Friday, January 16, 2009

မြန်မာနိုင်ငံရဲ့ တရားစီရင်ရေး - (အင်တာဗျူး)

ကြာသပတေးနေ့၊ ဇန်နဝါရီလ 15 2009

မြန်မာနိုင်ငံတွင် ယုံကြည်ချက်ကြောင့် နှစ်တို-နှစ်ရှည်အကျဉ်းကျခံနေရသူပေါင်း (၂,၀၀၀) ကျော်ရှိသည်ဟု နိုင်ငံရေးအကျဉ်းသားများ ကူညီစောင့်ရှောက်ရေးအသင်း (မြန်မာနိုင်ငံ) က ထုတ်ပြန်ထားသည်။

မြန်မာစစ်အစိုးရက ၎င်းတို့နှင့် ယုံကြည်ချက်မတူညီ၊ သဘောထားကွဲသူများကို အငြိုးအတေးဖြင့် ဥပဒေနှင့် မညီဘဲ ထောင်ဒဏ်များ ချမှတ်နေပြီး ရပ်ဝေးထောင်များသို့ ပြောင်းရွှေ့ပို့ဆောင်ခြင်းများပင် ပြုလုပ်လျက်ရှိ ကြောင်း ပြည်တွင်းနှင့် နိုင်ငံတကာ အသိုင်းအ၀န်းများက ဝေဖန်ကြသည်။

ရပ်ဝေးထောင်များသို့ ပြောင်းရွှေ့ပို့ဆောင်ခြင်းခံရသူများ၏ မိသားစုများက ၎င်းတို့၏ ဆွေမျိုးသားချင်းများထံ ထောင်ဝင်စာ သွားတွေ့ရန် ခရီးဝေးခြင်း၊ လမ်းပမ်းဆက်သွယ်ရေး မချောမွေ့ခြင်း၊ ခရီးစရိတ်များမြင့်မားခြင်း၊ အာဏာပိုင်များက နှောင့် ယှက်ခြင်း စသည်တို့ကြောင့် ဒုက္ခရောက်ကြရကြောင်း ထုတ်ဖော်ပြောဆိုကြသည်။

မြန်မာနိုင်ငံ၏ တရားစီရင်ရေးစနစ်နှင့်ပတ်သက်ပြီး သိရှိနိုင်ရန် မကြာသေးမီကမှ ထိုင်း-မြန်မာနယ်စပ်သို့ ရောက်ရှိလာသော နိုင်ငံရေးရှေ့နေ စောကျော်ကျော်မင်းကို မဇ္ဈိမကမေးမြန်းခွင့် ရခဲ့သည်။ ကိုစောကျော် ကျော်မင်းသည် ရှေ့နေတဦးဖြစ်ပြီး နယ်စပ်သို့မထွက်ခွာမီအထိ နိုင်ငံရေးအမှုပေါင်း (၁၄) မှု လိုက်ခဲ့သူဖြစ် သည်။ ထို့အပြင် အင်းစိန်မြို့နယ် အမျိုးသားဒီမိုကရေစီအဖွဲ့ချုပ် (အန်အယ်ဒီ) လူငယ်တာဝန်ခံဖြစ်ခဲ့သည်။

လှိုင်သာယာမြို့နယ်တရားရုံးမှာ ကိုသန့်ဇင်မျိုးအပါအ၀င် ၁၁ ဦးအမှုမှာ အမှုသည်တချို့က တရားစီရင်ရေး ကို အယုံအကြည် မရှိဘူးဆိုပြီး ဆန္ဒပြခဲ့တာနဲ့ ပတ်သက်လို့ ကိုစောကျော်ကျော်မင်းနဲ့အတူ ရှေ့နေ ကိုညီညီထွေးတို့ကို ထောင်ဒဏ် ၆ လစီ စီရင်ချက် ချလိုက်တယ်။ အဲဒီကိစ္စနဲ့ပတ်သက်ပြီး အကျဉ်းချုံး ပြောပြ ပေးပါလားဗျာ။

