဖွဲ့က အရာရှိချုပ် ဗိုလ်ချုပ်ကြီးခင်ညွန့် အပါအ၀င် အရာရှိအတော်များများကို အာဏာဖိဆန်မှု လာဘ်ပေးလာဘ်ယူမှုစတဲ့ ပြစ်ဒဏ် အမျိုးမျိုးနဲ့ အရေးယူ ပြစ်ဒဏ်ချမှတ်ခဲ့ပြီး တပ်မတော် စစ်ထောက်လှမ်းရေး အဖွဲ့ကိုလည်း အဲဒီနှစ်ကတည်းက ဖျက်သိမ်းခဲ့ပါတယ်။
တပ်မတော်ထောက်လှမ်းရေး ညွှန်ကြားရေးမှူးရုံးမှာ စစ်ဦးစီးမှူး ဒုတိယတန်း တာဝန်ထမ်းဆောင်ခဲ့ဖူးတဲ့ ဗိုလ်မှူး အောင်လင်းထွဋ္ဋ် က စစ်ထောက်လှမ်းရေး ဟောင်းတွေ ပြန်လည်စုစည်းမိပြီး ဦးသိန်းစိန် ခေါင်ဆောင်းတဲ့ ပြည်ထောင်စု အစိုးရအဖွဲ့ဝင် စစ်ဗိုလ်ချုပ်ဟောင်း ၀န်ကြီးများရဲ့ အရင်လုပ်ရပ်တွေကို ပြန်လည် ဖော်ထုတ်မှာ စိုးရိမ်တဲ့အတွက် အခုလို ထောက်လှမ်းရေး ဟောင်းတွေကို ပြန်လည် စုစည်းဖို့ ခွင့်မပြုတာ ဖြစ်နိုင်တယ်လို့ သုံးသပ် ပြောဆိုပါတယ်။
“တခုခု လုပ်နိုင်မှု ဆိုတာက သူတို့ စိုးရိမ်ကြောင့်ကြမှုပါဗျာ။ ကျနော်တို့တွေ အချင်းချင်း စုမိတဲ့ အခါမှာတော့ ချက်ဆို နားကွက် က မီးတောက်ဆိုသလိုပေါ့။ ဘယ်ကောင်က ဘာလုပ်နေတယ် ဆိုတာကတော့ အချင်းချင်း ကျနော်တို့ စုစည်းမိတာနဲ့ အခုလည်း အတူတူပါပဲ ဖုန်းနဲ့ ပြောလိုက်တာနဲ့၊ တယောက်နဲ့ တယောက်က ဒီကောင်တွေ ဒီလမ်းသွားတော့မယ် ဆိုတာကို ကြိုပြီးတော့ သိကြတဲ့ အနေအထားမျိုးတွေ ရှိကြပါတယ်။ အထူးသဖြင့်တော့ သူတို့ မဟုတ်တာ လုပ်ခဲ့တာဟာကို ဖော်မှာကြောက်တယ်။ အဓိကကတော့ ဒါပဲ။ တော်တော်များများကလည်း သူ့ဟာသူ လန့်နေတဲ့သဘော ဖြစ်တဲ့ အနေအထားမျိုးပါ။”
Ref: ဒီဗွီဘီ
Monday, August 1, 2011
စစ်ထောက်လှမ်းရေးဟောင်းများ အခမ်းအနားဖြင့် စုစည်းခွင့်မရ
Subscribe to:
Post Comments (Atom)
0 comments:
Post a Comment