Wednesday, August 3, 2011

အမေရိကန် ဒေါ်လာနှင့် မြန်မာကျပ် ငွေလဲနှုန်း ပြင်ဆင်ရေး

ကိုဝိုင်း
သြဂုတ်လ ၀၂ ရက် ၂၀၁၁ ခုနှစ်

(စီးပွားရေးပညာရှင် အငြိမ်းစား ပါမောက္ခ ဦးမော်သန်းနှင့် အင်တာဗျူး)

နိုင်ငံခြားငွေကြေးများ လဲလှယ်ရောင်းဝယ်ရာတွင် တည်ငြိမ်သည့် ငွေလဲနှုန်းကို သတ်မှတ်ဆောင်ရွက်နိုင်ရန် ဆောင်ရွက်နေပြီ ဖြစ်ကြောင်း နေပြည်တော် ဘဏ္ဍာရေးနှင့် အခွန်ဝန်ကြီး ဦးလှထွန်းကပြောဆိုကြောင်း ဇူလိုင် ၂၃ ရက်နေ့ထုတ် မြန်မာ့အလင်း သတင်းစာတွင် ပါရှိသည်။

အမေရိကန် တဒေါ်လာကို မြန်မာငွေ ၆ ကျပ်ဝန်းကျင်ဖြင့် ၁၉၇၅ ခုနှစ်ကတည်းက သတ်မှတ်ခဲ့သော်လည်းဈေးကွက်တွင် ၂ဝဝ၆ ခုနှစ်က တဒေါ်လာလျှင် ၁၄၀၀ ကျပ် ကျော်အထိ ထိုးတက်ခဲ့သည်။

တနင်္လာနေ့က တဒေါ်လာလျှင် ၇၈ဝ ကျပ်ဈေးပေါက်နေရာ ကျပ်ငွေလဲနှုန်း တခုကို အစိုးရက သတ်မှတ်ပေးရန် အချိန်ကောင်း ဖြစ်သည်ဟု စီးပွားရေး ပညာရှင်များက ယူဆနေကြသည်။

ငွေလဲနှုန်းအသစ် တခု သတ်မှတ်ပေးသင့်သည်ဟု ယူဆသူ ရန်ကုန် စီးပွားရေးတက္ကသိုလ် အငြိမ်းစား ပါမောက္ခ ဦးမော်သန်းအား မဇ္ဈိမသတင်းထောက် ကိုဝိုင်းက မေးမြန်း ထားသည်။

ငွေလဲနှုန်း တရပ်ကို အစိုးရက သတ်မှတ်ပေးသင့်လား ဈေးကွက်ကပဲ ဆုံးဖြတ်သင့်သလား။ အန်ကယ် ဘယ်လို မြင်ပါလဲ။

“သူများနိုင်ငံတွေမှာတော့ ငွေလဲနှုန်းကို သတ်မှတ်ထားတဲ့ ဘောင်အတွင်းမှာ လုပ်ထားတယ်ပေါ့ဗျာ။ အဲဒီလိုသတ်မှတ်ထား
လည်းပဲ အပြင်က ဈေးကွက် အင်အားစုတွေ ကတော့ သူ့ဝယ်လိုအားနဲ့ ရောင်းလိုအားနဲ့ အဲဒီ သတ်မှတ်တဲ့ နှုန်းကနေပြီးတော့ အပေါ်တက်လိုက်၊ အောက်ကျလိုက် ဖြစ်နေတယ်လေ။ သတ်မှတ်ထားတဲ့နှုန်းအတွင်းက သူ့ရဲ့အတက်အကျကို ထိန်းနိုင်ဖို့ အရေးကြီးတာပေါ့ လေ”

