Thursday, January 15, 2009

ဦးဝင်းတင်ပြောစကား မှားယွင်းသတင်းရေးမိကြောင်း ရန်ကုန် ဒီပီအေ သတင်းထောက်ဝန်ခံ

၁၄ ဇန်န၀ါရီ ၂၀၀၉

အန်အယ်လ်ဒီပါတီ ဗဟိုအလုပ်အမှုဆောင် ဦးဝင်းတင်အား အင်တာဗျူးပြီး ရေးသားခဲ့သည်ဆိုသော ဒီပီအေ သတင်းပါ သတင်းရေးသားချက်များ မှန်ကန်မှုမရှိကြောင်း ဦးဝင်းတင်က မြန်မာနိုင်ငံ နိုင်ငံခြား သတင်း ထောက်များအသင်းသို့ တိုင်ကြားခဲ့သည်။ အဆိုပါအမှုကို ဇန်န၀ါရီ (၈) ရက်တွင် ယင်းအသင်းရုံး၌ ရန်ကုန် ဒီပီအေသတင်းထောက်ကို စုံစမ်းမေးမြန်းမှုများ ပြုလုပ်ခဲ့ရာ မှားယွင်းသတင်းရေးမိကြောင်း သတင်းထောက် ကိုကို (စက်မှုတက္ကသိုလ်) က ၀န်ခံသွားသည်။


ယင်းအသင်း၏ စုံစမ်းမေးမြန်းမှုများကို ဦးဝင်းတင်ထံသို့ ပေးပို့ခဲ့ပြီး အသင်းအနေဖြင့် အသင်း၏ အခြေခံ စည်းမျဉ်းအတိုင်း ဆောင်ရွက်ရသည်ဖြစ်ရာ ဤမျှအထိသာ ဆောင်ရွက်ပိုင်ခွင့်ရှိပါကြောင်းနှင့် ဤမျှဖြင့် ကျေနပ်မှုမရှိပါက အခြားကြိုက်ရာနည်းလမ်းများဖြင့် ဒီပီအေ၏ သတင်းရေးသားချက်များအပေါ် ဆောင်ရွက် နိုင်ကြောင်းလည်း ထည့်သွင်းဖော်ပြခဲ့သည်။

စုံစမ်းမေးမြန်းမှုများကို အသင်းနာယက ဦးလှထွေးက ပြုလုပ်ခဲ့ရာ ဒီပီအေသတင်းထောက် ကိုကို (စက်မှု တက္ကသိုလ်) က ယင်းသတင်းရေးသားသူမှာ ၎င်းကိုယ်တိုင်ဖြစ်ပြီး ဦးဝင်းတင်ထံ တယ်လီဖုန်းဖြင့် ဆက်သွယ် မေးမြန်းသူမှာ မိမိ၏လက်ထောက် ဒေါ်ဆင့်ဆင့်အောင်ဖြစ်သည်ဟု ၀န်ခံပြောဆိုခဲ့ကြောင်း ဦးဝင်းတင်ထံ အကြောင်းပြန်စာတွင် ဖော်ပြခဲ့ကြောင်း သိရသည်။

ထိုကဲ့သို့ ၀န်ခံခဲ့ရာ အသင်းနာယက က ဦးဝင်းတင်အနေဖြင့် လာမည့်ရွေးကောက်ပွဲတွင် အန်အယ်လ်ဒီ ပါတီ တွင်းမှ ပါဝင်ယှဉ်ပြိုင်လိုသူအချို့ရှိပြီး၊ အချို့မှာ ပါဝင်ယှဉ်ပြိုင်လိုခြင်းမရှိဟု ပြောကြားခဲ့ခြင်း ရှိမရှိနှင့် ထိုသို့ ပြောသည်ရှိသော် မည်သည့်အထောက်အထားရှိမရှိ တိတိကျကျပြောကြားရန် ဒေါ်ဆင့်ဆင့်အောင်အား စစ် ဆေးမေးမြန်းခဲ့သည်။

