Wednesday, January 14, 2009

ဆေးကြောင့် လေးမှာစိုး - ခွာညို

Tuesday, 13 January 2009

“ဒီနေ့ ဘာသတင်းထူးသေးလဲ” ဆိုသော မေးခွန်းကို သတင်းထောက်သင်တန်း စတက်ခဲ့သည့် ၂၀၀၅ ခုနှစ် က စပြီး နားယဉ်လာခဲ့ရပါသည်။ အခု ကျမက အမေရိကန်နိုင်ငံသား နိုင်ငံရေးသိပ္ပံ ပါမောက္ခဟောင်း ဖြစ် သော ဒေါက်တာ ဒေးဗစ်အင်္ဂလန်၏ အိမ်မှာနေသည်။ သူက အသက် ၆၀ ကျော် ၇၀ နားနီးနေသည့်တိုင် အောင် မည်သည့်နိုင်ငံအရေးကိစ္စမဆို စိတ်ဝင်တစား လေ့လာလိုစိတ်ရှိနေဆဲ။

ကျမက သူတို့အိမ်မှာ ရှိနေသည့်အတွက် သူက မြန်မာ့အရေးကို ပိုစိတ်ဝင်တစား ရှိလာသည်။ မနက်မိုးလင်း လျှင် သူက ဘာသတင်းထူးလဲဟု အမြဲမေးလေ့ရှိပါသည်။

သို့သော် သူက အမြဲတမ်း စောစော နိုးနေကျဖြစ်သောကြောင့် သူကသာလျှင် ကျမကို သတင်းဦး ပြောပြရ လေ့ ရှိပါသည်။ တခါတရံ ကျမအတွက် လိုအပ်မည်ထင်သော သတင်းမျိုး၊ အင်္ဂလိပ်လို အသုံးများ ကျမ လေ့လာဖို့ လိုသည့်သတင်းမျိုးဆိုလျှင် တခါတည်း ပရင့် ထုတ်ပေးထားတတ်ပါသည်။

သည်နေ့ ကျမကွန်ပျူတာ အင်တာနက်ပျက်နေသောကြောင့် သူက သူဖတ်ထားသည့် သတင်းကို ပြောပြပါ သည်။ ကျမတို့ နိုင်ငံရေးစကားဝိုင်းတွင် အန်ကယ့်ဇနီးက နားထောင်သူ သက်သက်ဖြစ်ပြီး တခါတရံမှာတော့ ကျမတို့ မြန်မာပြည်သူတွေအတွက် သူက ဒေါသတွေ ထွက်နေတတ်ပါသည်။

သူက အိုင်းရစ်သူဖြစ်ပြီး ဗြိတိသျှလက်အောက်မှာ ဆင်းဆင်းရဲရဲ ကြီးပြင်းခဲ့ရသူ၊ ဖခင်ဖြစ်သူက တော်လှန် ရေးသမားကြီး။ သည်တော့ မြန်မာပြည်သူတွေ၏ ဒုက္ခမှန်သမျှကို မျှဝေခံစားနိုင်သည့် နှလုံးသား သူ့မှာ ရှိ သည်။

“ရန်ကုန်မြို့မှာ ခရစ်ယာန်တွေ ဝတ်ပြုအစည်းဝေးလုပ်တာကို မလုပ်ဖို့ စစ်အစိုးရကတားတယ် ဆိုတဲ့သတင်း ကို အခုမနက် အန်ကယ် ဖတ်လိုက်ရတယ်” ဟု သူက ကျမကို ပြောသည်။

သည်သတင်းကို ကျမ လွန်ခဲ့သည့် နှစ်ရက် သုံးရက်က ဖတ်ပြီးသားပါ။ ကျမ သူ့ကို ပြောမပြချင်၍ ချန်ထားခဲ့ သည့် သတင်းများအနက် သေးသေးလေးတပုဒ်ပါပဲ။

