Saturday, December 25, 2010

လွတ်လပ်ရေး ရွှေသားမီးတိုင် နှင့် ကိုလိုနီခေတ် ကာလ ၂၀ ရာစု ၏ အလယ်ပိုင်း နှစ်များ

Dec 25, 2010

မင်းကိုခါး (ကွမ်းခြံကုန်း)

အသက် ၃၂ နှစ်သာ ရှိသေးသော လူငယ်တဦးသည် တတိုင်းတပြည်လုံးကို ကတိ ပေးထားသည်။

၁၉၄၇ ခုနှစ်။

ထိုလူငယ်၏ ကတိကိုလည်း တတိုင်းတပြည်လုံးက ယုံကြည်ကိုးစား နိုးကြားတက်ကြွ နေကြသည်။ သူ၏ ကတိမှာ “တနှစ်အတွင်း လုံးဝ လွတ်လပ်ရေးရစေရမယ်”ဟူ၍ ဖြစ်သည်။ ကတိပေးသူ လူငယ်ကား . . .
သူ့ခေတ်သည် ကျွန်ဘ၀ကိုလိုနီခေတ်နှင့် ထိုကိုလိုနီခေတ်မှ လွတ်မြောက်ရန် “လွတ်လပ်ရေး” ကြိုးပမ်းမှု ခေတ်ကာလဖြစ်သည်။ သူဖြတ်သန်းရသော အချိန်အားလုံးသည် ထိုခေတ်ကြီး အဖြစ် အပျက်များနှင့်သာ လုံးထွေး ရောပြွမ်း နေခဲ့ရလေသည်။ လွတ်လပ်ရေး ရရှိချိန်ကိုကား သူ မတွေ့မမြင်ခဲ့ရပေ။



သူ့အဖို့ တသက်တာကား အကျပ်အတည်းများကို ကျောခိုင်းနောက်လှည့်၍ ရှောင်လွှဲသွားရန် လမ်းကြောင်းများ မရှိပေ။ အဘယ့်ကြောင့်နည်း။ သူသည် ကိုလိုနီ ဆန့်ကျင်ရေး၊ အမျိုးသား လွတ်မြောက်ရေး တော်လှန်ရေး သမားတယောက် ဖြစ်သောကြောင့်ပင်။ “ လွတ်လပ်ရေး ” “ နိုင်ငံ၏ ပုံရိပ်သစ် ” နေ့တိုင်းပင် သူ စိတ်ကူးမျှော်မှန်းခဲ့သည်။ သူ့ခေတ်က မြန်မာအမျိုးသားစာဆို ဆရာကြီး သခင်ကိုယ်တော်မှိုင်း က ပြောခဲ့သည်။ ကျွန်ခေတ်မှာ လူရာ မ၀င်ချင်ဘူးတဲ့။ ကိုအောင်ဆန်း (သခင်အောင်ဆန်း၊ ဗိုလ်ချုပ်အောင်ဆန်း)သည် ထိုလူစားဖြစ်သည်။ သူ့ ခေတ်ပြိုင်များက ဆန်းစစ်တွေ့ရှိသော လူငယ် ကိုအောင်ဆန်းသည် ကိုလိုနီ ကျွန်ခေတ်တွင် လူရာဝင်ရေး အတွက် အပေါင်းအသင်း အဆက်အသွယ် အခွင့်အလမ်း တက်လမ်းတွေ လိုက်ရှာဖွေသူ မဟုတ်။ တကိုယ်ရေ ကောင်းစား ကြီးပွါးရေး အတွေးအခေါ်တွေ သူ့မှာမရှိ။

