Tuesday, January 13, 2009

အနောက်မှ ပိတ်ဆို့မှု ပြန်သုံးသပ်ဟု အရှေ့တီမော တိုက်တွန်း

Monday, 12 January 2009

မြန်မာပြည်အား စီးပွားရေးပိတ်ဆို့သည့် အနောက်နိုင်ငံတို့၏ မူဝါဒကို ပြန်လည်သုံးသပ်ကြရန် အရှေ့တီမော သမ္မတက ယမန်နေ့က ထပ်မံ တိုက်တွန်းလိုက်သည်။

“သူတို့ခေါင်းဆောင်တွေရဲ့ မကောင်းမှုတွေအတွက် ပြည်သူလူထုကိုတော့ ဒဏ်မခတ်သင့်ပါဘူး” ဟု မစ္စတာ ဟော်တာက ဘန်ကောက်တွင်ရောက်ရှိစဉ် ပြောကြားလိုက်ခြင်း ဖြစ်သည်။

၁၉၈၈ခုနှစ် လူထုဆန္ဒပြပွဲများကို စစ်အစိုးရက အကြမ်းဖက် ချေမှုန်းပြီးချိန်မှ စတင်၍ အမေရိကန် ပြည်ထောင်စုက မြန်မာစစ်အစိုးရကို စီးပွားရေးပိတ်ဆို့မှုများ စတင်ပြုလုပ်ခဲ့ခြင်းဖြစ်သည်။ တချိန်တည်းမှာပင် ကမ္ဘာ့ဘဏ်၊ အာရှဖွံ့ဖြိုးရေးဘဏ်၊ နိုင်ငံတကာငွေကြေးရန်ပုံငွေအဖွဲ့ စသည့်အဖွဲ့များကလည်း မြန်မာပြည်သို့ ကူညီမှုများ ရပ်ဆိုင်းခဲ့သည်။

စစ်အစိုးရနိုင်ငံခြားရေးဝန်ကြီး ဦးဉာဏ်ဝင်းကလည်း ပြီးခဲ့သည့် စက်တင်ဘာလက ကုလသမဂ္ဂ အထွေထွေ ညီလာခံ၌ မိန့်ခွန်းပြောရာတွင် စီးပွားရေးပိတ်ဆို့မှုကို အပြင်းအထန် ကန့်ကွက်ကြောင်း ထည့်သွင်းပြောကြား လိုက်သည်။

“ကျနော်တို့ရဲ့နိုင်ငံအပေါ် နိုင်ငံကြီးတချို့က တဖက်သတ် အရေးယူပိတ်ဆို့နေပါတယ်။ ဒီပိတ်ဆို့မှုတွေဟာ အကျိုးအကြောင်း ညီညွတ်ခြင်းမရှိသလို နိုင်ငံတကာဥပဒေတွေနဲ့လည်း မညီပါဘူး။ ဖွံ့ဖြိုးတိုးတက်ရေးကို ထိခိုက်စေပြီး ဆန့်ကျင်ဘက် ဆိုးကျိုးကိုပဲဖြစ်စေပါတယ်”ဟု ဦးဉာဏ်ဝင်းကဆိုသည်။

ပြည်ပရောက် အတိုက်အခံတဦးဖြစ်သည့် လူ့ဘောင်သစ် ဒီမိုကရက်တစ်ပါတီမှ တွဲဖက် အထွေထွေ အတွင်း ရေးမှူး ကိုငွေလင်းကမူ စီးပွားရေးပိတ်ဆို့မှုကို ဒီမိုကရေစီအရေးအတွက် လိုအပ်ချက်တခုအဖြစ် ရှုမြင်သည်။

“ပိတ်ဆို့မှုကြောင့် စစ်အုပ်စုရယ်၊ သူတို့နဲ့ပေါင်းသင်းနေတဲ့ သူတို့ရဲ့ဆွေတော်မျိုးတော်တွေ ထိခိုက်တယ်။ ဒါပေမယ့် တနွယ်ငင် တစင်ပါဆိုသလို လူထုလည်း အဖျားအနားခတ်ပြီး ထိခိုက်တယ်။ စစ်အစိုးရ လမ်း ကြောင်းမှန်ပေါ်ကို ရောက်ဖို့တော့ ဒါက ဖိအားဖြစ်စေပါတယ်” ဟု ကိုငွေလင်းက ဆိုသည်။

မစ္စတာဟော်တာက မြန်မာပြည်အပေါ် ပိတ်ဆို့ထားမှုများနှင့်ပတ်သက်ပြီး ပြန်လည်သုံးသပ်ရန် ယခင်က လည်း အကြိမ်ကြိမ် ပြောဆိုခဲ့ပြီးဖြစ်သည်။ ဧရာဝတီနှင့် ၂၀၀၄ ခုနှစ်ကပြုလုပ်သည့် ဆက်သွယ် မေးမြန်းခန်း တခုတွင် မစ္စတာဟော်တာက “ဒေါ်စုနဲ့ သူ့နောက်လိုက်တွေ လွတ်မြောက်လာသလိုမျိုး တိုးတက်မှုတွေ ရှိ လာမယ်ဆိုရင်တော့ ပိတ်ဆို့ထားတာတွေကိုလည်း ဖြည်းဖြည်းချင်း ရုပ်သိမ်းသင့်ပါတယ်”ဟု ပြောကြားခဲ့ဖူး သည်။

မစ္စတာဟော်တာသည် အရှေ့တီမောနိုင်ငံ၏ လွတ်လပ်ရေးသူရဲကောင်းတဦးဖြစ်သည်။ ၂၀၀၂ ခုနှစ်တွင် အရှေ့တီမောသည် အိမ်နီးချင်း အင်ဒိုနီးရှားနိုင်ငံ၏ အုပ်ချုပ်မှုအောက်မှ ပြန်လည် လွတ်မြောက်ခဲ့လာသည်။

ယခုအခါ အရှေ့တီမောသည် မြန်မာနိုင်ငံမှအပ ဒေသတွင်း နိုင်ငံများအားလုံးနှင့် သံတမန် အဆက်အသွယ် ပြုလုပ်ထားပြီး ဖြစ်သည်။ ။



ဇာနည်ဝင်း
REF: ဧရာဝတီ

0 comments:

အပေါ်သို့