Monday, January 12, 2009

ဗိုလ်ချုပ်ခင်ညွန့် ဆောက်သည့် မင်္ဂလာဒုံအ၀င်မုခ်ဦး ဗိုလ်ချုပ်မှူးကြီးသန်းရွှေ ဖြိုချ

၁၂ ဇန်န၀ါရီ ၂၀၀၉

မင်္ဂလာဒုံလေဆိပ် အဝင်လမ်းမကြီးနှင့် ပြည်လမ်းအနီး ပြည်လမ်းမကြီးပေါ်တွင် တည်ဆောက်ထားသည့် ရန်ကုန် မြို့၏ အကြီးဆုံးမုခ်ဦးကို လုံခြုံရေးအကြောင်းပြချက်ဖြင့် ဖြိုချဖျက်ဆီးလိုက်ပြီဖြစ်ကြောင်း လေဆိပ်လုံခြုံရေး တာဝန်ယူထားသည့် အမည်မဖော်လိုသူ တပ်မတော် အရာရှိတဦးက ပြောသည်။

၎င်းက “ညွှန်ကြားချက်ကို ကျနော် တိုက်ရိုက်ရတာတော့ မဟုတ်ပါဘူး။ ကျနော့်အထက်အရာရှိတွေ ပြောပြတာ က ဇန်နဝါရီလဆန်း ဗိုလ်ချုပ်မှူးကြီးသန်းရွှေ ရန်ကုန်ရောက်တယ်။ လေဆိပ်ကအထွက် အဲဒီမုခ်ဦးကို မြင်တော့ သူ့လုံခြုံရေးတပ်ဖွဲ့ကို မေးတယ်။ ဒီမုခ်ဦးဟာ လုံခြုံရေးအရ ပြဿနာ ရှိနိုင်သလားပေါ့။ ဒါနဲ့ သူ့လုံခြုံရေးအဖွဲ့တွေ က နောက်တနေ့မှာ ဗိုလ်ချုပ်မှူးကြီးသန်းရွှေကို တင်ပြတယ်။ ဒါဟာ ဗိုလ်ချုပ်ခင်ညွန့် တန်ခိုးထွားစဉ်က တည် ဆောက်ထားတာ၊ ထုထည် အလွန်ကြီးတယ်။ ထု (၁ဝ) ပေနီးပါးရှိပြီး ကွန်ကရစ်နဲ့ အခိုင်အမာ ဆောက်ထား တယ်။ မုခ်ဦးပေါ်မှာ လူ (၃-၄) ယောက်လောက် ရိက္ခာအပြည့်အစုံနဲ့ဆို (၅) ရက်ကနေ တပတ်လောက်အထိ ခို အောင်းပြီး လေဆိပ်က ထွက်လာတဲ့၊ ဒါမှ မဟုတ် လေဆိပ်ကိုသွားတဲ့ နိုင်ငံ့ခေါင်းဆောင်တွေကို လုပ်ကြံ သတ်ဖြတ်မယ်ဆို လုပ်လို့ရတယ်။ လုံခြုံရေးအရ အဲဒီလို အန္တရာယ်ရှိတယ်ဆိုပြီး တင်ပြတယ်။ တယောက်က တော့ ဗိုလ်ချုပ်ခင်ညွန့် ဗေဒင်ယတြာသဘောနဲ့ လုပ်ထားတာလည်း ဖြစ်နိုင်တယ်ဆိုပြီး တင်ပြတယ်” ဟု ပြော သည်။

ယင်းသို့ တင်ပြသည့် နေရာတွင်ပင် ဗိုလ်ချုပ်မှူးကြီးသန်းရွှေက ဖျက်ဆိုပြီးတန်းအမိန့်ပေးသည့်အတွက် ချက်ချင်း ယန္တရားကြီးများကိုခေါ်ပြီး တရက်ထဲဖြင့် အပြီးဖျက်ခဲ့သည်ဟု စုံစမ်းသိရသည်။

အဆိုပါ မုခ်ဦးကြီးသည် လေဆိပ်အဝင်လမ်းနှင့် ဥက္ကလာလမ်းထိပ် မြို့တွင်းဘက် ပြည်လမ်းပေါ်၌ တည်ရှိသည်။ (၁ဝ) မိုင်ဈေးနှင့်လည်း နီးပြီး မြို့တွင်းဘက်အလာ ပြည်လမ်းပေါ်မှာ တည်ရှိသည်။ ပြည်လမ်းကို ခွပြီး တည် ဆောက်ထားသည့် အဆိုပါမုခ်ဦးမှာ ခေတ်မီဖွံ့ဖြိုးတိုးတက်သော နိုင်ငံတော်သစ်ဆီသို့ ဆိုသည့် စာတမ်း ရေးထိုး ထားသည်။

ရန်ကုန်မှ နိုင်ငံခြားတိုင်းပြည်များသို့ ထွက်ခွာသူများသည် ခေတ်မီသည့် နိုင်ငံများဆီသို့ သွားကြမှာဖြစ်သည့် အတွက် အဆိုပါမုခ်ဦးမှ ခေတ်မီဖွံ့ဖြိုးတိုးတက်သော နိုင်ငံတော်သစ်ဆီသို့ ဆိုသည့် စာတမ်းကို ဖတ်ရတိုင်း ပြုံး စေ့စေ့ ဖြစ်ကြပြီး မြန်မာနိုင်ငံ မင်္ဂလာဒုံလေဆိပ်ရောက်လာသည့်အချိန်တွင် “ရန်ကုန်မြို့မှ ကြိုဆိုပါ၏” ဆိုသည့် စာတမ်းဖတ်ရတိုင်း ဆင်းရဲသည့် နိုင်ငံပြန်ရောက်ပြီ ညည်းတွားလေ့ရှိကြောင်း ခရီးသွားတဦးက ပြောသည်။

အဆိုပါ မုခ်ဦးဖြိုချနေသည်ကို မြင်တွေ့ရသည့် ပြည်လမ်းပေါ်နေသူတဦးက အာဏာရှင်ကြီး ဗိုလ်ချုပ်မှူးကြီး သန်းရွှေသည် ရဟန်းရှင်လူ တိုင်းသူပြည်သားများ၏ အသက်ကို တန်ဖိုးမထားဘဲ ပစ်ခတ်သတ်ဖြတ်ရန် အမိန့် ပေးစေခိုင်းတတ်သော်လည်း သူ့ အသက်ကိုမူ အလွန်စိုးရိမ်တတ်သူဖြစ်တာ၊ သေမှာကြောက်သူဖြစ်တာ ပေါ်လွင် နေကြောင်း ပြောဆိုသည်။

အမည်မဖော်လိုသူ တပ်မတော်အရာရှိဟောင်းတဦးကမူ ဗိုလ်ချုပ်မှူးကြီးသန်းရွှေသည် သူ ဖြုတ်ထုတ်၊ ထောင်ချ လုပ်ထားသည့် ယခင်စစ်ထောက်လှမ်းရေးအဟောင်းများကို ကြောက်လန့်နေတုန်းပဲဟု မှတ်ချက်ပေးခဲ့သည်။

REF: ခေတ်ပြိုင်

0 comments:

အပေါ်သို့