ဘာသာတရားရဲ့ အဆုံးအမများနဲ့ ဘဝတည်မြဲရေးအတွက် လိုအပ်ချက်ကြား စေ့စပ်ရေးလုပ်ရတဲ့ သဘောကို ဒုက္ခသည် စခန်းမှာ လက်တွေ့ မြင်ခဲ့ရပါတယ်။ နတ်တော် လပြည့်ကျော် လမင်းရဲ့ လရောင်က အင်ဖက်မိုးကို အလင်းဖောက် ထားတဲ့ ပလပ်စတစ် အမိုး ကြားကနေ တဲအိမ်ထဲကို ဖြာကျနေပါတယ်။ သက်ကြီး ခေါင်းချချိန် ကြက်တွန်သံကို ကြားနေရပေမယ့် ခါတိုင်းလို ကလေးငိုသံ၊ ကလေး ချော့သံတွေကို မကြားရပါဘူး။ တဲအိမ်တွေရဲ့ သဲပွတ်ကာ ဝါးနံရံတွေမှာ နေ့နံ ၇ရက်ကို ကိုယ်စားပြုတဲ့ပန်း၊ အရွက်၊ အညွန့်ကို ပရိတ်ကြိုးတွေနဲ့ ချည်ပတ် ထားတယ်။ နေဝင်ဖြိုးဖျ၊ ညီအကို မသိတသိ အချိန်၊ နွားရိုင်းသွင်းချိန်လို့ ခေါ်ကြတဲ့ အချိန်လောက်မှာ ကလေးငယ်တွေ တအိမ်နဲ့တအိမ် မကူးခိုင်းတော့ဘူး။ အိမ်ထဲက အိမ်ပြင် မထွက်ခိုင်းတော့ဘူး။
မိခင်တွေရဲ့ ဘုရားရှိခိုးသံ၊ ဘုရားစာရွတ်သံကိုလဲ ကျယ်ကျယ်လောင်လောင် ကြားနေရတယ်။ ကိုယ့်အိမ်ထဲကို ပြင်ပက ဘယ်အမှောင့် ပယောဂမှ မလာနိုင်အောင် အသံနဲ့ ပိတ်ဆို့နေကြတာပေါ့။ ခါတိုင်း သွားနေကျမို့ ကလေးတွေက အိမ်ပြင် မထွက်ရလို့ ငိုကြတယ်။ သူတို့ရဲ့ လွတ်လပ်ချင်စိတ်၊ သွားချင်စိတ်ကို စကားနဲ့ မပြောနိုင်တော့ အသံထွက် ငိုပြကြတယ်။ ကလေးငိုသံက မိဘအသည်းနှလုံးကို ခါတိုင်းလို ကိုင်မလှုပ် နိုင်တော့ဘူး။ ကလေးကို အလိုလိုက်လွန်းတဲ့ နေရာမှာ ပြိုင်ဘက်ကင်းတဲ့ သရက် အကျဉ်းထောင်မှာ အကျဉ်းကျ ခံခဲ့ရတဲ့ ကိုယ်တော်ကြီးတောင် သူ့သမီးလေး တင်ပါးကို တဖြန်းဖြန်း ရိုက်နေလို့ အိမ်နီးချင်းတွေတောင် အံ့သြ နေကြရတာ။
ဒုက္ခသည် စခန်းလေးမှာ ဒီဇင်ဘာလအတွင်း လူလေးဦးဆက်တိုက် ဆုံးသွားလို့ ဒုက္ခသည်တွေ အားလုံး ထိတ်လန့် သွားကြတယ်။ ဒုက္ခသည် စခန်းမှာ ရွာထဲနဲ့ PAB လို့ ခေါ်တဲ့ ရပ်ကွက်ပေါင်း ၁၆ခု ရှိပါတယ်။ ရွာထဲမှာ ကရင့်လူမျိုး အများစု နေကြပြီး PAB မှာတော့ တိုင်းရင်းသား လူမျိုးပေါင်းစုံ နေထိုင်ကြပါတယ်။ ရွာထဲမှာ ကရင်လူမျိုး အသက် ၁၄ နှစ် အရွယ် ကျောင်းသူ ကျောင်းသားလေး နှစ်ယောက် မရှေးမနှောင်းလေးမှာ မြက်သတ်ဆေး သောက်လို့ သေသွားတယ်။ အသက်ငယ်ရွယ်ပြီး ကျန်းမာရေးလဲ အကောင်းကြီးမို့ ကြားရသူ မြင်ရသူတွေ စုတ်တသပ်သပ် ဖြစ်ကုန်ကြတာပေါ့။
