ဟိုတလောက ဘန်ကောက်ပို့စ်သတင်းစာမှာပါတဲ့ ထိုင်းလူမျိုးစာရေးဆရာ၊ ဆရာကြီးဆူလပ်ရဲ့ ဆောင်းပါးကို ဖတ်မိပြီး ဆရာကြီးဆူလပ်အကြောင်းကို အသေးစိတ်သိချင်တာနဲ့ wikipedia မှာ ဖတ်ကြည့်မိပါတယ်။ ဒီတော့မှ ဆရာကြီးဟာ တိုင်းပြည်အတွက် လူမှုရေး၊ ဘာသာရေး၊ လူ့အခွင့်အရေးဘက်တွေမှာ စွမ်းစွမ်းတမံ ဆောင်ရွက်နေတဲ့ စာပေပညာရှင်။ လူမှုရေးပညာရှင်ကြီး လူသူတော်ကောင်းကြီး တယောက်ပါလားဆိုတာ ပို သိလာရသလို။ အစိုးရရဲ့ ရာဇမန်ရှတာကို (၃)ကြိမ်တောင်ခံခဲ့ရပြီး (၂) ကြိမ်က ဘုရင်ကို အကြည်ညိုပျက် စေမှုနဲ့ တရားစွဲဆိုခံခဲ့ရဖူးတယ်ဆိုတာလည်း သိလိုက်ရပါတော့တယ်။
Lese Majesty
စွဲဆိုတဲ့ ပုဒ်မက Lese Majesty တဲ့။ ဒီပုဒ်မအကြောင်းကို ဆက်လေ့လာလိုက်တော့ ကမ္ဘာမှာ သက်တမ်း အရှည်ကြာဆုံးလည်းဖြစ်။ ယနေ့ခေတ်မှာတော့ ဆက်လက်ကျင့်သုံးဆဲ နိုင်ငံအနည်းငယ်သာရှိတော့ပေမဲ့ ဒီ ခေတ် ကျနော်တို့နိုင်ငံမှာရှိနေတဲ့ စစ်အာဏာရှင်အစိုးရတွေကလည်း သူတို့ အာဏာတည်မြဲရေးအတွက် လူ တွေကို ဖမ်းချင်တဲ့အချိန် ဖမ်းလို့ရအောင် လုပ်ထားတဲ့ ပြစ်မှုဆိုင်ရာဥပဒေ ပုဒ်မ ၁၂၄ (က) နဲ့ ၅၀၅ (ခ) တို့ရဲ့ အစက Lese Majesty ကပါလားလို့ စိတ်ကူးအတွေးတွေ ၀င်လာတော့၊ စာဖတ်သူတွေအတွက်လည်း စိတ်ဝင်စားဖွယ်ဖြစ်စေမှာမိုလို့ မျှဝေလိုက်ရပါတယ်။
လက်တင်ဘာသာစကား (Laesa maiestas) က ဆင်းသက်လာခဲ့တာဖြစ်ပြီး ပြင်သစ်လို Lèse Magesté လို့ ခေါ်ဝေါ် သုံးစွဲပါတယ်။ အချုပ်အခြာအာဏာ (သို့မဟုတ်) နိုင်ငံတော်အစိုးရအား ဂုဏ်သိက္ခာကို ဖောက်ဖျက် ကျူးလွန်သည့် ရာဇ၀တ်မှုလို့ ဖွင့်ဆိုထားပါတယ်။ မူရင်းကတော့ အလယ်ခေတ်ဥရောပရဲ့ သက်ဦးဆံပိုင် ကာလက ဘုရင်ကိုအကြည်ညိုပျက်အောင်၊ အသရေပျက်အောင် ပြုမူပြောဆိုတဲ့အတွက် ပြစ်ဒဏ်သင့်တဲ့ ရာဇ၀တ်မှုဆိုင်ရာဥပဒေ ဖြစ်ပါတယ်။ နောက်ပိုင်းခေတ်မှာတော့ ဘုရင်စနစ်ကျင့်သုံးတဲ့ နိုင်ငံတွေမှာသာမက တော့ဘဲ ဒီမိုကရေစီစနစ်ကျင့်သုံးတဲ့ သမတနိုင်ငံတွေ အချို့မှာလည်း နိုင်ငံတော်အကြီးအကဲတွေကို အကြည်ညိုပျက်စေမှုဆိုပြီး ဒီဥပဒေကို လိုသလို ဆက်ခံကျင့်သုံးနေကြတာ တွေ့နေရဆဲဖြစ်ပါတယ်။
