Wednesday, August 3, 2011

သဘာဝသိပ္ပံ သင်ကြားနည်းအတွက် PBL အလုပ်ရုံ ဆွေးနွေးပွဲကျင်းပ

02 August 2011

Problem based learning - ပြဿနာ အခြေပြု သင်ယူလေ့လာရေး နည်းလမ်းများကို သိပ္ပံ ဘာသာရပ် သင်ကြားရာတွင် အသုံးပြုနိုင်စေရန် ရည်ရွယ်လျက် ပညာရေး အလုပ်ရုံဆွေးနွေးပွဲကို ရွှေ့ပြောင်း မြန်မာ စာသင်ကျောင်းဖြစ်သော CDC အထက်တန်း ကျောင်းတွင် ၂၀၁၁ ခုနှစ်၊ ဇူလိုင်လ ၃၀-၃၁ နေ့များတွင်ကျင်းပ ပြုလုပ်ခဲ့သည်။

အဆိုပါ အလုပ်ရုံ ဆွေးနွေးပွဲသို့ တက်ရောက်ခဲ့သူ BHSOH ကျောင်းမှ ဆရာမ နန်းခင်ဦးက “အခုလိုမျိုး ဆွေးနွေးပွဲတွေ တက်ရောက်ရတဲ့ အတွက် ကျောင်းသူကျောင်းသား၊ ကလေးတွေ အပေါ်မှာ ထားရှိသင့်တဲ့ သဘောထား၊ သူတို့ကိုယ် သူတို့ ယုံကြည်မှုတွေ မြင့်မားလာစေဖို့နဲ့ ပြင်ပဘဝမှာ ပြဿနာဖြေ ရှင်းတာတွေ၊ အများနဲ့ ပါဝင် ဆက်ဆံနိုင်ရေးတွေအတွက် ဘယ်လို ဆောင်ရွက် သင်ကြားပေးသင့်တယ် ဆိုတာတွေ သိလာရပါတယ်။ ကျမတို့မှာ လတ်တလောတော့ အခက်အခဲတွေ အများကြီး ရှိပါသေးတယ်။ သင်ထောက်ကူ အခက်အခဲ၊ နေရာထိုင်ခင်း အခက်အခဲ စတာမျိုးတွေပါ။ ဘယ်လိုပဲဖြစ်ဖြစ် ဒီလိုဆွေးနွေးပွဲတွေ တက်ရတဲ့ အတွက် ဗဟုသုတ အများကြီး ရပါတယ်။” ဟု ပြောပြခဲ့ပါသည်။


ဆရာမဒေါ်စိုးစိုးက ဦးဆောင်ဆွေးနွေးခဲ့ပြီး ပြောင်းလဲကျင့်သုံးနေသည့် အထက်တန်း သိပ္ပံ သင်ခန်းစာ များကို နမူနာများအဖြစ် လက်တွေ့ သင်ကြားပြသခဲ့သည်။ တွေးခေါ်စဉ်းစားမှု ဖွံ့ဖြိုးစေရန်အတွက် စာသင်ခန်းများအတွင်း ဆရာမှ လုပ်ဆောင်နိုင်သည့် သင်ကြား နည်းလမ်းတစ်ခုအနေနှင့် PBL ကိုအသုံးချနိုင်ပုံ၊ ကျောင်းသားများ၏ စဉ်းစားတွေးတောမှု၊ သိမှု သဘော သဘာဝနှင့် ဆရာမှ ပံ့ပိုး ပေးနိုင် သည့် အခြေအနေတို့ ပါဝင်ခဲ့သည်။

CDC ကျောင်းမှ အထက်ပြ ဆရာမတစ်ဦးဖြစ်သူ ဒေါ်ဝတ်မှုန်သီတာဖြူက ယခုကဲ့သို့ ရှင်းပြပါသည်။ “ဆရာမတို့အနေနဲ့ ကျောင်းသူ ကျောင်းသားများကို ပြဿနာတစ်ခုခု၊ ဖြစ်စဉ်တစ်ခုခုကို တင်ဆက်ပြီး အဲဒီပြဿနာ၊ ဖြစ်ရပ်နဲ့ပတ်သက်လို့ (၁) သူတို့ သိရှိထားတဲ့ အချက်တွေရယ်၊ (၂) သူတို့ လုံးဝ မသိ သေးတာရယ်၊ (၃) လေ့လာ ရှာဖွေရမယ့် အချက်တွေကို ခွဲခြားပြီး စာသင်ခန်းအတွင်းမှာ ဆွေးနွေးကြ တာပါ။”

ဤကဲ့သို့ စဉ်းစားတွေးတောစေခြင်းမှာ ကလေးဗဟိုပြု သင်ကြားနည်းလမ်း တစ်ခုလည်း ဖြစ်ကြောင်းကို ဆက်ရှင်းပြပါသည်။

“အဲဒီလို ကျောင်းသူကျောင်းသားအချင်းချင်း အပြန်အလှန် ဆွေးနွေးတင်ပြကြရင်း မတူတဲ့ အမြင်တွေကိုလည်း ငြင်းခုံ ဆွေးနွေး နိုင်ကြတယ်။ နောက်ပြီးတော့လည်းပဲ ကိုယ်မသိသေးတဲ့အချက်တွေ၊ မတွေး၊ မမြင်မိတဲ့ ဟာတွေကိုလည်း သိမြင်ခွင့် ရလာမယ်။ ပြဿနာနဲ့ ဖြစ်ရပ်တွေရဲ့ အကျိုးအကြောင်း အချက်အလက်တွေ ပိုမို ပြည့်စုံလာမယ်လေ။ အဲဒီမှာ... ဆရာက Facilitator တစ်ဦး အနေနဲ့ ဘယ်လို ကြီးကြပ်၊ ညှိနှိုင်း ဆောင်ရွက်ရပုံကိုလည်း ကျမတို့ လေ့လာကြပါတယ်။ အင်မတန်မှ အကျိုး များလှပါတယ်။” ဇီဝဗေဒဆရာမ ဒေါ်ဝတ်မှုန်သီတာဖြူက သူမ လေ့လာခဲ့သည်များကို ပြန်လည် ပြောပြခဲ့ပါသည်။

၂ ရက်ကြာ ဆွေးနွေးပွဲတွင် မဲဆောက်မြို့၊ မြန်မာရွှေ့ပြောင်းဒေသရှိ အလယ်တန်းနှင့် အထက်တန်းကျောင်း ၈ ကျောင်းမှ သိပ္ပံဘာသာရပ်ပြ ဆရာဆရာမ ၂၅ ဦးတို့ တက်ရောက်ခဲ့ ကြပါသည်။

သင်ရိုးညွှန်းတမ်း ပြောင်းလဲရေး လုပ်ငန်းစဉ်၏ တစ်စိတ်တစ်ဒေသ အနေဖြင့် ခေတ်မီ သင်ရိုး ပြဌာန်းနိုင်ရေးနှင့် ကလေးဗဟိုပြု ပညာရေး ဆွေးနွေးပွဲများကို ပညာရေး နတ်ဝါ့က်ဖြစ်သည့် CTDCEP, မြန်မာရွှေ့ပြောင်းကျောင်းဆရာများအစည်းအရုံး BMTA နှင့် Suvanimit Foundation တို့က ကြီးမှူး ကျင်းပခဲ့ခြင်းဖြစ်သည်။

Ref: မောက္ခ

0 comments:

အပေါ်သို့