ဒီဇင်ဘာလမှာ ခရစ္စမတ် လက်ဆောင် အပြန်အလှန် ပေးကြတဲ့အတွက် ကျောင်းသား မိဘတွေက ကိုယ့်သား သမီးကို ငွေကြေး၊ ပစ္စည်း ဝယ်ပေးရတာမျိုး ရှိပါတယ်။ မြက်သတ်ဆေး သောက်သေတဲ့ ကျောင်းသားလေးက သူ့အမိုးနဲ့ အပါးကို ခရစ္စမတ် လက်ဆောင်ပေးဖို့ ငွေတောင်းသတဲ့။ ဒီတော့ မိဘတွေကလဲ “ ငါတို့တောတိုး ဝါးခုတ်စားရတဲ့ သူတွေ။ ဖိုးခွားတောင်းတဲ့ ငွေ ဘယ်ပေးနိုင်မလဲ။ ခုတောင် ပါမိုက် (သစ်တောတာဝန်ရှိသူ)တွေက တောထဲမှာတွေ့ရင် သေနတ်နဲ့ ပစ်မယ် ပြောလို့ အပါးတောထဲ မသွားရဲဘူး။ ရိက္ခာ ပဲ ရှိရင်လဲ အပါး ရောင်းပေးပါတယ်။ ရိက္ခာ ပဲ မရတာတောင် ၆ လ ရှိပြီ။ ဖိုးခွားကို ပေးချင်တာတော့ လက်ကုန်ပဲ” လို့ ပြောတယ်တဲ့။
ကလေးကလဲ ကျောင်းမှာ မပေးနိုင်ရင် မျက်နှာငယ်မယ်။ အရှက်ရမယ်လို့ဘဲ စိတ်ထဲစွဲနေမှာ။ ဘဝရဲ့ ပကတိ အတိုင်းကို လက်မခံနိုင်ဘူး ဖြစ်ပါလိမ့်မယ်။ ဒီမှာတင် မြက်သတ်ဆေး သောက်လိုက်တယ်။ ဒုက္ခသည် စခန်းလေးရဲ့ ဆေးရုံမှာ ၂ ရက် ခံလိုက်သေးတယ်။ ၂ ရက် အကြာမှာ ဆုံးသွားတယ်။ မိန်းကလေးကလဲ သူ့အိမ်က သူလိုချင်တာ လုပ်မပေးနိုင်လို့ မြက်သတ်ဆေး သောက်သေတာ။ သူကလဲ ဆေးရုံမှာ ၃ ရက် ခံတယ်။
ဒီကလေးတွေက လူ့အဖွဲ့အစည်း အကြီးကြီးရဲ့ ပညာပေး ဟောပြောမှုတွေ၊ ပတ်ဝန်းကျင်ရဲ့ ပြုပြင် ပြောင်းလဲ မှုတွေကို မခံစား လိုက်ရဘူး။ စစ်အာဏာရှင်တွေရဲ့ သေနတ်ကျည်ဆံ၊ မြေမြှုပ်မိုင်း၊ မြေမြှုပ်ဗုံးတွေရဲ့ ဒဏ်ကို ကြောက်လို့ ထွက်ပြေး လာရတဲ့ စစ်ပြေးဒုက္ခသည် ကရင်မိသားစုက မွေးဖွား လာခဲ့ကြတာ။ ဒုက္ခသည် စခန်းရဲ့ စိတ်ဖိစီးမှုတွေကြား၊ မပြည့်စုံမှုတွေကြား ကြီးပြင်း ခဲ့ကြရသူတွေပါ။ သေခြင်းတရားက သူတို့ရဲ့ လွတ်မြောက်မှုလို့ သူတို့ တွေးမိခြင်းက ကြေကွဲဖို့ ကောင်းလှပါတယ်။
