Tuesday, January 13, 2009

မြန်မာနိုင်ငံမှာ အပြောင်းအလဲ မြင်ချင်ဟု ထိုင်းဝန်ကြီးချုပ် အာဘီဆစ်ပြော

၁၂ ဇန်န၀ါရီ ၂၀၀၉

မြန်မာနိုင်ငံမှာ အပြောင်းအလဲ ဖြစ်သည်ကို မြင်လိုသည့် ဆန္ဒရှိသော်လည်း မြန်မာနှင့်ဆက်ဆံရာတွင် အနောက်နိုင်ငံများနှင့် မတူသည့် နည်းလမ်းကို သုံးသွားမည်ဟု ထိုင်းဝန်ကြီးချုပ် အာဘီဆစ်ဝိဇ္ဇာဇီဝက ပြောသည်။

“မြန်မာနိုင်ငံနဲ့ ပတ်သက်လာရင် အနောက်နိုင်ငံတွေနဲ့ မြန်မာနိုင်ငံ တည်ရှိနေတဲ့ ဒေသတွင်းနိုင်ငံတွေ ဘာမှ မခြားနားပါဘူး။ ကျနော်တို့အားလုံး မြန်မာနိုင်ငံမှာ အပြောင်းအလဲ တခုခုဖြစ်တာ မြင်ချင်ကြတာပါပဲ” ဟု ၀န်ကြီးချုပ် အာဘီဆစ်က သတင်းထောက်များကို ပြောသည်။

သို့သော် မြန်မာနိုင်ငံ ဒီမိုကရေစီရေး ပြောင်းလဲလာအောင် မည်သည့်နည်းလမ်းမျိုး သုံးမည်၊ မည်သို့ ဖိအား ပေးမည်ဆိုသည်ကိုမူ ထိုင်းဝန်ကြီးချုပ်က ရှင်းရှင်းလင်းလင်း ပြောဆိုမသွားပေ။ မြန်မာစစ်အစိုးရ ဒုတိယ နိုင်ငံခြားရေးဝန်ကြီး ဦးကျော်သူနှင့် ဘန်ကောက်တွင် တွေ့ဆုံပြီးနောက် အာဘီဆစ်က ယခုကဲ့သို့ ပြောခြင်း ဖြစ်သည်။

ဒုတိယ နိုင်ငံခြားရေးဝန်ကြီး ဦးကျော်သူသည် ထိုင်း ဒီမိုကရက်ပါတီ အာဏာရလာပြီးနောက် ၀န်ကြီးချုပ် အာဘီဆစ်အား လာရောက်တွေ့ဆုံသည့် မြန်မာစစ်အစိုးရထဲမှ ပထမဆုံးပုဂ္ဂိုလ် ဖြစ်သည်။

ဝန်ကြီးချုပ်ဟောင်း တပ်ဆင်နှင့် တပ်ဆင်လက်ဝေခံများ အာဏာရသည့်အချိန်တွင် မြန်မာနိုင်ငံအပေါ် ပုဂ္ဂိုလ်ရေးအကျိုးစီးပွားများကို ရှေ့တန်းတင် ဆက်ဆံခဲ့သည်။ ထိုဆက်ဆံရေးကို ရုတ်တရက် ချက်ချင်း ပြောင်းပြန်လှန် ဆက်ဆံရန်မှာ မလွယ်ကူဟု Tha Nation အယ်ဒီတာ Kavi Chongkittavorn က ထောက်ပြ ခဲ့သည်။

ထိုင်းနိုင်ငံခြားရေးဝန်ကြီး ကာဆစ်ကမူ မြန်မာနှင့်ဆက်ဆံရာတွင် တပ်ဆင်လက်ထက်ကဲ့သို့ လူနှစ်ယောက် တည်းနှင့် ဆုံးဖြတ်ပြီး လုပ်ကိုင်ခဲ့သည့် ဆက်ဆံရေးမျိုးရှောင်ရှားပြီး ဖြောင့်ဖြောင့်မတ်မတ် ဆက်ဆံသွားမည် ဟု ပြောခဲ့သည်။



REF: ခေတ်ပြိုင်

0 comments:

အပေါ်သို့