Monday, August 1, 2011

တိုက်ပွဲကြောင့် လှိုင်းဘွဲမြို့နယ်အတွင်း စာသင်ကျောင်း ၁၄ ကျောင်း ပိတ်ထား

July 31, 2011
နော်နိုရင်း

ပြီးခဲ့တဲ့ ဇူလိုင်လကုန်ပိုင်းလောက်ကစပြီး ကရင်ပြည်နယ်တွင်းက နယ်ခြားစောင့်တပ် အသွင်ပြောင်းထားတဲ့ တပ်ဖွဲ့ဝင်တချို့ တိုးတက်သော ဗုဒ္ဓဘာသာ ကရင်အမျိုးသား တပ်မတော် တံဆိပ်ပြန်လည် တပ်ဆင်ပြီးနောက်ပိုင်း အဲဒီတပ်တွေကို လက်ကျန် နယ်ခြားစောင့်တပ်တို့က ထိုးစစ်ဆင်တိုက်ခိုက်မှုတွေ ပြုလုပ်ခဲ့ပါတယ်။


ဒီလိုထိုးစစ်ဆင် တိုက်ခိုက်မှုကြောင့် ဒေသခံပြည်သူတွေ ဘေးလွတ်ရာကို ထွက်ပြေး တိမ်းရှောင်နေကြရပြီး ကျောင်း ၁၄ ကျောင်းလောက်ကို ပိတ်ထားရတယ်လို့ ကရင် ကျောင်း ဆရာများသမဂ္ဂ (KTWG) က ထုတ်ဖော် ပြောဆိုပါ တယ်။

ပြီးခဲ့တဲ့ ဇူလိုင်လ ၂၀ ရက်နေ့ကစပြီး လှိုင်းဘွဲမြို့နယ် မြိုင်ကြီးငူ ဒေသ၀ှက်မှာရှိနဲ့ ဗိုလ်ဘိဦးဆောင်တဲ့ နယ်ခြားစောင့်တပ် ခွဲထွက် အဖွဲ့တည်ရှိရာ နေရာတွေကို အစိုးရ သစ္စာခံနယ်ခြား စောင့်တပ်အဖွဲ့က ထိုးစစ်ဆင် တိုက်ခိုက်ခဲ့ပါတယ်။

ဗိုလ်ဘိတပ်ဖွဲ့ဝင်တွေ ရှိမယ်လို့ ခန့်မှန်းတဲ့နေရာတွေကို လက်နက်ကြီးတွေနဲ့ ပစ်ခတ်တိုက်ခိုက်တဲ့အတွက် အဲဒီ ဒေသ၀ှက်က ကျေးရွာသားတွေ ထွက်ပြေး တိမ်းရှောင်ရပြီး ကျောင်းတွေ ပိတ်ထားရတာလို့ ကရင် ကျောင်းဆရာများ သမဂ္ဂအဖွဲ့ရဲ့ ပြောခွင့်ရသူ စောအဲဒ၀တ်က ပြောပါတယ်။

“လှိုင်းဘွဲမြို့နယ်ထဲမှာ ကျောင်းတွေ ပိတ်ရတဲ့ အကြောင်းအရင်းက ဒီလိုရှိတယ်။ အခု ဒီ ဘီဂျီအက်ဖ်ကို လက်မခံနိုင်တဲ့ ခွဲထွက်သွားပြီးတော့ တိုက်ပွဲတွေ စဖြစ်တော့ ကျောင်းတွေ တော်တော်များများ ပိတ်သွားရတယ်ပေါ့နော်။ ဘီဂျီအက်ဖ်က တောင်ကုန်း အမြင့်ကနေ နေရာယူပြီးတော့ သူတို့ မသင်္ကာတဲ့ နေရာကို လှမ်းပစ်တယ်။ အဲတော့ ရွာထဲကို လက်နက်ကြီး ကျည်ဆံတွေ ၀င်တော့ တရက်မကဘူး တပတ် နှစ်ပတ် အဲလို ဖြစ်တော့ ကျောင်းဆရာ ဆရာမတွေ အဲဒီ ရွာသားတွေကလည်း လုံခြုံမယ့်နေရာကို ထွက်ပြေးပြီးတော့ ရွာထဲမှာ မနေတော့ဘူး။ ကျောင်းတွေလည်း ၁၄ ကျောင်း ပိတ်သွားတယ်ပေါ့နော်။”