ဒုက္ခသည်စခန်းသာ သူတို့ကမ္ဘာလို့ တွေးထင်ခဲ့ကြမယ်။ လောကမှာ ပြည့်စုံခြင်းကို ပျော်ရွှင် ရယ်မောခြင်းနဲ့ ဖေါ်ပြပြီး၊ မပြည့်စုံခြင်း၊ မရှိခြင်းကို ငိုကြွေးခြင်းနဲ့ ဖေါ်ပြကြပေမယ့် ခုကလေးတွေကတော့ သေခြင်းတရားနဲ့ ဖေါ်ပြသွားကြတယ်။ ကျောင်းသားလေးရဲ့ နောက်ဆုံး ခရီးကို သူ့သူငယ်ချင်း ကျောင်းသားတွေ အကုန် လိုက်ပို့ကြတာများ သုသာန်တခုလုံး လူငယ်တွေချည်းပဲ။ ကျောင်းသားလေး နောက်ဆုံး ဝတ်ခဲ့တဲ့ ကျောင်းဝတ်စုံ၊ လွယ်အိတ် အသုံးအဆောင်တွေကို သူငယ်ချင်းတွေက စင်လေးလုပ်ပြီး ယူလာကြတယ်။ ကျောင်းသားလေး ကိုင်ခဲ့တဲ့ ပစ္စည်းလေးတွေက ခုတော့ ပိုင်ရှင်မဲ့သွားပြီ။ ဘဝသစ်မှာ သူငယ်ချင်း ပြည့်စုံ လုံလောက်ဖို့ သူတို့ လက်ဆောင်လဲမယ့် ပစ္စည်းလေးတွေကို ထည့်ပေး လိုက်ကြတယ်။
ဒီကလေးတွေ သေဆုံးပြီး ရက်ပိုင်းလေးမှာဘဲ ပလာရုံးရှေ့က ရခိုင်လူမျိုး ကျောင်းဆရာမ အသက် ၄၇ နှစ် ရုတ်တရက် သေဆုံး သွားတယ်။ သူ့မှာ နှလုံးသွေးတိုးရောဂါ ရှိလို့ အုန်းဖျန် ဆေးရုံမှာ ဆေးသွားကုတာ ရောဂါ သက်သာလို့ သူ့အိမ်ပြန်ခဲ့တာပါ။ အဲဒီ့နေ့က ထားဝယ် အမျိုးသမီးကြီးက ထားဝယ် သားတွေကို ရဟန်းခံ ရှင်ပြု လုပ်ပေးတဲ့နေ့။ သိမ်ဆင်းလောင်းဖို့ ရခိုင်ဆရာမ ပြင်ဆင်နေတာ။
အဲဒီ့အချိန်မှာ သူ့ရင်ဘတ်ထဲက စူးကနဲ့အောင့်လို့ ထိုးအန်ချလိုက်တယ်။ ဒုက္ခသည် စခန်းလေးက ဆေးရုံကို အရေးပေါ် တင်ဖို့ ကြိုးစားကြတယ်။ ဆေးရုံသွားဖို့ လူနာကို ပုခက်နဲ့ ပို့ရင်ပို့၊ ဒါမှမဟုတ် ရိက္ခာဆန် တွန်းလှည်းနဲ့ ပို့ရပါတယ်။ ဒီလိုလူစုပြီး ခြေလျင် သွားရတဲ့ အချိန်မှာ လူနာရဲ့ အသက်ကိုလုဖို့ အချိန် နည်းပါးခဲ့ရတယ်။ ဆေးရုံလေးရဲ့ ဆေးဝန်ထမ်းတွေမှာ စေတနာက လွဲပြီး ဘာမှ မပြည့်စုံ ရှာပါဘူး။ ဆေးရုံ ကုတင်လေးပေါ် လူနာကိုချ၊ အရေးပေါ် ကုသနည်းနဲ့ နှလုံးခုန်ဖို့ ကြိုးစားပေမယ့် လူနာ ငြိမ်သက် သွားခဲ့ပါတယ်။