“အဲဒါ ကျမ ဖတ်ထားပြီးပါပြီ အန်ကယ်”“သူတို့က ဘယ်လိုသဘောလဲ။ ဘာသာရေး အစည်းအဝေးပွဲတွေ ဆို ရင် တားမြစ် ပိတ်ပင်တယ်ဆိုတာတွေ အမြဲကြားနေရတယ်။ အစ္စလမ်ဘာသာရော…ခရစ်ယာန်ဘာသာရော ကျောင်းအသစ်ဆောက်ခွင့်လည်း မရှိဘူးဆို။ အိမ်မှာလုပ်တဲ့ ၀တ်ပြုပွဲကိုလည်း တားမြစ်တယ်ဆိုတော့ ဗုဒ္ဓ ဘာသာကလွဲရင် ပိတ်ပင်တဲ့သဘောမျိုးပေါ့” ဟု သူက မေးခွန်းထုတ်သည်။

“အဲလို ပြောလို့မရပါဘူးအန်ကယ်။ ဗုဒ္ဓဘာသာထုံးစံအရ ဒေါ်အောင်ဆန်းစုကြည် ကျန်းမာပါစေလို့ ဘုရား ပေါ်တက် ဆုတောင်းတဲ့သူတွေလည်း အရိုက်ခံ… အဖမ်းခံ… တားမြစ်ခံနေရတာပါပဲ”

သို့သော် အန်ကယ်က ကက်သလစ်ဘုန်းကြီး ဖြစ်နေသောကြောင့် ခရစ်ယာန် ဘာသာဝင်များ၏ ၀တ်ပြု ဆုတောင်းမှုကို ပိတ်ပင်တားမြစ်သည် ဆိုသည့်ကိစ္စအပေါ်တွင် လိပ်ခဲတည်းလည်း ဖြစ်နေဆဲဖြစ်ကြောင်း သူ့ မျက်နှာကို မြင်နေရသည့်အတွက် ကျမသိနေပါသည်။သည်တော့ နအဖ၏ စိတ်ထားခံယူချက်နှင့် ပတ်သက် ပြီး သူ့အား ကျမ အကျယ်ချဲ့ ရှင်းပြရန်လိုအပ်သည်ဟု ယူဆရပါသည်။

ကျမ ဒုက္ခသည်စခန်းထဲမှာနေခဲ့တုန်းက ခရစ်ယာန်ဘာသာဝင် ကရင်ခေါင်းဆောင်တယောက်နဲ့ စကား အများကြီး ပြောဖြစ်ခဲ့တယ်။ အဲဒီတုန်းက ကေအန်ယူနဲ့ ဒီကေဘီအေ ကွဲခဲ့ရတဲ့အကြောင်းကို လေ့လာနိုင်ခဲ့ တယ်။ ကေအန်ယူဆိုတာက ကရင်အမျိုးသားအစည်းအရုံးဖြစ်ပြီး ဒီကေဘီအေကတော့ (Democratic Karen Buddhist Army) ပါ။

အရင်တုန်းက ကရင်တွေဟာ စစ်အုပ်စုကို တစုတစည်းတည်း ညီညီညွတ်ညွတ် တော်လှန်ခဲ့ကြတာပါ။ နောက်တော့ အဲဒီ ကေအန်ယူ အခြေစိုက်တဲ့ဒေသတ၀ိုက်မှာ ကရင် ဗုဒ္ဓဘာသာ ဘုန်းကြီးတပါးက သာသနာ ပြု လုပ်ငန်းတွေလုပ်ရင်း တန်ခိုးကြီးလာပါတယ်။ နောက်တော့ အဲဒီ ဘုန်းကြီးကို ကေအန်ယူစစ်သားတွေက ပါ ကြည်ညိုလာကြပါတယ်။ အဲဒီဘုန်းကြီးက ကေအန်ယူနယ်ထဲမှာ ဘုရားတဆူတည်ဖို့ စီစဉ်လာပါတယ်။