အဲဒီလို သတ်မှတ်ပေးလိုက်ရင် စီးပွားရေး လောကအတွက် ဘယ်လို အကျိုးရှိလာမလဲ။

“နှုန်းသတ်မှတ်တယ် ဆိုရင် စီးပွားရေး လောကကတော့ လုပ်လို့ ကိုင်လို့ ကောင်းတာပေါ့ဗျာ။ နိုင်ငံခြားကို ကုန်ရောင်းတယ်၊ ဒေါ်လာ ၁၀၀၀ ရတယ်။ အဲဒီ ၁၀၀၀ သည် ဗမာကျပ်နဲ့ ဘယ်လောက်ရမယ် ဆိုတာကို အသေ မဟုတ်တောင်မှ သတ်မှတ် နှုန်းအတွင်း ၂-၃ ရာခိုင်နှုန်းလောက် အပြောင်းအလဲ လောက်နဲ့ တွက်လို့ ရတာပေါ့လေ။ ပြည်ပကနေ ကုန်တင်သွင်း တယ် ဆိုလည်းပဲ ကိုယ်ကုန်ဖို့ငွေ ဘယ်လောက်ကျမလည်း ဆိုတာ နီးနီးစပ်စပ် ကြိုတင် တွက်ဆလို့ ရတာပေါ့လေ”

“ငွေကြေး အာဏာပိုင်ကနေ ကိုယ့်တိုင်းပြည်ရဲ့ စီးပွားရေး အခြေအနေအရ ပေါ့လေ။ သင့်လျော်တဲ့ နှုန်းတခုကို သတ်မှတ် လိုက်မှာပေါ့။ ဥပမာ တဒေါ်လာကို ၉၀၀ သို့မဟုတ် ၁၀၀၀၊ ၇၅၀။ လက်တွေ့မှာတော့ ဝယ်လိုအားရောင်းလိုအားကြောင့် အပြောင်းအလဲက ရှိမှာပဲ။ သတ်မှတ်နှုန်းအတိုင်း အတာအတွင်း ရှိအောင် ငွေကြေး အာဏာပိုင်ကနေ ဝင်ရောက် စွက်ဖက်ပြီး တော့ ပေါ့ဗျာ။ ဥပမာ ဒေါ်လာတွေ အရမ်းဝင်နေတယ်။ ဒေါ်လာဈေးက ကျမယ်ဆိုရင် အဲဒါကို ငွေကြေး အာဏာပိုင် က ဖမ်းဝယ်လိုက်တာမျိုးပေါ့။ ယူရိုတွေက သိပ်ရှားနေတယ်၊ ယူရိုနဲ့ ကျပ်နဲ့ လဲလှယ်နှုန်းမှာ သိပ်မြင့်နေတယ်ဆိုရင် ငွေကြေး အာဏာပိုင်ကနေ ယူရိုကို ထုတ်ရောင်းမယ် ပေါ့ဗျာ။ အဲဒီလိုမျိုး ဝင်ထိန်းပေးမှ။ နှုန်းသတ်မှတ်တာကလည်း အဓိပ္ပါယ် ရှိမှပေါ့လေ”

နှုန်းသတ်မှတ်တဲ့ အခါ ဘယ်လို အချက်အလက်တွေ အပေါ် အခြေခံ စဉ်းစားသင့်ပါလဲ။

“နှုန်းသတ်မှတ်တာ သတ်မှတ်တဲ့နှုန်းကို ထိန်းထားနိုင်မှ အဓိပ္ပါယ်ရှိတယ်။ ဘယ်အချက်ပေါ်မှာ အခြေခံ စဉ်းစား သင့်လည်း ဆိုတော့ ဥပမာ ကိုယ့်တိုင်းပြည်မှာရှိတဲ့ လုပ်ခ နှုန်းထားတွေ၊ ဥပမာ လယ်ယာ စိုက်ပျိုးရေး ကဏ္ဍကို ကြည့်ရင် လယ်လုပ်သား တွေရဲ့ လုပ်ခက ဘယ်လိုရှိတယ်၊ ဓာတ်မြေသြဇာ ဘယ်လို ရှိတယ်၊ ရေရရှိဖို့ အတွက် ဒီဇယ်က ဘယ်လိုရှိတယ်။ အဲဒီတော့ လယ်ထွက်တဲ့ ဥစ္စာအတွက်က ကုန်ကျစားရိတ် ဘယ်လောက်ကျတယ်။အဲဒီ ကုန်ကျစားရိတ်နဲ့ ကိုက်ညီတဲ့ နိုင်ငံခြား ငွေမျိုး သတ်မှတ်ရမှာပေါ့လေ။ ပြည်ပကနေ ပစ္စည်းတွေ သွင်းပြီးတော့ စမ်းသုံးမယ် ဆိုရင်။ အများပြည်သူ အနေနဲ့ သုံးစွဲနိုင်တဲ့ ငွေကြေး ပမာဏက ဘယ်လောက်ရှိတယ်၊ အဲဒီ သုံးစွဲနိုင်တဲ့ ငွေကြေး ပမာဏအတွင်း ဖြစ်အောင် နှုန်းထားကို သတ်မှတ်ရမှာပေါ့၊ ကဏ္ဍအကုန်ကို ချင့်ချိန်ကြည့်ပြီးမှ သတ်မှတ်ရမှာ”