ဒေါ်ဆင့်ဆင့်အောင်က မိမိသည် ဦးဝင်းတင်အား တယ်လီဖုန်းဖြင့် မေးမြန်းခဲ့ခြင်းဖြစ်ကြောင်း မေးမြန်းမှုကို လည်း အသံဖမ်းထားခြင်း မပြုမိခဲ့ကြောင်း၊ သက်သေအထောက်အထားလည်း အတိအကျမဖော်ပြနိုင် ကြောင်း၊ မိမိမှတ်သားထားမိသည်မှာ ဦးဝင်းတင်က အန်အယ်လ်ဒီအတွင်း လာမည့်ရွေးကောက်ပွဲအပေါ် တင်းမာသည့်အသွင်ဖြင့် ချဉ်းကပ်သူများရှိသကဲ့သို့ ပျော့ပျောင်းသည့်အသွင်ဖြင့် ချဉ်းကပ်သူများလည်းရှိ ကြောင်း ပြောဆိုခဲ့သည်ဟုသာ မှတ်မိပါကြောင်း၊ ဦးဝင်းတင်အနေဖြင့် လာမည့်ရွေးကောက်ပွဲတွင် အန်အယ်လ်ဒီပါတီဝင်အချို့ ရွေးကောက်ပွဲဝင်လိုပြီး အချို့ မ၀င်လိုကြောင်း ပြောမပြောကို မိမိမသေချာ ကြောင်း ဖြေကြားခဲ့သည်ဟု သိရသည်။

ထို့နောက် ဦးကိုကိုက ဆက်လက်ဖြေကြားရာ ဒေါ်ဆင့်ဆင့်အောင်ထံမှ အထက်ပါအတိုင်း အဖွဲ့ချုပ်အတွင်း လာမည့်ရွေးကောက်ပွဲအပေါ် ချဉ်းကပ်ပုံနှစ်မျိုးရှိကြောင်း တဆင့်ကြားသိရသောအခါ မိမိအနေဖြင့် လာမည့် ရွေးကောက်ပွဲအတွင်း ပါဝင်ယှဉ်ပြိုင်လိုသူများရှိသလို ပါဝင်ယှဉ်ပြိုင်လိုသူများမရှိဟု အဓိပ္ပာယ်သက်ရောက် သည်ဟု ရိုးသားစွာယူဆပြီး သတင်းရေးသားပေးပို့ခဲ့ကြောင်း တင်ပြခဲ့သည်ဟု သိရသည်။

၎င်းတို့၏ တင်ပြချက်များအပြီးတွင် နာယကကြီးက နောက်နောင် အရေးကြီးသော အင်တာဗျူးများလုပ်ပါက တယ်လီဖုန်းဖြင့် အင်တာဗျူးလုပ်ခြင်းထက် လူကိုယ်တိုင်အင်တာဗျူးလုပ်လျှင် ပိုကောင်းမည်ဖြစ်ကြောင်း၊ အင်တာဗျူးလုပ်ရာ၌လည်း အသံဖမ်းစက်ဖြင့်ဖမ်းပြီး ယင်းအသံဖမ်းခွေကိုလည်း မှတ်တမ်းအဖြစ် သိမ်းဆည်း ထားသင့်ကြောင်း ပြောကြားခဲ့ပြီး ကမ္ဘာသုံးသတင်းစာပညာစာအုပ်ကို ကိုးကားကာ သတင်းစာကျင့်ဝတ်များ ကို ပြောကြား၍ စုံစမ်းမေးမြန်းမှုများကို အဆုံးသတ်ခဲ့သည်။