သူ့အတွေးက နိုင်ငံနှင့်ချီ၍ “ လွတ်မြောက်မှု ” ။

ကိုလိုနီသူ့ကျွန်ဘ၀တွင် ပြည်သူလူထုက “ဘုရားကျွန်တော်မျိုး” ဟု လက်အုပ်ချီပြီး “မှန်ပါ့ ဘုရား” ဟု နယ်ချဲ့ အုပ်စိုးသူ လူမျိုးခြားကို ဘုရားထူး ဒူးထောက်ခဲ့ရ၊ နိမ့်ကျညှိုးငယ်၊ ဒုက္ခအသွယ်သွယ်က ၁၉၃၀ ပြည့်လွန် နှစ်များတွင် လူငယ် တဦးသာဖြစ်သော ကိုအောင်ဆန်းကို စူးစူးရှရှ နာကျည်း ထန်ပြင်းစေခဲ့ပြီးပြီ။ ဘုရင်ခံတဲ့။ ကိုလိုနီ ယန္တရားကြီးကား ပဒေသရာဇ်ခေတ် နယ်စားမြို့စား အုပ်ချုပ်ရေးပုံစံနှင့် မဝေးလှသော ၀တ်ရုံဟောင်းကြီးကို ခပ်တင်းတင်း လွှမ်းခြုံလျက်။ နိုင်ငံကို ကျွန်ပြု စိုးမိုးထားသော ကိုလိုနီနယ်ချဲ့နှင့် နယ်ချဲ့ အလိုတော် ရိများက နန်းရင်းဝန်ကြီး၊ အမတ်ချုပ်ကြီး၊ ၀တ်လုံတော်ရကြီး၊ တိုင်းမင်းကြီး၊ ခရိုင်ဝန်၊ အရေးပိုင်၊ နယ်ပိုင်၊ မြို့ပိုင်၊ မြို့အုပ်၊ သူကြီး “စေ” တလုံးပိုင်၊ အာဏာဇောင်းထက်မြ၊ ဘုရင်ခံချုပ်၊ ဘုရင်ခံ ဆိုသူတွေ မပြောနှင့် ဗြိတိသျှ နေမ၀င် အင်ပါယာ ယန္တရားကြီးရဲ့ အောက်ဆုံးအဆင့် သူကြီးဆိုသူကပင် မြန်မာနိုင်ငံမှာ “ဘုရား” ထူး ခံချင်၊ အမိန့်တော်မြတ် ချမှတ်ချင် . . . ။

အို . . . သင်တို့ကို ငါ ငြင်းဆိုလိုက်တယ်။

“ မြန်မာပြည်တ၀ှမ်းအကုန်
ဒို့အိမ်မှတ်ပါ ဒို့ယာမှတ်ပါ
အဲဒါ ဒို့ဗမာ ”
“ နောင် ဥဒါန်းဘယ်ကြေစရာ
ရာဇ၀င်တင်ထား မျိုးရိုးနွယ်လာ ၊
ကမ္ဘာတခွင်မှာဖြင့် ၊ ဗမာအထင်အရှား
ဒို့ခေတ်တွင်မှ ညံ့ကြတော့မှာလား ”

အမျိုးအစားသစ် နယ်ချဲ့ဆန့်ကျင်ရေး မြန်မာပြည် လွတ်လပ်ရေး အရေးတော်ပုံ နိုင်ငံရေး အင်အားစုများက ကိုလိုနီ ဖိနှိပ် စိုးမိုးသူတို့ ဆန္ဒနှင့် သီးခြား ကင်းလွတ်စွာ ဖူးပွင့် လာကြပုံမှာ အိပ်မက်မဟုတ်။ သမိုင်း၏ ဖြစ်ပေါ်တိုးတက်မှု အရှိတရားက ၀သန်မိုးဦး တဖြိုက် ရွာလိုက်တဲ့အခါ စိန်ပန်းတွေ ရဲခနဲ လင်းခနဲ လန်းဆတ် တောက်ပ ဖူးပွင့်လိုက်ကြ သလိုပဲ။ မြန်မာစာဆိုများ၊ ဂီတ ပညာရှင်များ ကပင် ကျောခိုင်းနေ၍ မရ။ မျက်နှာမူကာ မြတ်မြတ်နိုးနိုး စာဖွဲ့လွမ်းပွေ့ လိုက်ချင်စရာ။