၂၀၀၇ ခု အောက်တိုဘာ ၂၃ ရက်မှာ ကိုသန့်ဇင်မျိုးအပါအ၀င် ၁၁ ဦးကို စစ်တာမှာ ကိုညီညီထွေးရော၊ ကျနော်ရော နှစ်ယောက်စလုံး အဲဒီအမှုမှာ ပါဝါတင်ထားတဲ့အတွက် သွားပြီးစစ်ဆေးခဲ့ပါတယ်။ ကိုရန်နိုင် ထွန်းရဲ့ ရှေ့နေက ကိုညီညီလှိုင် ဖြစ်တယ်ဗျာ။ သူက အဲဒီနေ့မှာ တခြားရုံးချိန်းတခုနဲ့တိုက်နေလို့ မအားတဲ့ အတွက် မလာနိုင်ဘူး။ ကိုရန်နိုင်ထွန်းက သူကိုယ်တိုင်ပဲ တရားလိုနဲ့ အပြန်အလှန် မေးခွန်းသုံးလေးခွန်း လောက် မေးပြီးတဲ့အခါမှာ သူက တရားသူကြီးကိုတော့ လေးစားပါတယ်တဲ့၊ တရားစီရင်ရေးစနစ်ကိုတော့ အယုံအကြည်မရှိဘူးလို့ ပြောပြီးတော့ သူက တရားသူကြီးကို ကျောပေးထိုင်တာပေါ့။ တရားသူကြီးက ကိုရန်နိုင်ထွန်းကို ဒီဘက်ကို ပြန်လှည့်ထိုင်ပါဆိုပြီး ပထမဆုံးပြောတယ်။ အဲဒါ သူက မထိုင်တဲ့အပြင်ကို နောက်ထပ် ကိုအောင်မင်းနိုင် ခေါ် မီးသွေး၊ မျိုးကျော်ဇင်ရယ် ၂ ယောက်ကပါ သူ့လိုပဲပြောပြီး နောက်လှည့် ထိုင်လိုက်တယ်။

အဲဒီတော့ တရားသူကြီးကနေ ကဲ ရှေ့နေတွေ ဒီဘက်ကို လှည့်ထိုင်ပေးဖို့ သူတို့ကို ပြောပါဦးတဲ့။ ကျနော်တို့ ကနေ ရှေ့နေဆိုတာ အမှုသည်တွေရဲ့ ညွှန်ကြားချက်နဲ့အညီ လိုက်ပါဆောင်ရွက်ရတာဖြစ်တယ်။ အဲဒီလို ဖြစ်တဲ့အတွက် ဒီအမှုမှာတော့ဖြင့်ရင် အမှုသည်တွေ ကိုယ်၌ကနေ ပြုမှုဆောင်ရွက်တဲ့ ကိစ္စရပ်တွေမှာ ကျနော်တို့ ရှေ့နေတွေအနေနဲ့ ဝင်ရောက်ပါဝင်လိုခြင်း မရှိဘူး။ ဝင်ရောက်ပြောဆိုလိုခြင်း မရှိဘူးလို့ ပြော လိုက်တယ်ပေါ့။ တရားသူကြီးက ဒါဆိုရင်တော့ ကောင်းပြီတဲ့ အမှုဆက်စစ်လို့ မရတော့ဘူးပေါ့နော်။ နောက် တရက်ကို ရုံးချိန်းပေးလိုက်တယ်။

၂၄ ရက်နေ့ကျတော့ လှိုင်သာယာမြို့နယ်တရားသူကြီးက တရားလိုလုပ်ပြီးတော့ မြောက်ပိုင်းခရိုင်တရားရုံး မှာ ကျနော်တို့ကို တရားစွဲတယ်။ တရားရုံးရဲ့ အမှုစစ်ဆေးနေတာကို နှောင့်နှေးကြံ့ကြာအောင်လုပ်တယ်ဆို ပြီး ပြစ်မှုဥပဒေပုဒ်မ ၂၂၈ နဲ့ စွဲတာ။

