Monday, January 12, 2009

လွတ်လပ်ရေးနေ့အကြောင်းရေးသူ အယ်ဒီတာ စာပေစိစစ်ရေးက ခေါ်ယူ စစ်ဆေးခံရ

၉ ဇန်န၀ါရီ ၂၀၀၉

စာပေစိစစ်ရေးက ဖော်ပြခွင့်မပြုသည့် ဆောင်းပါးနှစ်ပုဒ် အန်အယ်လ်ဒီနဲ့ နိုင်ငံရေးသမား အသိုင်းအဝန်းတွင် ပျံ့နှံ့ ခဲ့သည့်ကိစ္စနှင့် ပတ်သက်ပြီး ဆောင်းပါးရေးသူ ဦးထွန်းဝင်းငြိမ်းကို စာပေစိစစ်ရေးက ခေါ်ယူစစ်ဆေးခဲ့ကြောင်း စာပေစိစစ်ရေးရုံးမှ အမည်မဖော်လိုသူ စာစစ်မှူးတဦးက ပြောသည်။

၎င်းက “ပြီးခဲ့တဲ့အပတ် လွတ်လပ်ရေးနေ့ မတိုင်မီက တင်ပြတဲ့ True News ဂျာနယ်ရဲ့ စာမူကြမ်းမှာ ဦးထွန်း ဝင်းငြိမ်းရဲ့ ဆောင်းပါးနှစ်ပုဒ်ပါတယ်။ လွတ်လပ်ရေးနေ့နဲ့ ပတ်သက်တဲ့ ဆောင်းပါးနှစ်ပုဒ်ပါ။ အဲဒါကို ကျမတို့ စာပေစိစစ်ရေးက ပုံနှိပ်ဖော်ပြခွင့် မပြုပါဘူး။ ဒါပေမယ့် ဒီဆောင်းပါးနှစ်ပုဒ် အန်အယ်လ်ဒီနဲ့ နိုင်ငံရေးသမားကြီး တွေ ကြားထဲ ပျံ့နှံ့နေတယ်ဆိုတာ စရဖနဲ့ အက်စ်ဘီအဖွဲ့က အကြောင်းကြားလာလို့ ကျမတို့ ညွှန်မှူးက ဦးထွန်း ဝင်းငြိမ်းကို ခေါ်ယူစစ်ဆေးတာပါ။ အရေးယူတာမျိုးတော့ မရှိပါဘူး” ဟု ပြောသည်။

၎င်း၏ ရှင်းပြချက်အရ အဆိုပါ ဆောင်းပါးနှစ်ပုဒ်အနက် တပုဒ်က လွတ်လပ်ရေးနေ့နှင့် ပတ်သက်ပြီး နိုင်ငံရေး သမားကြီးများဖြစ်သည့် သခင်အုန်းမြင့်၊ သခင်သိန်းမောင်၊ ဦးအုန်းမောင်၊ ဒဂုန်တာရာ၊ ဦးအောင်မြင့်၊ သခင် ချန်ထွန်း၊ သခင်သိန်းဖေ၊ ဦးထွေးမြင့်၊ ဦးမောင်မောင်ကြီး၊ ဦးမင်းလွင်တို့ကို အင်တာဗျူးလုပ်ပြီး ရေးသားဖော်ပြ ထားသည့် ဆောင်းပါးဖြစ်သည်။ နောက်တပုဒ်မှာမူ ၁၉၄၈ ခုနှစ် လွတ်လပ်ရေးရရှိစဉ်က ခံယူအဓိဋ္ဌာန်ပြုခဲ့သည့် အဓိဋ္ဌာန်စာတမ်းနှင့် ၁၉၄၈ ခုနှစ် လွတ်လပ်ရေးနေ့ မော်ကွန်းကျောက်စာတိုင် အုတ်မြစ်ချမိန့်ခွန်းပါဝင်သည့် ဆောင်းပါးတို့ ဖြစ်ကြသည်။

ယခုကိစ္စနှင့် ပတ်သက်၍ ပြည်တွင်းသတင်းဂျာနယ် အယ်ဒီတာတဦးကို မေးမြန်းကြည့်ရာ ၎င်းက “နိုင်ငံရေး သမားဟောင်းကြီးတွေအနေနဲ့ စစ်အစိုးရ စာပေစိစစ်ရေးဟာ ဆိုးရွားတယ်ဆိုတာ သိပေမယ့် ယခု ကိုယ်တိုင် လက်တွေ့ကြုံလိုက်ရမှ ဘယ်လောက်ဆိုးရွားတယ်ဆိုတာ ကိုယ်တိုင်ကိုယ်ကျ သိသွားကြမှာ ဖြစ်ကြောင်း၊ လွတ်လပ်ရေးနဲ့ ပတ်သက်လို့ မဟာဗန္ဓုလပန်းခြံထဲက လွတ်လပ်ရေးကျောက်တိုင် အောက်ခြေမှာ ရေးသားထား တဲ့ သမိုင်းဝင် စာသားတွေကိုတောင် လွတ်လွတ်လပ်လပ် ရေးသားဖော်ပြခွင့်မရတာ သူတို့ သိသွားကြတာမို့ ကောင်းကြောင်း၊ ဒါကြောင့် မကြာခင် ၂ဝ၁ဝ မှာ စစ်အစိုးရက ရွေးကောက်ပွဲတွေ လုပ်ပေးတော့မယ်၊ နိုင်ငံရေး ပါတီတွေ ဖွဲ့ပြီး လှုပ်ရှားနိုင်မယ်၊ ရွေးကောက်ပွဲ ဝင်နိုင်မယ် ဆိုပြီး စိတ်ကူးမယဉ်သင့်ကြောင်း” ပြောကြားသည်။