အဲဒီ့နေ့က မိသားစုနဲ့အတူ ဘဝတူ ဒုက္ခသည်တွေရဲ့ ကြေကွဲမှုက ထွက်ပေါ်လာတဲ့ ငိုကြွေးသံကို မိုးနတ်မင်းတွေ ဂရုဏာ သက်သွားလို့ ထင်ပါရဲ့။ ဒီဇင်ဘာလကြီး မိုးတွေ ရွာချလိုက်တာ ဒုက္ခသည် စခန်းတခုလုံး ရွှဲရွှဲစိုပါရောလား။ ရဟန်းခံ ရှင်ပြု တရားနာ ရေစက်ချပွဲမှာ ခုမြင်ခုပျောက် သေခြင်းတရားကို လက်တွေ့ပြပြီး ဟောကြားခဲ့တဲ့ တရားကို နာယူခဲ့တဲ့ မစိန်အေးက တရားမနာခင် နောက်ပြောင် နေသေးတယ်။” ဆရာမ နားနေတဲ့သူတွေ သတိထား။ စာထဲ ပါသွားဦးမယ်” တဲ့။
မစိန်အေးက ဒုက္ခသည်ဘဝမှာ လန်းဆန်းတက်ကြွပြီး လောကဓံကို ရဲရဲရင်ဆိုင်ရဲသူ။ ဒုက္ခသည် အချင်းချင်းကို သူ့စကားလုံး၊ သူ့အပြုံးတွေနဲ့ လန်းဆန်း စေသူပါ။ တရားနာတဲ့ နေ့က ၁၂-၁၂-၂ဝ၁ဝ။ ၂ဝ-၁၂-၂ဝ၁ဝ ညနေမှာ မစိန်အေး ဆုံးသွားပြီတဲ့။ ကျမတို့တွေ ကြားကြားချင်း မယုံဘူး။ ကျန်းမာ ရွှင်လန်းနေတဲ့ မစိန်အေးနဲ့အတူ ကျမတို့ တရားနာခဲ့ကြသေးတယ်လေ။
မစိန်အေးမှာ သွေးတိုးရှိသတဲ့။ အဲဒီ့နေ့က သူသွေးတိုးတယ်ဆိုပြီး သွေးကျဆေး သောက်တယ်။ သွေးကျဆေး သောက်ပြီး မကြာခင် ဗိုက်အောင့် တယ်တဲ့။ ဗိုက်အောင့်တော့ သူဆေးရုံ တက်တယ်။ ဆေးရုံ ရောက်ပြီး ၃ ရက် အကြာမှာ သူဆုံးတယ်။ ဆေးရုံကနေ ဒုက္ခသည် စခန်းထဲက သူ့တဲအိမ်လေးဆီ မစိန်အေးကို သယ်ခဲ့ကြတယ်။
မစိန်အေးရဲ့ နောက်ဆုံးခရီးကို ဒုက္ခသည်စခန်း PAB တခုလုံး လိုက်ပို့ကြလို့ သုသာန် တခုလုံး လူတွေနဲ့ ပြည့်သွားတယ်။ မစိန်အေးရဲ့ ရုပ်ကလပ်ကို သုသာန်အဝင်မှာ စောင့်နေသူတွေက ခဲတွေနဲ့ ပေါက်ကြတယ်။ “နောက်လာအုံးမလား”လို့ ပြောပြီး အားပါတရ ပေါက်ကြတာ။ မစိန်အေးကို ထမ်းလာသူတွေက” နောက်မလာတော့ပါဘူး”လို့ ဝိုင်းအော်ကြတယ်။ ဒုက္ခသည် စခန်းရဲ့ ညှိုးနွမ်း၊ အားငယ် သိမ်ငယ်မှုတွေက သေခြင်း တရားမှာတောင် ရှိတယ်။
တောတောင်တွေရဲ့ ဘေးသစ်ပင်ကြီးတွေကြားထဲမှာ မစိန်အေးကို မြေမြှုပ်ကြတယ်။ ပုဇဉ်းရင်ကွဲသံ၊ ပုရစ်သံ၊ အဖော်မဲ့တဲ့ ငှက်ကလေးတွေရဲ့ အသံကြား မစိန်အေး တယောက်ထဲ ကျန်ခဲ့တယ်။ သဘာဝ တရားကဘဲ မစိန်အေးကို အဖေါ်ပြု ကျန်ခဲ့တော့တယ်။