မြန်မာနိုင်ငံမှာ သတ်မှတ်ထားတဲ့ တဒေါ်လာ ၆ ကျပ်နှုန်း အပေါ် ဘယ်လိုမြင်ပါလဲ။

“ အဲဒီနှုန်းက တကယ်လက်တွေ့နဲ့ သိပ်ကွာဟနေတော့ ဘယ်သူမှ အဲဒါကို ထည့်မတွက်ဘူး။ ဘာမှလည်း အရေးပါ အရာ မရောက်ဘူးပေါ့လေ။ ဗမာပြည်မှာကတော့ဒေါ်လာဈေးနှုန်းက စဖြစ်လာတာ ၂၅ဝ လောက်ကနေပြီးတော့၊ ၃၅ဝ၊ ၅ဝဝ၊ ၇ဝဝ၊ ၈ဝဝ၊ ၁ဝဝဝ၊ ၁၂ဝဝဖြစ်လာခဲ့တာ။ ဖြစ်လာခဲ့တယ်ဆိုတာက နှုန်းသတ်မှတ်ချက်က ရှိတော့ ရှိတယ်။ အဲဒီနှုန်းက တခုခု သတ်မှတ် လိုက်နိုင်မယ် ဆိုရင် စီးပွားရေးလောက က တော်တော် ကြိုဆိုမှာပဲ။ စသတ်မှတ်လိုက်တဲ့ အချိန်မှာတော့ တချို့သော ပုဂ္ဂိုလ် တွေမှာ အကျိုးစီးပွားဖြစ်မယ်။ တချို့လုပ်ငန်း အဖွဲ့အစည်းတွေ နစ်နာမယ်။ သို့သော် သတ်မှတ်လိုက်တဲ့ နှုန်းကိုသာ ဆက်ထိန်း ထား နိုင်မယ် ဆိုရင် စသတ်မှတ်တဲ့ အချိန်မှာ သာတာ နာတာက ခေတ္တခဏပဲ ဖြစ်မယ်”

အခုက ဒေါ်လာဈေးက ကျနေပြီး ကျပ်ငွေက တက်နေတယ်။ ဘာကြောင့်လို့ ယူဆပါသလဲ။

“ဟုတ်တယ်။ ဒေါ်လာဈေးက မနေ့က သိရတာ ၇၇ဝ၊ ၇၈ဝ လောက်ပဲရှိတယ်။ ဘာကြောင့်လည်း ဆိုတော့
ဒေါ်လာ ကိုယ်၌ကိုက နိုင်ငံတကာ မျက်နှာစာမှာ ကျနေတာ။ အဲဒါက အဓိက အကြောင်းပဲ။ ဗမာနဲ့ အနီးစပ်ဆုံး ဂျပန်ယန်းပေါ့လေ၊ အခု တဒေါ်လာကို ၇၆-၇၇ ယန်း လောက်ပဲရှိတယ်။ အရင်က ၁၀၀ အထက်ရှိတယ်။
နောက်တခုက ဗမာပြည်မှာ ဒေါ်လာတွေ များနေတာပေါ့ဗျာ။ ရေနံရောင်းရတာ၊ ကျောက်မျက်ရတနာ ရောင်းတဲ့ ဝင်ငွေရှိမယ်ဗျာ။ ဒီဒေါ်လာတွေကို ကျပ်အဖြစ် ပြောင်းရတယ် ဆိုတော့ ဒေါ်လာ supply ရှိလာတာပေါ့။ အဲဒါ
လည်း ပါပါတယ်”