ခေတ်ပြိုင်၏ သီးသန့် စုံစမ်းချက်အရ ဆောင်းပါးရေးသူ ဦးထွန်းဝင်းငြိမ်းသည် ပြည်တွင်းထုတ် ဗြူတီ လစဉ်ထုတ် မဂ္ဂဇင်း အယ်ဒီတာတဦး ဖြစ်သောကြောင့် စာပေစိစစ်ရေးက ဗြူတီမဂ္ဂဇင်းမှတဆင့် ခေါ်ယူခဲ့ခြင်း ဖြစ်ကြောင်း၊ ဆောင်းပါးများ ပျံ့နှံ့နေသည့်ကိစ္စနှင့် ပတ်သက်၍ ဦးထွန်းဝင်းငြိမ်းက ၎င်းအင်တာဗျူး လုပ်ထားသူ နိုင်ငံရေး သမားကြီးများကို ရေးသားထားသည့်ဆောင်းပါး ပြန်လည်ပြသခြင်းသာဖြစ်ပြီး ပုံနှိပ်ဥပဒေကိုလည်း ချိုးဖောက် ခြင်း မရှိသည့်အတွက် စာပေစိစစ်ရေးက အရေးမယူနိုင်ခြင်း ဖြစ်ကြောင်း သိရသည်။

အဆိုပါဆောင်းပါးရေးသားသူ ဦးထွန်းဝင်းငြိမ်းအား စာပေစိစစ်ရေးမှ ဗိုလ်မှူးတင့်ဆွေက ၀ါရင့်နိုင်ငံရေးသမား ကြီးများ၏ လွတ်လပ်ရေးနေ့အခမ်းအနားတွင် ကြေညာချက်စာတမ်းဖြန့်ဝေသည်ဟုဆိုကာ ခေါ်ယူမေးမြန်းမှုများ ပြုလုပ်ခဲ့ကြောင်း စာပေအသိုင်းအ၀န်းမှ စုံစမ်းသိရှိရသည်။

ဖြစ်စဉ်အမှန်မှာ စာရေးသူ ဦးထွန်းဝင်းငြိမ်းသည် ၎င်းတွေ့ဆုံမေးမြန်းခဲ့သော ၀ါရင့်နိုင်ငံရေးသမားကြီးများထံ စာမူကြမ်းသွားရောက်ပေးခြင်းသာဖြစ်ကြောင်း သိရှိရပြီး ယင်းကဲ့သို့ သွားရောက်မှုကို စာပေစိစစ်ရေး ညွှန်ကြား ရေးမှူးက တပ်အပ်သေချာ သိရှိမေးမြန်းနိုင်သည်မှာ စာပေစိစစ်ရေးရုံးသည် နအဖထောက်လှမ်းရေးများနှင့် အမြဲ ပတ်သက်မှုရှိသည်ကို သက်သေပြုခြင်းတရပ် ဖြစ်နေသည်ဟု ရန်ကုန်စာနယ်ဇင်းအသိုင်းအ၀န်းက ယူဆသည်။

ဦးထွန်းဝင်းငြိမ်း တွေ့ဆုံမေးမြန်းခဲ့သော ၀ါရင့်နိုင်ငံရေးသမားကြီး သခင်ချန်ထွန်းကလည်း

“အန်ကယ်တို့ကတော့ လွတ်လပ်ရေးရဖို့ ကြိုးပမ်းခဲ့ကြရပုံတွေ၊ အဲဒီအချိန်တုန်းက နိုင်ငံတကာ နိုင်ငံရေးအခင်း အကျင်း….ဒါတွေရှင်းပြပြီးတော့ အခုချိန်မှာ လူတွေ လွတ်လွတ်လပ်လပ် ပြောရေးဆိုခွင့်မရကြတာနဲ့ စီးပွားရေး အခြေအနေတွေအကြောင်းကြောင့် အမှုအခင်းတွေ ပေါများလာတာတွေ… ဒါတွေ ပြောပြလိုက်တာပဲ။ အဲဒါတွေ ကိုပဲ သူတို့ မကြိုက်တာ၊ သဘောမကျတာနေမှာပေါ့” ဟု ခေတ်ပြိုင်၏ ဆက်သွယ်မေးမြန်းမှုကို ပြန်လည်ဖြေ ကြားသည်။

စာပေစိစစ်ရေးအဖွဲ့က ကဗျာဆရာ စောဝေ ကဗျာကိစ္စတုန်းကလည်း ယခုကဲ့သို့ ဆွေးနွေးစရာရှိသည်ဟုဆိုကာ စာပေစိစစ်ရေးရုံးသို့ ဆင့်ခေါ်ပြီး အဆိုပါ ရုံး၌ပင် ရဲလက်အပ် ဖမ်းဆီးခဲ့ခြင်းဖြစ်ကြောင်း သိရသည်။ ဖွဲ့စည်းပုံ အခြေခံဥပဒေ ၂ဝဝ၈ အတည်ပြုပြီး ၂ဝ၁ဝ မှာ ရွေးကောက်ပွဲ လုပ်ပေးတော့မည်ဟု စစ်အစိုးရက ကြေညာထား သော်လည်း စာပေစိစစ်ရေးက လွတ်လပ်စွာ ရေးသားခွင့်နှင့် ပတ်သက်ပြီး ဆိုးဆိုးရွားရွား ချိုးဖောက်နေဆဲဖြစ် ကြောင်း ပြည်တွင်း ပုဂ္ဂလိက ဂျာနယ်အယ်ဒီတာနှင့် သတင်းထောက်များက တညီတညွတ်တည်း ပြောဆိုနေကြ သည်။



(မင်းနိုင်သူ ဖြည့်စွက်ရေးသားသည်)
REF: ခေတ်ပြိုင်

0 comments:

အပေါ်သို့