အောင်အောင်(မြစ်မခ)
17 Sep, 2012
ထိုင်းနိုင်ငံ ချင်းမိုင်တက္ကသိုလ်တွင် သင်ကြားပေးမည့်ဒေသန္တရအစိုးရအဖွဲ့ ဖွံ့ဖြိုးတိုးတက်မှုဆိုင်ရာသင်တန်းသို့ မြန်မာ နိုင်ငံကပြည် သူ့လွှတ်တော်ကိုယ်စားလှယ်(၅)ဦးအပါအ၀င်နိုင်ငံရေးပါတီခေါင်းဆောင်များနှင့် လူထုအခြေပြု အဖွဲ့ အစည်းများမှ တာဝန်ရှိ သူ(၁၇)ဦး တတ်ရောက်မည်ဖြစ်သည်။
အဆိုပါသင်တန်းတွင် ဒေသန္တရအုပ်ချူပ်ရေး၊ လူထုစီမံခန့်ခွဲမှု၊ရွေးကောက်ပွဲဆိုင်ရာ အချက်အလက်များ၊ ဘတ်ဂျတ် သုံးစွဲမှု မီဒီယာ ဆက်ဆံရေး ဘာသာရပ်များအား ချင်းမိုင်တက္ကသိုလ်မှ ပါမောက္ခများကိုယ်တိုင် သင်ကြားပေးမည်ဖြစ်သည်။
အဆိုပါသင်တန်းမှာစက်တင်ဘာ(၁၇)မှအောက်တိုဘာ(၄)ရက်နေ့အထိ ဗဟုဖွံ့ဖြိုးမှုအဖွဲ့ဦးဆောင်စီစဉ်မှုဖြင့် သုံးပတ် ကြာ သင်ကြား ပေးမည်ဖြစ်သည်။
“ဒီသင်တန်းက ထိုင်းနိုင်ငံ ချင်းမိုင်တက္ကသိုလ် နိုင်ငံရေးနဲ့ လူထုစီမံခန့်ခွဲရေး ဌာနမှာ သူတို့က ဦးဆောင်ပြီးတော့ သင်ကြား ပေးမှာပါ။” အဆိုပါသင်တန်းနှင့်ပတ်သက်၍ ဗဟုဖွံ့ဖြိုးမှုအဖွဲ့ ခေါင်းဆောင် ဦးအောင်နိုင်ဦး ကပြောသည်။
အဆိုပါ သင်တန်းတက်ရောက်သည့်အဖွဲ့မှာ ထိုင်းနိုင်ငံလွှတ်တော်နှင့် နိုင်ငံရေးအဖွဲ့အစည်းများ၊ ဘန်ကောက်သယ် ယူပို့ဆောင် ရေးကဏ္ဍများ ချင်းမိုင်မြို့တော်ဝန်ရုံးနှင့် အမှိုက်မှ လျှပ်စစ်မီးထုတ်လုပ်သည့် နေရာများသို့ သွားရောက် လေ့လာမည်ဖြစ် ကြောင်း ကို လည်း သိရှိရသည်။
တိုင်းဒေသကြီးတွေနဲ့ ပြည်နယ်အသီးသီးကို အုပ်ချုပ်သူများအတွက်အရေးပါသည့် အကြောင်းအရာများဖြစ်သည့် အတွက် ပါတီ ခေါင်းဆောင်များအား ခေါ်ယူပို့ချပေးခြင်းဖြစ်ကြောင်းကိုလည်း ပွဲစီစဉ်သူက ဆိုသည်။
“တိုင်းဒေသကြီးနဲ့ ပြည်နယ်အုပ်ချူပ်ရေးက အများကြီး အောက်ခြေမှာ ဒီမိုကရေစီ တိုးတက်ဖွံ့ဖြိုးရေးအတွက် အရမ်းအရေးကြီး တယ် ဒါကြောင့် ဒီသဘောတွေ သဘာဝတွေ နားလည်အောင်လို့ ကျွန်တော်တို့ အစတည်းကကိုပဲ အာရုံစိုက်ခဲ့တာပေါ့နော်၊ ဟိုတုန်းကတော့ အခြေအနေ မပေးလို့ ကျွန်တော်တို့ သွားဖို့လာဖို့ကလည်း ခက်တော့ မလုပ် နိုင်ဘူးပေါ့နော် အခုကတော့ အခြေအနေလည်းပေးတယ် ဒီကိစ္စမျိုးကို ထောက်ပံ့အားပေးမဲ့လူလည်း ရှိတဲ့အတွက် ကျွန်တော်တို့ လုပ်တာပါ။”ဟု အဆိုပါ သင်တန်းစီစဉ်သူက ပြောသည်။
ပြီးခဲ့သည့်နှစ် သြဂုတ်လအတွင်းကလည်း နိုင်ငံရေးပါတီ ခေါင်းဆောင်(၂၂) ဦးအား အစိုးရဖွံ့ဖြိုးတိုးတက်ရေးဆိုင်ရာ သင်တန်း တစ်ကြိမ် ပို့ချခဲ့ပြီးဖြစ်ကြောင်းနှင့် နောင်တွင်လည်း ဆက်လက်ပို့ချသွားမည်ဖြစ်ကြောင်း ဗဟုဖွံ့ဖြိုး မှုအဖွဲ့က သိရှိရသည်။
ဗဟု ဖွံ့ဖြိုးမှုအဖွဲ့ကို ၂၀၀၅ ခုနှစ်မှာ စတင်ဖွဲ့စည်းတည်ထောင်ခဲ့ခြင်းဖြစ်ပြီး မြန်မာ့ စီးပွားရေး၊ လူမှုရေး နိုင်ငံရေး၊ ပညာရေး၊ ကျေးလက်ဒေသဖွံ့ဖြိုးတိုးတက်ရေးလုပ်ငန်းများလုပ်ဆောင်နိုင်ရန် ချင်းမိုင်တွင် ဖွဲ့စည်းခဲ့သည့် လူမှုရေး အဖွဲ့အစည်းတစ်ခုဖြစ်သည်။
Ref: မြစ်မခ
Tuesday, September 18, 2012
ချင်းမိုင်တက္ကသိုလ်တွင် သင်ကြားမည့် မြန်မာဒေသန္တရအစိုးရအဖွဲ့ ဖွံ့ဖြိုးတိုးတက်မှုဆိုင်ရာသင်တန်း
Subscribe to:
Post Comments (Atom)
0 comments:
Post a Comment