အဲဒီ ပိတ်ထားရတဲ့ ကျောင်းတွေဟာ လှိုင်းဘွဲမြို့နယ်ရှိ မယ့်ကွီးထာ၊ လော်ပူ၊ ၀ဲပျာ့၊ ၀ါ့တမူ့၊ မဲ့ဆေ၊ မဲ့လော်ထာ၊ ထီးလာနဲ၊ ယော်ပို၊ တကြီကလား၊ သေရဖုိးကြီး၊ ကမားထာ၊ ကြီးေလး၊ ပနြယ့္သာကလား(ရွာသစ်)၊ ထီးပယ် စတဲ့ ကျေးရွာက ကျောင်းတွေ ဖြစ်ပါတယ်။

ပိတ်ထားရတဲ့ ကျောင်းအများစုက မူလတန်းကျောင်းတွေဖြစ်ပြီး ကိုယ်ထူကိုယ်ထ ကျောင်းတွေ ဖြစ်ပါတယ်။ ဒါပေမယ့် အစိုးရက စာသင်ပေးမယ့် ကျောင်းဆရာ တယောက် သို့မဟုတ် နှစ်ယောက်လောက် စေလွှတ်ပေးထားတဲ့ ကျောင်းတွေ ဖြစ်ပါတယ်။ ပိတ်လိုက်ရတဲ့ ကျောင်း ၁၄ ကျောင်းမှာ ကျောင်းသား ဦးရေ ၁၀၀၀ ကျော် ရှိတယ်လို့လည်း စောအဲဒ၀တ်က ပြောပါတယ်။

ဒါ့အပြင် လက်နက်ကြီးကျည်ကျရာ ဒေသတ၀ိုက်မှာရှိတဲ့ ရွာသားတွေက မိမိလုံခြုံရေးအတွက် တချို့ကတော့ နယ်စပ် မယ်သဝေါဘက်ကို ထွက်ပြေး တိမ်းရှောင်တာ ရှိသလို မြိုင်ကြီးငူဒေသဘက်လည်း သွားရောက် ခိုလှုံ နေကြရပါတယ်။

စစ်ကြောင့် ဒုက္ခရောက်နေတဲ့ ကလေးငယ်တွေရဲ့ ပညာရေးအတွက် ကရင် ကျောင်းဆရာများ အဖွဲ့က လက်လှမ်းမီသလောက် ကူညီပေးနေပြီး နယ်စပ်ကို ရောက်လာတဲ့ ကလေးငယ်တွေကိုလည် ထောက်ပံ့မှုတွေ ပြုလုပ်နေတယ်လို့ (KTWG) ရဲ့ ပြောခွင့် ရသူ စောအက်ဝတ်က ပြောပါတယ်။

တပ်ရင်းမှူး ဗိုလ်မှူးစောဘိက ဦးစီးဆောင်တဲ့ နယ်ခြားစောင့်တပ်ဖွဲ့ ၁၀၁၂ တပ်ဖွဲ့ဟာ ပြီးခဲ့ဇွန်လက စပြီး နယ်ခြားစောင့်တပ်ကနေ မိမိရဲ့ မူရင်းတပ်ဖြစ်တဲ့ ဒီကေဘီအေတံဆိပ်ကို ပြန်လည်တပ်ဆင်ခဲ့တာပါ။

ဒီလိုတပ်ဆင်ပြီး နောက်ပိုင်း သူ့တို့တပ်ဖွဲ့ကိုတွေကို အစိုးရတပ်နဲ့ အစိုးရသစ္စာခံ နယ်ခြားစောင့်တပ်တွေက သူတို့ကို ထိုးစစ်ဆင် တိုက်ခိုက်တာ ဖြစ်ပါတယ်။

Ref: ဒီဗွီဘီ

0 comments:

အပေါ်သို့