နိုင်ငံခြား ငွေလဲနှုန်းကို သတ်မှတ်မယ် ဆိုရင် နိုင်ငံခြား ငွေကြေး အဖွဲ့အစည်းတွေရဲ့ အကူအညီလိုမယ် ယူဆလား။

“ခုနပြောတဲ့ သတ်မှတ်ထားတဲ့ နှုန်းကနေ တက်လိုက်၊ ကျလိုက်ဖြစ်ရင် ဒေါ်လာကို ကိုယ်က ဝယ်လိုက်မယ်၊ရောင်းလိုက်မယ်။ အဲဒီလို ဝယ်ရောင်း လုပ်ဖို့ အတွက် ငွေအရင်းအနှီး ရှိရင်တော့၊ ကိုယ့်ဘာသာ လုပ်လို့ရတာပေါ့ဗျာ။ ဒါပေမယ့် ကမ္ဘာမှာ အင်မတန် ချမ်းသာတဲ့ အဖွဲ့အစည်းတွေ ကဝင်ပြီး ကစားလို့ရှိရင်လည်း ပွဲပျက်တာပဲလေ။ အဲဒီတော့ နိုင်ငံတကာ သဘောတူ ညီချက်မျိုးကနေ နိုင်ငံတကာ ဝိုင်းဝန်းပြီး ဆောင်ရွက်ဖို့တော့ လိုတာပေါ့။ဒေါ်လာတွေ သိပ်ပေါနေတဲ့ အချိန်မှာ နိုင်ငံတကာက ဒေါ်လာတွေ ထပ်ရောင်းတာမျိုး။ အဲဒီလိုမျိုး ဝင်မစွက်ဖက်ဖို့ပေါ့ဗျာ။ နိုင်ငံခြားက ကုမ္ပဏီကြီးတွေ ဆိုတာကလည်း သူတို့ရဲ့ ဝင်ငွေဆိုတာ တိုင်းပြည် တပြည်ရဲ့ ဝင်ငွေလောက်မက ရှိတာကိုး။ အဲဒီ ကုမ္ပဏီကြီးတွေက ဝင်ဖျက်လိုက်တာနဲ့ ပွဲပျက်သွား မှာကိုး။ ကိုယ့်ဓန အင်အားအရ သူတို့နဲ့ ပြိုင်နိုင်တဲ့ အနေအထားမျိုး မရှိဘူးပေါ့။ အဲဒီတော့ IMF(နိုင်ငံတကာငွေကြေး ရန်ပုံငွေ အဖွဲ့) တို့ World Bank (ကမ္ဘာ့ဘဏ်) တို့ကနေတဆင့်ပေါ့၊ နိုင်ငံခြား ကူညီရိုင်းပင်းမှု ရယူနိုင်အောင် ဆောင်ရွက်ပေးဖို့ ဖြစ်နိုင် တာပေါ့”

IMF တို့၊ World Bank တို့ကနေ ငွေကြေး အကူအညီလိုမယ်လို့ ဆိုလိုတာလား။

“ခုနက ကျနော် ပြောသလိုပေါ့။ ဈေးကွက်က လှုပ်နေတယ်။ ငွေရှင်ကြေးရှင်က ဝင်ပြီးတော့ အဲဒီ ဈေးကွက်ထဲ ဝင်ဖျက်ရင် ပွဲပျက်တာမျိုးပေါ့။ အဲဒီတော့ ကမ္ဘာ့ဘဏ်တို့လို၊ IMF တို့လိုကနေ ထိန်းကျောင်းပေးဖို့ပေါ့။ ငွေတွေကတော့ ကူညီချင်မှ ကူညီမှာ။ သူတို့မှာ ကူညီဖို့ရာအတွက် အတိုင်းအတာတွေ ရှိမှာပေါ့ဗျာ။ ဥပမာ ဗမာပြည်မှာ အစိုးရက ဘယ်လောက် ပွင့်လင်းတယ်။ ဒီမိုကရေစီ ဘယ်လောက်ပေးတယ်။ အဲဒီ ပေတံတွေကို ကျေနပ်မယ် ဆိုရင်တော့ သူတို့ ကိုယ့်ကို စောင့်ရှောက်မှာပေါ့လေ”

Ref: မဇ္ဈိမ

0 comments:

အပေါ်သို့