ဒါက အပေါ်ယံကြည့်ရင် ဗုဒ္ဓဘာသာဝင်တွေရဲ့ လုပ်ထုံးလုပ်နည်းဟောင်းလို့ ထင်စရာ ရှိပါတယ်။ ဒါပေမယ့် လို့ အဲဒီ သူတို့ဘုရားတည်ချင်တဲ့ တောင်ကုန်းထိပ်ဟာ ကေအန်ယူ ဌာနချုပ်ရဲ့ ဗဟို စခန်းကို ချိန်ပစ်လို့ ရတဲ့ အမှတ်အသားတခု လုပ်လိုက်သလိုဖြစ်နေတယ်။ ဒီတော့ ကေအန်ယူခေါင်းဆောင်ပိုင်းက ခွင့်မပြုဘူး။

ခွင့်မပြုတဲ့အကြောင်းအရင်းက ဘာသာရေးနဲ့ မဆိုင်ဘဲ စစ်ရေးအရ ခွင့်မပြုတာလို့ သူက ကျမကိုပြောပါ တယ်။ ဒါပေမယ့်လို့ ဖြစ်သွားတာကတော့ ကေအန်ယူမှာ ဗုဒ္ဓဘာသာနဲ့ ခရစ်ယာန် နှစ်ခြမ်းကွဲထွက်သွားတာ ပါပဲ။

အဲဒီတော့ ဘယ်ဘက်ကဖြစ်ဖြစ် သူတို့အောင်မြင်ခဲ့တယ်လို့ ပြောနိုင်ပါတယ်။ တကယ်လို့ ခွင့်ပြုရင် သူတို့က စစ်ရေးအရ အသာစီးရ နိုင်လိမ့်မယ်။ ခွင့်မပြုတဲ့အခါမှာ ဘာသာရေးအရ ကရင်လက်နက်ကိုင်တပ် နှစ်ခြမ်း ကွဲထွက်သွားခဲ့တယ်။ ဆိုလိုတာက စစ်အုပ်စုဟာ သူတို့ကိုယ်သူတို့ ဗုဒ္ဓဘာသာဝင်တွေပါလို့… ပြောနေပေ မယ့် ဘာသာရေးအထွဋ်အမြတ်စေတီတော်ကို ပစ်မှတ်အနေနဲ့ အသုံးချဖို့တောင် ၀န်မလေးဘူးဆိုတာပါ။

အဲဒီတော့ သူက ခရစ်ယာန်အသင်းဖွဲ့တာပဲဖြစ်ဖြစ်၊ အစ္စလမ်ဝတ်ပြုတာပဲဖြစ်ဖြစ် သူတို့ သံသယရှိရင် တားမြစ်မှာပဲ။ ကရင်ခေါင်းဆောင်တွေက စေတီတည်ခွင့်မပြုဘူး၊ ဒါက သူတို့အသက်နဲ့ သူတို့ တော်လှန်ရေး နဲ့ဆိုင်တဲ့ အရေးကြီးတဲ့ကိစ္စဖြစ်တယ်လေ။ တကယ်လို့ ဗုဒ္ဓဘာသာဝင်တွေလည်း အဲဒီတုန်းက အဲဒီစေတီ တည်မယ့် အကြောင်းမှန်ကိုသာသိရင် သဘောတူမှာမဟုတ်ဘူး၊

“အန်ကယ်စဉ်းစားကြည့်လေ ညအမှောင်မှာ တောင်ထိပ်က ထင်းနေတဲ့ စေတီအဖြူကို ပစ်မှတ်သတ်မှတ်ပြီး အမြှောက်နဲ့ ထုမယ်…ဆိုတဲ့အတွေး…” ဟု ကျမအဆုံးသတ် ပြောပြလိုက်သောအခါ အန်ကယ် အမှန်ပင် အံ့သြသွားပုံရပါသည်။

“တော်တော်ကွေ့ကွေ့ကောက်ကောက် တွေးတတ် လုပ်တတ်တဲ့၊ ကြောက်စရာကောင်းလှတဲ့ အုပ်စုပါလား” ဟု အန်ကယ်လ်က မှတ်ချက်ပေးသည်။