အမှုသည်က အခုလို ကျောပေးဆန္ဒပြတဲ့ကိစ္စနဲ့ ပတ်သက်ပြီးတော့ ရှေ့နေတွေကို ထောင်ဒဏ် ၆ လစီ ချ လိုက်တယ်ဆိုတာ ဥပဒေရှုထောင့်ကကြည့်ရင် အဆီအငေါ်တည့်ရဲ့လားဗျာ။

ပြစ်မှုဥပဒေပုဒ်မ ၂၂၈ ရဲ့ အဓိပ္ပာယ်ဖွင့်ဆိုချက်ကိုက ပြည်သူ့ဝန်ထမ်းတဦးက ပြည်သူ့ဝန်ထမ်းအဖြစ်နဲ့ တရား စစ်ဆေးစီရင်နေတဲ့ အချိန်မှာ ကြိုတင်ကြံရွယ်ချက်နဲ့ပေါ့၊ တမင်တကာကိုပဲ နှောင့်နှေးကြံကြာအောင် လုပ် တာကို ဆိုလိုတာပါ။ ဒါပေမဲ့ အဲဒီနေ့က ကျနော်တို့ရှေ့နေတွေက တမင်ကြံရွယ်ချက်နဲ့ နှောင့်နှေးကြန့်ကြာ အောင် လုပ်တာမရှိဘူး။

နောက်တခုက ပြစ်မှုဥပဒေပုဒ်မ ၂၂၈ နဲ့ တရားစွဲမယ်ဆိုရင် တရားရုံးတွေကနေပြီးတော့ ပြစ်မှုဆိုင်ရာ ကျင့်ထုံးဥပဒေပုဒ်မ ၄၈၀၊ ပုဒ်မခွဲ ၁ ကို လိုက်နာကျင့်သုံးရတယ်။ အဲဒီမှာဆိုရင် ပုဒ်မ ၂၂၈ နဲ့ တရားစွဲရင် ထောင်ဒဏ် ၁ လ ဒါမှမဟုတ်ရင် ငွေဒဏ် ၂၀၀ ပဲချမှတ်ရမယ်လို့ ပြဋ္ဌာန်းချက်ရှိတယ်။ အဲဒီလို ပြဋ္ဌာန်းချက် ရှိတဲ့အတွက် ကိုညီညီထွေး အပါအ၀င် ကျနော့်ကို ထောင်ဒဏ် ၆ လ ချလိုက်တာကတော့ဖြင့် ဥပဒေနဲ့ လုံးဝ ညီညွတ်မှုမရှိဘူး။ တရားမျှတမှုမရှိဘူးလို့ပဲ မြင်တယ်လေ။ ပြီးတော့ ဒီလို ဆန္ဒပြတာနဲ့ပတ်သက်ပြီး ရှေ့နေ တွေက သွားပြီး တားမြစ်ပေးရမယ်လို့လည်း ကျနော် လေ့လာခဲ့ဖူးသလောက် ဥပဒေပြဋ္ဌာန်းချက် မရှိပါဘူး။

နိုင်ငံရေးအမှုတွေကို မလိုက်ခင်မှာ ကိုစောကျော်ကျော်မင်းက ၂၀၀၇ ခုနှစ် မေလ ၁ ရက်မှာ ဒေါ်အောင်ဆန်း စုကြည်နဲ့ နိုင်ငံရေးအကျဉ်းသားတွေ လွတ်မြောက်ရေးအတွက် အင်းစိန်ကျောက်တော်ကြီးမှာ မစုစုနွေးတို့နဲ့ အတူ ဆုတောင်းပွဲလုပ်ခဲ့လို့ အဆွဲခံခဲ့ရတယ်။ စက်တင်ဘာ သံဃာတွေကိစ္စတုန်းကလည်း ပါဝင်ခဲ့တယ်။ အဲဒီလို နိုင်ငံရေးလှုပ်ရှားမှုတွေလုပ်လို့ မတရား စီရင်ချက်ချခံရတယ်လို့ရော ယူဆလား။

ကျနော်က ဥပဒေကျောင်း တက်နေတဲ့အချိန်မှာကို အန်အယ်ဒီ အဖွဲ့ဝင်ဖြစ်နေပြီး နိုင်ငံရေးလုပ်ခဲ့တာ တချက် ပေါ့လေ။ တခြား နိုင်ငံရေးတက်ကြွလှုပ်ရှားသူတွေ လုပ်ကိုင်တာတွေကိုလည်း ကူညီတဲ့အပေါ်မှာ ကျနော့ကို အာဏာပိုင်တွေက ရန်ငြိုးအာဃာတ ရှိတယ်လို့တော့ ကျနော်မြင်တယ်။

ကျိုက္ကဆံစစ်ဆေးရေး၊ မှော်ဘီရတပ်ရင်း ၃ ၊ ရဲတပ်ရင်း ၆ ၊ အောင်သပြေ စစ်ကြောရေးတွေကိုလည်း အပို့ခံရ ပြီး စစ်ဆေးခံခဲ့ရတယ်လို့ သိရတယ်။ အားလုံးပေါင်း ဘယ်လောက်ကြာသွားလဲ။ ပြီးတော့ အာဏာပိုင်တွေက ဘာတွေ ဘယ်လို စစ်ဆေးမေးမြန်းလဲဗျ။

၁၅ ရက် ၅ လ ၂၀၀၇ ကနေပြီးတော့ ၂၇ ရက် ၇ လပိုင်း ၂၀၀၇ အထိ။ ၂ လကျော်လောက်ကြာမယ်။ စစ ခေါ်သွားချင်း ကျိုက္ကဆံစစ်ကြောရေးမှာ စစ်ပါတယ်။ မေးတာကတော့ ဒီလိုမျိုး ၀တ်ပြုဆုတောင်းပွဲလုပ်တာ ဘယ်သူက ဦးဆောင်တာလဲ။ ဆုတောင်းပွဲမှာ ၂၉ ယောက်လုံးပါအောင် ဘယ်သူက လိုက်ပြီး စည်းရုံးတာ လဲ။ ဒီ Free Aung San Suu Kyi အင်္ကျီတွေကို ဘယ်သူက ထုတ်ပေးတာလဲ။ ဒီ Free Aung San Suu Kyi အကျီတွေရဖို့အတွက် ဘယ်လိုမျိုး ငွေစုလဲပေါ့။ တကယ်လို့ အဖမ်းမခံရဘူးဆိုရင် ဘယ်လိုအစီအစဉ်တွေနဲ့ ဆက်လုပ်မလဲ။ အဲဒါတွေ အဓိကထားပြီး မေးတာပေါ့။

ကျိုက္ကဆံစစ်ကြောရေးမှာ ၃ ရက်ပေါ့။ ကျနော်တို့ အဖမ်းခံရတာ ၂၉ ယောက်။ နောက် အဲဒီမှာပဲ ကိုသန့်ဇင် မျိုးတို့ ၁၁ ယောက်ဆိုတော့ ၄၀ လောက်ရှိတယ်။ စစ်ဆေးတာကတော့ သက်သက်ညှာညှာပါပဲ။ ရဲတပ်ရင်း ၆ ကို ကျနော်တို့ ၅ ယောက် ပြောင်းခံရတယ်။ တိုက်ပိတ်ခံရတယ်။ အဲဒီမှာကျတော့ ဘာလာပြောလဲဆိုတော့ အထက်က လူကြီးတွေက လွှတ်ပေးချင်ပါတယ်တဲ့၊ ဒါပေမဲ့ ကျနော်တို့တွေက ခေါင်းမာတဲ့လူတွေ ဖြစ်နေ တယ်တဲ့။ ပြန်ထွက်သွားရင် နိုင်ငံရေးလုပ်မလား မလုပ်ဘူးလား အဲဒါသိချင်တယ်တဲ့။ ကျနော်တို့က လုပ်မယ် လို့ ပြောလိုက်တယ်။ နောက်ဆုံး အက်စ်ဘီက တာဝန်ခံ တယောက်ရောက်လာပြီး စစ်ကြောရေးလုပ်တယ်။ တောထဲနဲ့ အဆက်အသွယ်ရှိလားတဲ့၊ အဓိကမေးတယ်။ နောက်နေ့ ပြန်လွှတ်တာပဲ။