ဥရောပအလယ်ခတ်ကာလ၊ ရောမသာသနာလွှမ်းမိုးတဲ့ သက်ဦးဆံပိုင်ခေတ်မှာ Lese Majesty Act ကို စတင်ကျင့်သုံးခဲ့တာ ဖြစ်ပါတယ်။ ခေတ်အဆက်ဆက် သက်ဦးဆံပိုင်စနစ်ကနေ ဒီမိုကရေစီစနစ်ကျင့်သုံးတဲ့ ခေတ်သစ် သမတ နိုင်ငံတွေ ပေါ်ပေါက်လာတဲ့ အခုခေတ်အထိ အုပ်ချုပ်ရေးစနစ်တွေ၊ ပုံစံတွေ အမျိုးမျိုး အဖုံဖုံ ပြောင်းလဲသွားကြပေမဲ့ နိုင်ငံတော်အာဏာရဲ့အခြေခံဖြစ်တဲ့ ဒီလိုပုဒ်မမျိုးကတော့ အစိုးရတိုင်းက ဆက်လက်ပြဌာန်းထားပြီး လိုသလို ကျင့်သုံးကြပါတယ်။ မူလအဓိပ္ပာယ်ဖွင့်ဆိုချက်တွေနဲ့ သုံးနှုံးမှုတွေသာ ပြောင်းလဲကောင်း ပြောင်းလဲသွားကြပေမဲ့ နိုင်ငံတိုင်းမှာ ဘာသာ၊ သာသနာ စော်ကားမှု ဒါမှမဟုတ် နိုင်ငံ တော်အကြီးအကဲကို အကြည်ညိုပျက်အောင် အသရေဖျက်မှု ဒါမှမဟုတ် မိမိနိုင်ငံကိုလာရောက်လည်ပတ်တဲ့ နိုင်ငံခြားတိုင်းပြည်က နိုင်ငံအကြီးအကဲကို အသေရေဖျက်မှု ဒါမှမဟုတ် မိမိနိုင်ငံရဲ့အမျိုးသားခေါင်းဆောင်ကို အကြည်ညိုပျက်အောင် အသရေဖျက်မှု စတာ စတာတွေနဲ့ အရေးယူနိုင်တဲ့ ဥပဒေပုဒ်မတွေ တခု မဟုတ် တခုကတော့ ဆက်လက်တည်ဆဲ ကျင့်သုံးနေကြဆဲပါ။
ဥပမာ။ မြန်မာနိုင်ငံမှာဆိုလည်း Lese Majesty နဲ့ အနှစ်သာရတူတဲ့ ပြစ်မှုဆိုင်ရာ ဥပဒေတွေရှိပါတယ်။ အဲ့ဒါ တွေကတော့ ပုဒ်မ ၁၂၄(က)နဲ့ ပုဒ်မ ၅၀၅(ခ) တို့ပါပဲ။ ထောင်ဒဏ်နှစ်များများချချင်ရင် ပုဒ်မ ၁၂၄ (က)ကို သုံးပြီး နှစ်နည်းနည်းချချင်ရင် ပုဒ်မ ၅၀၅ (ခ) ကို သုံးပါတယ်။ ပိုလန်နိုင်ငံမှာဆို Criminal Defamation Laws လို့ ခေါ်ပါတယ်။ အီဂျစ်။ ဇင်ဘာဘွေ။ ဘယ်လာရုစ်။ ဆီးရီးယား။ ကာဇက်စတန် တို့မှာလည်း အလား တူ ပုဒ်မတွေနဲ့ အရေးယူတဲ့ သာဓကတွေ ရှိခဲ့ပါတယ်။
ထိုင်းနိုင်ငံမှာတော့ ၂၀၀၇ မတ်လက ဒီပုဒ်မနဲ့ ပြစ်ဒဏ် ၁၀နှစ်ထိ ထောင်ချခံရတဲ့ ပထမဆုံး နိုင်ငံခြားသား ကတော့ ဆွစ်နိုင်ငံသား Oliver Jufer ပဲဖြစ်ပါတယ်။ ချင်းမိုင်မှာ ဘုရင်ကြီးဘူမိဘောရဲ့ရုပ်ပုံကို ဆေးပက် ဖျန်း ဖျက်ဆီးခဲ့လို့ ဖြစ်ပါတယ်။ ဒါပေမဲ့ အသနားခံစာတင်ခဲ့လို့ ဘုရင်ကြီးရဲ့ သနားဂရုဏာကြောင့် ထောင် ဒဏ်ကနေ တိုင်းပြည်ကနေ နှင်ထုတ်တာပဲ ခံခဲ့ရပါတယ်။ ထိုင်းနိုင်ငံမှာ ဒီပုဒ်မနဲ့ငြိခဲ့ကြတဲ့ အခြားနိုင်ငံခြား သားတွေကတော့ ၂၀၀၈ ဧပြီလတုန်းက BBC အရှေ့တောင်အာရှဆိုင်ရာ သတင်းထောက် ဂျိုနာသန်ဟက် (Jonathan Head)၊ ၂၀၀၈ စက်တင်ဘာမှာ သြစတြေးလျနိုင်ငံသား စာရေးဆရာ ဟာရီနိကိုလေ့(Harry Nicolaides) တို့ဖြစ်ကြပါတယ်။ ထိုင်းနိုင်ငံမှာ ဒီဥပဒေက ၁၉၀၈ မှာ ရာဇ၀တ်မှုဆိုင်ရာ ကိုဓဥပဒေအဖြစ် စတင်ပြဌာန်းခဲ့တာဖြစ်ပါတယ်။ ယနေ့အထိ မပြောင်းလဲဘဲ ဆက်လက်တည်ရှိနေသေးတဲ့ ဥပဒေတခုပါ။ Lese Majesty Act နဲ့ တရားစွဲဆိုခံရတဲ့ ထိုင်းနိုင်ငံသားတွေထဲမှာတော့ နိုင်ငံရေး၊ လူမှုရေးဘက်မှာ အကျော် အမော်တွေဖြစ်ကြတဲ့ ဆူလပ်(Sulak Sivaraksa) ။ ၀န်ကြီးချုပ်ဟောင်း ထပ်စင်ရှီနာဝပ်ထရာ ။ စီးပွားရေး လုပ်ငန်းရှင်ကြီး ဆွန်ဒိ (Sondhi Limthongkul) တို့ ပါဝင်ကြပါတယ်။
ဥရောပ
၂၀၀၇ အောက်တိုဘာမှာ အသက် (၄၇)နှစ်ရှိတဲ့ လူတဦးဟာ ဘုရင်မကြီး ဘိထရစ်ကို မိန်းမပျက်လို့ခေါ်တဲ့ အတွက် နယ်သာလန်နိုင်ငံရဲ့ lèse majesté ဥပဒေအရ ဒဏ်ငွေ ပေါင် (၄၀၀) ဆောင်လိုက်ရပါတယ်။ စပိန် မှာလည်း သရော်စာမဂ္ဂဇင်းတခုဖြစ်တဲ့ El Jueves ကို စပိန်ရဲ့ lèse majesté ကို ချိုးဖောက်တဲ့အတွက် ဒဏ် ငွေ ဆောင်စေခဲ့ပါတယ်။ အကြောင်းကတော့ သြစတြီးယားအိမ်ရှေ့မင်းသားနဲ့ ကြင်ရာတော်တို့ရဲ့ လိင် ဆက်ဆံနေတဲ့ ရုပ်ပြောင်ပုံကို ၂၀၀၇ ခုနှစ်ထုတ် မဂ္ဂဇင်းမျက်နှာဖုံးမှာ ဖော်ပြခဲ့လို့ဖြစ်ပါတယ်။
အလားတူပုဒ်မနဲ့ ပြစ်ဒဏ်တွေ
ဂျာမဏီ၊ ဆွစ်ဇာလန်နဲ့ ပိုလန်တို့မှာတော့ နိုင်ငံခြားတိုင်းပြည်တခုရဲ့ အကြီးအကဲတဦးဦးကို လူသိရှင်ကြား စော်ကားတာဟာ ဥပဒေချိုးဖောက်တာ ဖြစ်ပါတယ်။ ၂၀၀၅ခုနှစ် ဇန်န၀ါရီလတုန်းက ပိုလန်မှာ Jerzy Urban ကို ဒဏ်ငွေ ယူရို ၅၀၀၀ ချမှတ်လိုက်ပါတယ်။ အကြောင်းက ပုပ်ရဟန်းမင်းကြီး ဂျွန်ပေါလ် (၂) ပိုလန်ကို လာ လည်တုန်း စော်ကားတဲ့အတွက် ဖြစ်ပါတယ်။ ၂၀၀၅ခုနှစ် ဇန်န၀ါရီလ ၂၆ ရက်နဲ့ ၂၇ ရက် နေ့တုန်းကလည်း လူ့အခွင့်အရေးလှုပ်ရှားသူ (၂၈) ဦးကို ပိုလန်ရဲတွေက ယာယီ ထိန်းသိမ်းခဲ့ပါတယ်။ အကြောင်းက နိုင်ငံကို လာလည်တဲ့ ရုရှသမတ ပူတင်ကို စော်ကားလို့ဆိုပြီး ပြောဆိုပါတယ်။ နာရီ (၃၀) ကြာထိန်းသိမ်းထားပြီး တော့ ပြန်လွှတ်ပေးလိုက်ပါတယ်။ တယောက်ကိုတော့ နိုင်ငံတော်အကြီးအကဲကို စော်ကားမှုနဲ့ တရားစွဲခဲ့ပါ တယ်။ ၂၀၀၆ အောက်တိုဘာလမှာ ၀ါဆောမှာ ပိုလန်လူမျိုးတယောက်ကို ဖမ်းဆီးခဲ့ပါတယ်။ အကြောင်းက Lech နဲ့ Kaczynski တို့ရဲ့ ခေါင်းဆောင်မှုကို မကျေနပ်ကြောင်း ထုတ်ဖော်ပြောဆိုတဲ့အတွက်ကြောင့် ဖြစ်ပါ တယ်။
