Wednesday, April 6, 2011

ရန်ကုန်မြို့လယ် စိန်ရွှေ ရတနာဆိုင်ကြီးတွင် ဓားပြတိုက်မှုဖြစ်ပွား

မိုးမခ အထောက်တော်၊ ရန်ကုန်
ဧပြီ ၆၊ ၂၀၁၁
၂၀၀၇ ခုနှစ်က စင်္ကာပူ လုပ်ငန်းခွဲ ဖွင့်ပွဲတွင် အာရှမယ် Sabrina Houssami နှင့်
တွေ့ရသော ရွှေနန်းတော်မိသားစု



ယမန်နေ့ ညနေ ၆နာရီ ၀န်းကျင်က ရန်ကုန်မြို့ ရွှေနန်းတော် စိန်ရွှေ ရတနာ ရွှေဆိုင်တွင် ဓားပြတိုက်မှု ဖြစ်ပွား ခဲ့သည်ဟု သတင်း ရရှိသည်။ ထိုသို့ ဖြစ်ပွားပြီးနောက် ၄ နာရီကျော်ကြာထိ ရွှေနန်းတော်ကို သံတံခါး ပိတ်ပြီး ရဲများက စစ်ဆေး မေးမြန်းလျက် ရှိနေ သေးသည်ဟုလည်း သိရသည်။ အဆိုပါ လမ်းဆုံ တ၀ိုက်တွင် လက်နက်ကိုင် ရဲလုံခြုံရေးများ ချထားသည်ကိုလည်း တွေ့မြင်ရသည်။

ဓားပြတိုက်သူ မည်သူ မည်ဝါ ဖြစ်သည်၊ မည်မျှ ပါသွားသည် ဆိုသည့် အသေးစိတ် အချက်အလက်များ ယခုအချိန်တွင် မသိရှိရသေးပါ။

ပိုင်ရှင်

ရွှေနန်းတော် ရတနာဆိုင်ကို ဒေါက်တာ အောင်ကျော်ဝင်း ပိုင်ဆိုင်သည်ဟု သိရသည်။ သူ၏ ဇနီးမှာ ဒေါက်တာ သက်သက်ခိုင် (သရုပ်ဆောင် အကယ်ဒမီ ထွန်းအိန္ဒြာဗို နှင့် ညီအစ်မ တော်စပ်သူ) ဖြစ်သည်။

သို့သော်လည်း အာဏာရှင်စောင့်ကြည့်ရေး အင်တာနက်စာမျက်နှာ http://burmadictatorwatch-eng.blogspot.com/2008/01/more-about-u-kyin-pain-u-shwe.html တွင်မူ ရွှေနန်းတော်သည် သူ၏ ဖခင် ဦးရွှေ ပိုင်ဆိုင်ကြောင်း၊ ဦးရွှေသည် ဗိုလ်ချုပ်ကြီးများနှင့် နီးစပ်ပြီး စီးပွားရေး လုပ်ငန်းများစွာ လုပ်ကိုင်နေကြောင်း ရေးသား ထားသည်။

မြန်မာပြည်ရှိ သူ၏ လုပ်ငန်းများတွင် စိန်နန်းတော်၊ မြနန်းတော်၊ ရတနာနန်းတော်၊ ၀ါဝါ၀င်း စသည့် ရတနာ ဆိုင်ကြီးများ၊ ရွှေသဇင် စင်ဒီကိတ်တို့ ပါဝင်သည်ဟု ဆိုသည်။

တန်ဘိုးကြီး

ရွှေနန်းတော်သည် ရွှေထည်ပစ္စည်းများ သာမက၊ စိန် နှင့် တန်ဘိုးကြီး ရတနာများ ရောင်းချသည့်ဆိုင် ဖြစ်သည်။

ပိုင်ရှင် ဒေါက်တာ အောင်ကျော်ဝင်းက သူ၏ လုပ်ငန်းများ အတွက် ရတနာ ပစ္စည်း ထုတ်လုပ်သည့် စက်ရုံကို ၂၀၀၅ ခုနှစ်တွင် တည်ထောင် ခဲ့ကြောင်း ပြီးခဲ့သည့် ဒီဇင်ဘာလက ရန်ကုန် အခြေစိုက် The First Music ဂျာနယ်ကို ပြောသည်။

အိန္ဒြာကျော်ဇင် မင်္ဂလာပွဲတွင် ၀တ်ဆင်ရန် ငှားရမ်းလိုက်သည့် စိန်ထည် ပစ္စည်းများမှာ ထိုစက်ရုံမှ ထုတ်လုပ်သည် ဟု ဆိုသည်။ “စုစုပေါင်း စိန်အပွင့်က စိန်အဝိုင်း အပွင့်ရေ ၂၆၀၀ ဝန်းကျင်၊ စိန်ဖန်ချောင်း အပွင့် ၁၂၀၀ ဝန်းကျင်” ပါဝင်ကြောင်း သူက The First Music ဂျာနယ်ကို ပြောသည်။

အစိုးရသစ်ကို အားစမ်းခြင်း

ရန်ကုန်မြို့လယ် လူစည်ကားရာ လမ်းဆုံလမ်းခွရှိ နာမည်ကြီး ရွှေဆိုင် ဓားပြမှုမှာ “အရပ်သား” အစိုးရသစ် တက်လာပြီး ၅ ရက် အကြာတွင် ဖြစ်သည်။ ဤအမှုသည် အသစ် တက်လာသည့် အစိုးရ လက်ထက် တရားဥပဒေ စိုးမိုးရေးနှင့် လုံခြုံရေး အစီအမံကို အားစမ်းမှု တခု ဖြစ်သည်ဟု ရန်ကုန်မြို့ခံတဦးက ဝေဖန်လိုက်သည်။

လုံခြုံရေး

ရွှေနန်းတော် စိန်ရွှေ ရတနာရွှေဆိုင်တွင် လုံခြုံရေး ကင်မရာများ တပ်ဆင်ထားသည်။

ရန်ကုန်မြို့လယ် ရွှေဆိုင်များ၏ လုံခြုံရေးအတွက် ရဲတပ်ဖွဲ့က ကားဖြင့်လှည့်ပြီး စောင့်ရှောက်သည့် အစီအစဉ် ရှိသည်ဟု သိရသည်။ ထိုသို့ လုံခြုံရေး ယူပေးသည့် နယ်မြေခံ ရဲတပ်ဖွဲ့ကို ရွှေဆိုင် ပိုင်ရှင်များက စုပေါင်းပြီး ထောက်ပံ့ ထားရသည်ဟု ဆိုသည်။

ရန်ကုန်ရှိ စိန်ရွှေ ရတနာရွှေဆိုင် အများစုမှာ တရုတ်တန်းတွင် တည်ရှိသည်။

ရန်ကုန်တွင် ပထမဆုံးအကြိမ် အဖြစ် ရတနာဆိုင်ကြီး ဓားပြတိုက် ခံရခြင်း ဖြစ်သည်ဟု သိရသည်။

ယခင်က နယ်မြို့ ရွှေဆိုင် တချို့တွင်သာ ဓားပြမှု ဖြစ်ပွားခဲ့သည်။

Ref: မိုးမခ

0 comments:

အပေါ်သို့