ရုံးထုတ်စစ်ဆေးတဲ့အခါမှာ တရားရုံးခန်းထဲမှာ ဘယ်သူတွေရှိလဲဗျ။

တရားခံရှိမယ်။ ရှေ့နေရှိမယ်။ ရဲတွေရှိမယ်။ နောက် ကိုသန့်ဇင်ဦးတို့ နှစ်မှုလုံး လှိုင်သာယာရော၊ ကမာရွတ် တရားရုံးရောမှာဆိုရင် လုံထိန်းကား ၂-၃ စီးပါချထားတယ်။ ပြီးတော့ တရားရုံးဝန်းထဲမှာလည်း ကြံ့ခိုင်ရေးတို့ စွမ်းအားရှင်တို့ အယောက် ၁၀၀ ကျော်လောက်ကို စောင့်ကြပ်နေတာပေါ့။ စစ်နေရင် တရားရုံးအပေါက်ဝမှာ သူတို့က ပိတ်ထားတယ်။ မိသားစုတွေ ၀င်လို့မရအောင်။ ကိုသန့်ဇင်မျိုးတို့က လှိုင်သာယာရုံးမှာ ပြစ်မှုဥပဒေ ၁၄၃-၁၄၅-၁၅၂- ၅၀၅ (ခ) တွေနဲ့ စွဲခံထားခဲ့ရတာပေါ့။ ၁၀ နှစ်ကျော်တွေကျမယ်ထင်တယ်။ အတိအကျ တော့ မသိရသေးဘူး။ တခြားအမှုတွေမှာ စစ်ဆေးခန်းထဲ အက်စ်ဘီဝင်တာလည်း ရှိတယ်။ ကျနော့်အမှုတွေ မှာတော့ အပေါက်ဝမှာ ရပ်စောင့်နေတာ တွေ့ရတယ်။

ရှေ့နေနဲ့ အမှုသည်က အမှုသွားအမှုလာကို တွေ့ဆုံဆွေးနွေးတဲ့ ကိစ္စက ဘယ်လောက်အရေးကြီးလဲ။

တော်တော်ကိုပဲ အရေးကြီးပါတယ်။ အမှုအကြောင်းချင်းရာကိုသိထားမှ။ အမှုစစ်ဆေးတော့ ကောင်းကောင်း မွန်မွန် ခုခံချေပနိုင်မှာ ဖြစ်ပါတယ်။ ဒါပေမဲ့ ကျနော်ကြုံခဲ့ရတာကတော့ အမှုသည်ဆီက ညွှန်ကြားချက်ရဖို့ နေနေသာသာပေါ့။ လိုက်ပါဆောင်ရွက်ဖို့ကို မနည်းကို ကြိုးစားလုပ်ဆောင်ရပါတယ်။ ကိုရံရွှေတို့ ကိုမြင့်အေး တို့ အမှုမှာဆို ဒီရှေ့နေတွေကို ဘာလို့ ငှားတာလဲ၊ ဒီရှေ့နေတွေနဲ့ ဘယ်လိုအဆက်အသွယ်ရှိနေလဲဆိုပြီး အမှုသည်တွေကို ဖိအားပေးတာတွေ ရှိပါတယ်။ ကျနော်တို့ သူတို့အမှုကို လိုက်မယ်လို့ ပါဝါတင်လိုက်ပြီး ပြန် သွားတဲ့အချိန် အမှုသည်တွေကို ထောင်ထဲပြန်ထည့်ချိန် အက်စ်ဘီတို့ စရဖတို့က ထောင်ထဲမှာကို လာနေပါ တယ်။ သူတို့မိသားစုတွေကိုလည်း ဖိအားပေးတယ်လို့ သိရပါတယ်။