ဒုက္ခသည် စခန်းလေးမှာတော့ စခန်းအုပ်ချုပ်သူတွေက ကိုယ့်ဘာသာတရား တွေနဲ့ အန္တရာယ် ကင်းအောင် လုပ်ကြမယ်လို့ ဆွေးနွေး တိုင်ပင်ကြတယ်။ ဗုဒ္ဓဘာသာဝင်တွေ အတွက် ရဟန်း သံဃာတော် တွေက ဒုက္ခသည် စခန်းရဲ့ လေးဘက်လေးတန်မှာ တချိန်ထဲ တပြိုင်ထဲ ပရိတ်ရွတ်မယ်။ ပြီးတော့ မကောင်းဆိုးဝါး တွေကို ဒုက္ခသည် စခန်းက ထွက်သွားအောင်၊ နောက်ထပ် မလာအောင် သံပုံးတီး မောင်းထုတ်မယ်။ တဲအိမ်လေးတွေထဲ နေထိုင်သူအားလုံး သံပုံးတီး တောထုတ်မှာမို့ စခန်း အုပ်ချုပ်သူ ထိုင်းပလာဆီက ခွင့်ပြုချက် တောင်းမယ်။ ပလာ ခရီးသွားနေလို့ လောလောဆယ်တော့ တဲအိမ်လေးတွေရဲ့ လမ်းဆုံ လမ်းခွလေးတွေမှာ ရဟန်း သံဃာတွေက အန္တရာယ်ကင်း ပရိတ် ရွတ်ပေးနေကြတယ်။
ပရိတ်ရေတွေကို တဲအမိုးပေါ်၊ တဲအိမ်ဘေးတွေကိုဖြန်းပြီး ပရိတ်ကြိုးတွေ ကိုတော့ ကလေးတွေရဲ့ လည်ပင်းတွေ၊ လက်တွေမှာ ချည်ပေး ထားကြတယ်။ ကလေး မိခင်တွေရဲ့ စိုးရိမ်ပူပန်တဲ့ အသံတွေ၊ ကျန်းမာရေး အတွက် ပူပန်နေတဲ့ ဒုက္ခသည်တွေရဲ့ သောက စွက်နေတဲ့ အသံတွေက ကျမရင်ကို နာကျင် စေပါတယ်။
ဒီစကားသံ၊ ဒီမြင်ကွင်းတွေကိုကြည့်ပြီး ကျမကဗျာဆရာ မြမြင့်မိုရ်ရဲ့ ကဗျာထဲကလို ကံကြမ္မာ ဖြစ်ချင်လိုက်တာ။ ကဗျာ ခေါင်းစဉ်ကိုတော့ ကျမ မမှတ်မိတော့ဘူး။ ကဗျာစာသားလေးက ဒုက္ခသည် ကျမတို့ အတွက် မြက်မြက် သက်သက်၊ ကွင်းကွင်း ကွက်ကွက်ပါပဲ။
လက်ညှိုးညွှန်ရာ
ကွေ့ကောက်စီးဆင်းရလွန်းလို့
ကျနော်ဟာကံကြမ္မာဖြစ်ချင်ခဲ့တယ်
အိပ်မက်တွေ
တရာသီပြီးတရာသီ
ရိတ်သိမ်းခံရလွန်း
ကျနော်ဟာကံကြမ္မာဖြစ်ချင်ခဲ့တယ်
ဆုတောင်းခြင်းရဲ့ကျေးကျွန်ဖြစ်ရဖန်များလွန်းလို့
ကျနော်ဟာကံကြမ္မာဖြစ်ချင်ခဲ့တယ်
ဖြည့်ဆီးခြင်းရဲ့အရှင်သခင်အဖြစ်
အရာအားလုံးကိုပြဋ္ဌာန်းဖို့
ကျနော်ဟာကံကြမ္မာဖြစ်ချင်ခဲ့တယ်
လောကဓံကို
ပျစ်ပျစ်နှစ်နှစ်ဆက်ဆံဖို့
ကျနော်ဟာကံကြမ္မာဖြစ်ချင်ခဲ့တယ်……………တဲ့။
ကျမသာ ကံကြမ္မာ ဖြစ်ခဲ့ရင်
မကောင်းဆိုးဝါးနဲ့တူတဲ့
စစ်အာဏာရှင်စနစ်ကို
ဖယ်ရှားပစ်လိုက်ချင်ပါရဲ့ ………………………………။
Ref: မဇ္ဈိမ
0 comments:
Post a Comment