“မြန်မာပြည်မှာ တောင်တွေအများကြီးပါအန်ကယ်။ ကေအန်ယူ နယ်မြေထဲက တောင်ထိပ်မှာမှ ထုံးဖြူဖြူ သုတ်တဲ့ စေတီတည်ချင်တဲ့ ရည်ရွယ်ချက်၊…မတည်ရလို့ ကရင်နှစ်ခြမ်းကွဲရတဲ့အဖြစ်။ အဲဒီနောက်ကွယ်က တကယ့်အဖြစ်အပျက်တွေကို မသိဘဲ နိုင်ငံရေးလုပ်နေကြရင်၊ အဲဒီနောက်ကွယ်ကအဖြစ်တွေကို မသိဘဲ နိုင်ငံရေးသတင်းရေးနေကြရင် သတင်းကမမှားပေမယ့် စာဖတ်သူရဲ့ အတွေးကိုတော့ ဇောက်ထိုးမိုးမျှော် မှား သွားစေနိုင်ပါတယ်”

“ဒါဖြင့် သူတို့က အန်ကယ်လ်ဖတ်ဖူးသလို လူ ငါးယောက်ထက်စုပြီး စကားပြောတာ..ဆွေးနွေးတိုင်ပင်တာကို ဘယ်အကြောင်းအရာနဲ့မှ မလုပ်စေချင်တာပေါ့”

“ဟုတ်ပါလိမ့်မယ် အန်ကယ်။ ကိုယ်ကိုယ်တိုင်က မကောင်းမှုမှန်သမျှကို ကျူးလွန်ထားတော့ ဘယ်သူ့ကိုမှ၊ ဘယ်အဖွဲ့အစည်းကိုမှ ဘယ်လိုဆွေးနွေးမှုမျိုးကိုမှ၊ သူတို့ ယုံကြည်စိတ်ချမှုမရှိဘဲ လူနည်းနည်းစုရင် သူတို့ကို တော်လှန်ဆန့်ကျင်ဖို့ပဲ…လို့ အတွေးရောက်ပြီး တားမြစ်တာပါ။ ဒါက ဗုဒ္ဓဘာသာကို ခရစ်ယာန်ဘာသာ လွှမ်းသွားရချည့်ရဲ့…ဆိုတဲ့ ဘာသာရေးလောဘကြောင့်မဟုတ်ဘဲ သူတို့ အာဏာကို ထိပါးမှာ ကြောက်တဲ့ စိတ်ကသာ ဦးဆောင်ပါတယ်။ သူတို့ကို ကျမတို့ကလည်းဗုဒ္ဓဘာသာလို့ သတ်မှတ်လက်ခံထားတာမှ မဟုတ် တာဘဲ”

အန်ကယ်က I see…I see…ဆိုပြီး ခေါင်းတငြိမ့်ငြိမ့်ဖြစ်သွားပါသည်။

“တကယ်လို့ အန်ကယ်တို့က ခရစ်ယာန် ဘာသာဝင်တွေကို ဗမာ အစိုးရက နှိပ်ကွပ်တယ်…လို့ စွပ်စွဲရင် ကျမ တို့ ဗုဒ္ဓဘာသာ မြန်မာလူမျိုးတွေက အန်ကယ်လ်တို့ အခံရခက်နေတဲ့ခံစားချက်ထက် အဆပေါင်းများစွာ ပို နာကြည်းပါတယ်။ စေတီကိုတောင် ပစ်မှတ်အဖြစ် သတ်မှတ်ရဲတဲ့ လူရမ်းကားတစုဟာ ဗမာတွေဖြစ်နေပြီး သူတို့ကိုယ်သူတို့ ဗုဒ္ဓဘာသာဝင်…လို့ပါ ပြောနေတဲ့အတွက် ကျမတို့မှာ လူမျိုးရေးအရရော …ဘာသာရေး အရပါ အလွန်သိက္ခာကျရပါတယ်။ အဲဒါ ဘယ်အနာနဲ့မှ…ဘယ်အရာနဲ့မှ မတူတဲ့ နာကျင်မှုပါ အန်ကယ်…”