စီရင်ချက်ချတဲ့အခါမှာ တရားသူကြီးတွေကရော ဘယ်လောက်အထိ လွတ်လပ်မှုရှိလဲဗျ။

လုံးဝကို လွတ်လပ်မှုမရှိဘူးလို့ပဲ ပြောရမှာပဲ။ ဒီအမှုတွေနဲ့ပတ်သက်ပြီးတော့။ ထင်ထင်ရှားရှား အမှုတခုကို ပြ ဆိုရင် ကျနော့အမှုပဲလေ။ ဒုတိယတရားသူကြီးကိုယ်၌က မင်းတို့ကိုတဲ့ ဒီနေ့ပဲဖမ်းချုပ်ဖို့ အထက်က အမိန့် ပေးတယ်ဆိုတော့ တရားခွင်မှာ တရားသူကြီးက လွတ်လွတ်လပ်လပ် ဆုံးဖြတ်ရမယ့်လူလေ။ အထက်က အမိန့်ပေးတယ်ဆိုတာက သူ့စကားထဲမှာကို ပါနေပြီ။ ဘယ်လောက်အထိတောင် လွှမ်းမိုးမှုရှိနေလဲဆိုတာ။ နောက်တချက်က ကိုဖိုးဖြူ လိုက်ပါဆောင်ရွက်နေတဲ့ ကိုသန့်ဇင်ဦး အမှုကြည့်ရင် ပြည်ထဲရေးဝန်ကြီးဌာနက နေ ကိုသန့်ဇင်ဦးကို ထိရောက်ဟန့်တားတဲ့ ပြစ်ဒဏ်ချမှတ်ပေးပါဆိုတဲ့စာ တရားရုံးမှာရောက်နေပြီး အဲဒီ စာကြီးကို တရားသူကြီးက ထုတ်ပြတယ်။ အင်းစိန်မြို့နယ် ဒုတိယတရားသူကြီး ဒေါ်ဘေဘီက။ ကိုသန့်ဇင်ဦး ကို ကိုယ်တိုင်ထုတ်ပြတာ။ ရှင့်ကို ဒီမှာ စာရောက်နေတယ်ဆိုတဲ့ အနေအထားမျိုးပေါ့။

ဒီနေ့ မြန်မာနိုင်ငံရဲ့ တရားစီရင်ရေးစနစ်အပေါ် ဘယ်လိုမြင်လဲဗျာ။ အတိုချုံးပေါ့။

အတိုချုံးပြောရရင် မြန်မာနိုင်ငံမှာ တရားဥပဒေစိုးမိုးမှု လုံးဝမရှိဘူးလို့ ပြောချင်တယ်ဗျာ။ နိုင်ငံရေး တက်ကြွ လှုပ်ရှားသူတွေ၊ ယုံကြည်ချက်အတွက် လုပ်ဆောင်နေတဲ့သူတွေကို ပြစ်ဒဏ်အရှည်ကြီးတွေ ချမှတ်လိုက် တာတော့ဖြစ်ရင် ရန်ငြိုး အာဃာတနဲ့ဗျာ ဂလဲ့စားချေတဲ့သဘောမျိုးနဲ့ကို ချမှတ်တာဖြစ်တယ်။ ဥပဒေဆိုတာ ကတော့ဗျာ အုပ်ချုပ်သူရဲ့ အကျိုးစီးပွားကိုကာကွယ်ပေးပြီး ပြည်သူလူထုကို ဖိနှိပ်တယ်ဆိုရင် တရားဥပဒေ စိုးမိုးဖို့ဆိုတာ လုံးဝမဖြစ်နိုင်ဘူး။

ကိုဝိုင်း
REF: မဇ္ဈိမ

0 comments:

အပေါ်သို့