“ရိုးသားစွာ လွဲမှားတယ်လို့ ယူဆသလားဆိုတော့ ယူဆဖို့ကတော့ ခပ်ခက်ခက်ပဲဗျ။ ကျနော်က သတင်းစာ ကလာတဲ့ နိုင်ငံရေးသမားဆိုတော့ မီဒီယာတွေနဲ့ အငြင်းပွားချင်တာမရှိဘူး။ နိုင်ငံရေးအဖွဲ့အစည်းမှာ တာဝန် ရှိသူ တယောက်အနေနဲ့ ပြောရရင်လည်း မီဒီယာနဲ့ အငြင်းမပွားချင်ဘူး။အခုလို လုပ်ရတာက တော်တော်ကို ဆိုးဆိုးရွားရွားမှားနေလို့ပါ။ ကျနော်ပြောခဲ့တာက အန်အယ်လ်ဒီအနေနဲ့ ဖွဲ့စည်းပုံအခြေခံဥပဒေအပေါ်မှာ တင်းမာတဲ့ချဉ်းကပ်ပုံနဲ့ ပျော့ပျောင်းတဲ့ချဉ်းကပ်ပုံ နှစ်မျိုးနဲ့ ချဉ်းကပ်ခဲ့တယ်ဆိုတာကို အန်အယ်လ်ဒီရဲ့ ထုတ်ပြန်ချက်နှစ်ခုကို ဥပမာပေးပြီးပြောခဲ့တာပါ။ အဲဒါကို သူတို့က အခြေခံဥပဒေနေရာမှာ ရွေးကောက်ပွဲဆို တာကို ထည့်သွင်းရေးသွားတယ်။ အဲဒါအပြင် နောက်ထပ်မှားပြန်တာက အန်အယ်လ်ဒီအတွင်းမှာ ရွေးကောက်ပွဲဝင်လိုသူနဲ့ မ၀င်လိုသူ နှစ်ပိုင်းရှိတယ်ဆိုပြီး ပါတီတွင်းမှာ အကွဲအပြဲတွေ ဖြစ်နေပြီဆိုတဲ့ သဘော၊ ပါတီနှစ်ခြမ်းကွဲတော့မယ်ဆိုတဲ့ သဘော အဓိပ္ပာယ်အထိသက်ရောက်လာလို့ တိုင်ကြားခဲ့တာ။ အဲတော့ ရိုးသားစွာမှားတာ ဟုတ်မဟုတ်ကတော့ ကာယကံရှင်များကိုယ်တိုင်သာ သိမှာပေါ့ဗျာ။ ကျနော့် အနေနဲ့ကတော့ မှားတာကိုမှားတယ်လို့ ၀န်ခံရင်တော်ပြီပေါ့ဗျာ။ သို့သော် နိုင်ငံရေးအနေနဲ့ကတော့ ပြည်ပမှာ ရောက်နေတဲ့ ဒီမိုကရေစီအင်အားစုများအနေနဲ့ ဒါဟာတမင်လုပ်ကြံမှု၊ တမင်မှားယွင်းမှုလို့ ယူဆရင်လို့ ဆက်လက်ဆောင်ရွက်ကြမယ်ဆိုရင် ကျနော်သဘောတူတယ်။ လက်ခံတယ်။ ကျနော့်ကိုယ်စား ဆောင်ရွက် ပေးကြတဲ့အတွက်လည်း ကျေးဇူးတင်တယ်လို့ ကျနော်ပြောချင်တယ်ဗျ။ ကျနော့်အနေနဲ့ကတော့ နိုင်ငံခြား ကို စာရေးဖို့ ဆက်သွယ်ဖို့ ဆိုတာတွေကလည်း အခက်အခဲတွေရှိနေပါတယ်” ဟု ဦးဝင်းတင်က ခေတ်ပြိုင်၏ ဆက်သွယ်မေးမြန်းမှုအပေါ် ရှင်းလင်းပြောကြားသည်။

အဆိုပါအမှုမှာ ၂၀၀၈ နိုဝင်ဘာ (၃၀) ရက်စွဲဖြင့် ထုတ်ဝေသော ဂျာမနီအခြေစိုက် ဒီပီအေသတင်းတွင် ပါလာ ခဲ့ပြီးနောက် ဦးဝင်းတင်က ၎င်းပြောကြားချက်မဟုတ်သည်များ ပါရှိခြင်းကြောင့် ဒီဇင်ဘာ (၁၀) ရက် ရက်စွဲ ဖြင့် မြန်မာနိုင်ငံ နိုင်ငံခြားသတင်းထောက်များအသင်းသို့ တိုင်ကြားစာပေးပို့ခဲ့ခြင်း ဖြစ်သည်။

ယင်းသတင်းတွင် ပါတီတွင်းအကွဲအပြဲများရှိနေသယောင် ရေးထားခြင်းကြောင့် ပြည်ပဒီမိုကရေစီအင်အားစု များက မကျေနပ်ဖြစ်ခဲ့သည်။ ဂျာမနီနိုင်ငံ ဘာလင်မြို့ရှိ ဒီပီအေ သတင်းဌာနချုပ်အထိ အတိုက်အခံများက တိုင်ကြားခဲ့သဖြင့် ဦးဆောင်အယ်ဒီတာချုပ် Eva-MariaMcCormack က စုံစမ်းစစ်ဆေးမှုများ လုပ်သွားမည် ဖြစ်ကြောင်းနှင့် မမှန်သတင်းပို့ခဲ့ကြောင်း ထင်ရှားပါက ထိရောက်စွာ အရေးယူသွားမည်ဖြစ်ကြောင်းကိုလည်း မြန်မာအတိုက်အခံများထံ ပြန်ကြားထားသည်။

ယခု စစ်ဆေးချက်မှာ ရန်ကုန် နိုင်ငံခြားသတင်းထောက်များအသင်းက စစ်ဆေးချက်ဖြစ်သည့်အတွက် ဒီပီအေ သတင်းဌာန၏ ဌာနဆိုင်ရာစုံစမ်းစစ်ဆေးချက်အပြီးတွင် ရန်ကုန် ဒီပီအေ သတင်းထောက် ကိုကို (စက်မှုတက္ကသိုလ်) အား မည်သို့အရေးယူမည်ကို ရှင်းရှင်းလင်းလင်း မသိရသေးပေ။

မင်းနိုင်သူ
REF: ခေတ်ပြိုင်

0 comments:

အပေါ်သို့