Friday, January 16, 2009

ဆန္ဒပြ အန်အယ်လ်ဒီလူငယ်(၆) ဦး ပြန်လွတ်၊ (၃) ဦးကို ဆက်လက်ဖမ်းဆီး ထားဆဲ

၁၅ ဇန်န၀ါရီ ၂၀၀၉

ဒေါ်အောင်ဆန်းစုကြည်လွှတ်ပေးရေး တောင်းဆိုဆန္ဒပြခဲ့ခြင်းကြောင့် အာဏာပိုင်များ၏ ဖမ်းဆီးထိန်းသိမ်း ခြင်းခံခဲ့ရသော အန်အယ်လ်ဒီလူငယ် (၉) ဦးအနက် (၆) ဦး ယမန်နေ့က ပြန်လည်လွတ်မြောက်လာပြီး (၃) ဦးကို ဆက်လက်ဖမ်းဆီးထားဆဲဖြစ်ကြောင်း အန်အယ်လ်ဒီ ပြောရေးဆိုခွင့်ရှိသူ ဒေါက်တာဝင်းနိုင်က ခေတ်ပြိုင်သို့ ပြောသည်။

အာဏာပိုင်များ ပြန်လွှတ်ပေးခဲ့သူများမှာ ကိုထွန်းလင်း၊ ကိုပြည့်ပြည့်၊ ကိုအောင်ဖြိုးဝေ၊ ကိုမင်းသိန်း၊ ကိုကောင်းထက်လှိုင်၊ ကိုသက်မောင်ထွန်းတို့ဖြစ်ကာ ကိုထွန်းထွန်းဝင်း၊ မထက်ထက်ဦးဝေနှင့် ကိုဝင်းမြင့် မောင်(ခ) ပဲပြုတ်တို့ကို ဆက်လက်ဖမ်းဆီးထားသည်။

လူငယ် (၆) ဦးကို ယမန်နေ့ နေ့လယ် (၁၂) နာရီခန့်တွင် အင်းစိန်ထောင်မှ ကျိုက္ကဆံကွင်းသို့ ပို့ဆောင်ကာ ခံဝန်ကတိလက်မှတ်ရေးထိုးခိုင်းခဲ့ပြီး စမ်းချောင်း မယက ရုံးတွင် မိဘများကိုလည်း ခံဝန်လက်မှတ် ထိုးခိုင်းခဲ့ ကြောင်း သိရသည်။

၎င်းတို့ (၉) ဦးသည် ၂၀၀၈ ဒီဇင်ဘာ (၃၀) ရက် မွန်းလွဲ (၂) နာရီခန့်တွင် အဖွဲ့ချုပ်ရုံးရှေ့မှ စမ်းချောင်းမြို့ နယ်ရှိ လွှတ်တော်အဆောက်အဦးအထိ လမ်းလျှောက်ဆန္ဒပြခဲ့ကြပြီး ယင်းအဆောက်အဦရှေ့၌ ဒေါ်အောင်ဆန်းစုကြည်လွှတ်ပေးရေး တောင်းဆိုဆန္ဒပြခဲ့ကြရာ ယင်းနေ့တွင်ပင် အာဏာပိုင်များက ဖမ်းဆီး ခဲ့သည်။

နအဖစစ်အစိုးရကလည်း အဆိုပါ ဆန္ဒပြမှုကို အန်အယ်လ်ဒီ ဗဟိုအလုပ်အမှုဆောင် အဖွဲ့ဝင်များဖြစ်သည့် ဦးဝင်းတင်နှင့် ဦးခင်မောင်ဆွေတို့၏ ၀ါဒမှိုင်းတိုက်မြှောက်ပင့်ပေးမှုကြောင့်ဟု တိုက်ရိုက်စွပ်စွဲ သတင်းရေး သားကာ ပုဂ္ဂလိကဂျာနယ်အချို့တွင် အဓမ္မထည့်သွင်းဖော်ပြခဲ့သည်။



မင်းနိုင်သူ
REF: ခေတ်ပြိုင်

0 comments:

အပေါ်သို့