အန်ကယ် နားလည်သွားသည့်တိုင်အောင် ကျမကတော့ အတောသတ်၍ မရတော့ပါ။ တချို့မီဒီယာတွေက သတင်းထောက်တွေဟာ သတင်းတပုဒ်ရရင်ပြီးရော.. အလွယ်လေး ရေးချလိုက်တတ်ကြတယ်။ သတင်း ထောက် တယောက်ဟာ ကိုယ်ရေးတော့မယ့် သတင်းတပုဒ်ရဲ့ အခြေခံကျကျ ဇစ်မြစ်အမှန်ကို ရအောင်နှိုက် ပြီးမှ ရေးသင့်ပါတယ်။

သတင်းထောက်သင်တန်း ကျောင်းဆင်းတွေဆိုရင် အဲဒီစကားကို ကောင်းကောင်း နားလည်ကြပါတယ်။ တတ်နိုင်သမျှ သတင်းနောက်ကြောင်းကို လိုက်ပြီး အခုမှ သတင်းကို စဖတ်သူတွေအတွက်လို့ ရည်စူးပြီး သတင်းအနှစ်ချုပ်နောက်ခံလေး ထည့်ပေးရတာဟာ သတင်းသမားကောင်းတယောက်ရဲ့ တာဝန်ပါ။

အဲဒီလို မဟုတ်ဘဲ လတ်တလော ဖြစ်နေတာလေးကိုပဲ ကွက်ပြီးတော့ သတင်းလုပ်သွားရင် အဲဒါ စာဖတ်သူ ကို သတင်းမှန်ပေးရာမကျဘဲ ကိုယ့်ထမင်းအိုးတည်ဖို့ သတင်းတပုဒ် ဖန်တီးလုပ်စားသွားတာမျိုးသာ ဖြစ်ပါ လိမ့်မယ်။ စစ်အုပ်စုရဲ့ အကွေ့တထောင်နဲ့ ဥာဏ်နီဉာဏ်နက်တွေကို အမီ မလိုက်နိုင်ရတဲ့အထဲမှာ အဓိပ္ပာယ် အရရော နိုင်ငံရေး မြားဦးကိုပါ ပြောင်းသွားစေမယ့် သတင်းမျိုးတွေကို အခုလို ကမ္ဘာကိုပါ ချပြနေတာမျိုးဟာ ကျမတို့တိုင်းပြည်အတွက်ရော တကယ်အလုပ်လုပ်နေတဲ့ သူတွေအတွက်ပါ အလွန်အန္တရာယ်ပေးတဲ့ သတင်းမျိုးပါပဲ”

ကျမအနေနှင့် သတင်းတွေ မှားနေသည်ဟု စွပ်စွဲနေခြင်းမဟုတ်ပါ။ အဖြစ်မှန် နောက်ကွယ်က သည့်ထက်ပို ပြီး အဓိကကျကျ မှန်ကန်သော အချက်အလက်ကို ချမပြနိုင်ပါက လတ်တလော အမှန်တရား သေးသေး လေးကြောင့် မှားယွင်းမှုကြီးကြီးမားမားတွေ ဖြစ်လာနိုင်ခြင်းကို စိုးရိမ်မိခြင်းသာဖြစ်ပါသည်။

မြင်ကွင်း၏နောက်ကွယ်ကအဖြစ်ကို ရအောင်နှိုက်ပြီး ပြည့်စုံသောသတင်းမျိုးပေးနိုင်သော သတင်းသမား ကောင်းများ မြန်မာနိုင်ငံအတွက် တကယ်ပဲလိုအပ်နေပါသည်။ ငါးပွက်ရာ ငါးစာချသည့် သတင်းမျိုးများ ကြောင့်တော့ဖြင့်… စားကျက်လုရင်း အချင်းချင်းခတ်နေသည့် ကျွဲပေါင်းများစွာ၏ခြေထောက်အောက်က ပြား နေပြီးဖြစ်သော မြန်မာပြည်သူများအတွက် မြေနိမ့်ရာလှံစိုက်… ဖြစ်နေပါလိမ့်မည်။

မြန်မာပြည့်နောင်ရေး ဆေးကြောင့်ပိုလေးမသွားစေလိုပါ။



ခွာညို
REF: ဧရာဝတီ

0 comments:

အပေါ်သို့