ဒိန်းမတ်နိုင်ငံမှာတော့ ဘုရင်နဲ့မိဖုရားကို common law နဲ့ အကာအကွယ်ပေးထားပါတယ်။
အီဂျစ်မှာ အစ္စလာမ်တရားတော်နဲ့ သမတမူဘာရတ်ကို စော်ကားလို့ဆိုပြီး တရားရုံးက ဘလော့ဂါသမားတဦး ဖြစ်တဲ့ Abdel Kareem ကို ထောင်ဒဏ် (၄) နှစ် ချခဲ့ပါတယ်။
ကာဇက်စတန်မှာ သမတနာဆူလ်တန်နာဇာဘေယက်ရဲ့ဂုဏ်သိက္ခာကို စော်ကားလို့ဆိုပြီး သတင်းသမား Kaziz Toguzbayev ကို ဆိုင်းငံ့ပြစ်ဒဏ်နဲ့ ထောင်ဒဏ် (၂) နှစ်ချမှတ်ခဲ့ပါတယ်။ ၂၀၀၄ ခုနှစ်ကလည်း ဇင်ဘာဘွေနိုင်ငံမှာ “ဒီသမတက အသုံးမ၀င်တဲ့ငွေတွေကိုပဲ ရိုက်ထုတ်နေတာပဲ” လို့ ပြောတဲ့အတွက် စီးပွား ရေးလုပ်ငန်းရှင် Jason Gambitzs ကို ဆိုင်းငံ့ ပြစ်ဒဏ်နဲ့ ထောင်ဒဏ် (၂) နှစ်ချမှတ်ခဲ့ပါတယ်။
၂၀၀၄ခုနှစ်မှာပဲ ဘယ်လာရုစ်နိုင်ငံမှာ သမတအလက်ဇန္ဒားလူကာရှင်ကို လူသိရှင်ကြားစော်ကားလို့ဆိုပြီး နာမည်ကြီး အတိုက်အခံ ၂ ဦး ဖြစ်တဲ့ Valeriy Levonevskiy နဲ့ Alexander Vasiliev ကို ပြစ်ဒဏ် ချမှတ်ခဲ့ ပြန်ပါတယ်။
ဆီးရီးယားမှာလည်း ၂၀၀၆ ခုနှစ်က သမတဘာရှာအယ်လ်အာဆတ်ကို စော်ကားလို့ဆိုပြီးသတင်းစာသမား Mohammad Ghanem ကို ထောင်ဒဏ် ၆ လ အပြစ်ပေးခဲ့ပါတယ်။
International Amnesty ကတော့ နိုင်ငံတနိုင်ငံဟာ ငြိမ်းချမ်းစွာထုတ်ဖော်ပြောဆိုတာကြောင့် ဘယ်သူတဦး တယောက်ကိုမှ ဖမ်းဆီးချုပ်နှောင်တာ မလုပ်သင့်ပါဘူးလို့ဆိုပြီး ဒီဥပဒေကျင့်သုံးမှုနဲ့ ပတ်သက်ပြီး ကန့်ကွက် ပြောဆိုပါတယ်။
နောက်ဆုံးလက်ကျန်
ဒီကနေ့ကမ္ဘာမှာ ဒီဥပဒေကို ဆက်လက်ကျင့်သုံးနေတဲ့ နိုင်ငံတွေကတော့ အာရှမှာဆို ထိုင်းနိုင်ငံဖြစ်ပြီး ထိုင်း နိုင်ငံမှာဆို ထောင်ဒဏ် ၇၅ နှစ် ထိ ပြစ်ဒဏ်ချမှတ်နိုင်ပြီး ကမ္ဘာပေါ်မှာအပြင်းထန်ဆုံးလို့ဆိုကြပါတယ်။ အရှေ့အလယ်ပိုင်းမှာဆို ဘရူနိုင်းနိုင်ငံဖြစ်ပြီး ၂၀၀၆ ခုနှစ်တုန်းက ဘုရင်ဆူလ်တန်နဲ့မိသားစုကို ဖုန်းထဲကနေ စော်ကားတဲ့ သတင်းပေးပို့တဲ့အတွက် လူ (၃) ယောက်ကို ထောင်ဒဏ် (၁) နှစ် ချမှတ်ခဲ့ဖူးပါတယ်။ ဥရောပ မှာဆို စပိန်၊ နယ်သာလန်နိုင်ငံတို့ ဖြစ်ကြပါတယ်။
(Source: Wikipedia)
REF: နေ့သစ်
0 comments:
Post a Comment