သမိုင်းရဲ့ အကွေ့။
နိုင်ငံကို စစ်ပွဲကြီးသုံးကြိမ်ပြုပြီး သိမ်းပိုက်အုပ်စိုးခဲ့သော နယ်ချဲ့ ကိုလိုနီ အာဏာရှင်တွေက အရှင်သခင် မဟုတ်။ ဒါ . . . ဒို့မြေ၊ ဒို့ရေ . . . ဒို့ကိုယ်တိုင် အရှင်သခင်။ သူတို့နာမည်ရှေ့မှာ “သခင် ” ဘွဲ့ကို မြင့်မြတ်ခြင်း နိမိတ်ပုံလို တပ်ဆင်လိုက်ကြသည်။
ယုံလိုက်ကြ။ ကိုယ့်ကိုယ်ကို ယုံကြည်လိုက်ကြ။ ကိုယ်သာအရှင်၊ ကိုယ်သာ သခင်။

ကိုလိုနီသမိုင်းခေတ် ၁၉၃၀ ပြည့်နှစ် ဆရာစံတောင်သူလယ်သမား အရေးတော်ပုံကြီး၏ ပြင်းထန်သော ကိုလိုနီ ဆန့်ကျင်ရေး ပုန်ကန်မှုက ထို ၁၉၃၀ ပြည့်လွန် နှစ်များ၏ အလယ်ပိုင်း ကာလများတွင် လွတ်လပ်ရေး တိုက်ပွဲဝင် နိုင်ငံရေး အင်အားစုများ ဖြစ်လာကြတော့မည့် ကိုအောင်ဆန်းတို့ကို ပေါက်ကွဲအား မြှင့်ပေးသော စွမ်းအားပြည့်မြန်မာ့ သမိုင်း ဒီရေ ဖြစ်ခဲ့သည်။

. . . . . . . . . . . . . . . . . . . . . . . . . . . . . .



“ စံရှားခေါ် ဆရာစံ။ အထက်စွပ်စွဲချက်များကြောင့် သင့်အပေါ်မှာ အပြစ်ရှိကြောင်း။ ဤရုံးတော်က တွေ့ရှိကြောင်း။ ၎င်းအပြင် ဗြိတိသျှ နေမ၀င် အင်ပါယာ၏ ရှင်ဘုရင်နှင့် ဘုရင်၏ အစိုးရတို့အား အသင်က ပုန်စား ပုန်ကန်ပြုလုပ်ကြောင်း ထင်ရှား၏။ ဤသို့ပြုလုပ်ခြင်းကြောင့် တိုင်းပြည်တွင် လူအမြောက်အမြား သေကြေပြီးလျှင် ဥစ္စာစီးပွါးလည်း ပျက်ပြားကြောင်း။ သို့သော် ဤသို့ ပျက်ပြားသော်လည်း သင်သည် ၀မ်းနည်းခြင်းမရှိ။ ၀မ်းနည်းသည့် လက္ခဏာလည်း မပြခဲ့ချေ။
ထို့ကြောင့် သင့်လည်ပင်းကိုကြိုးတပ်၍ မသေမချင်း အသင့်ကို သတ်စေရန် အမိန့်ချမှတ်လိုက်ကြောင်း ” ။

လယ်သမားသူပုန်ကြီး ဆရာစံကမူ “ မှန်ပါ့ဘုရား ” ဟု လက်အုပ်မချီ။ ဘုရားမထူး။ မတရား ဗိုလ်ကျ အုပ်စိုးသူတို့ကို တော်လှန် ပုန်ကန်ခြင်း အမှန်တရားအား စွန့်လွှတ်ရန် လုံးဝ မစဉ်းစားခဲ့။ ကျွန်ခေတ်မှာ လူရာ မ၀င်ချင်ဘူး။

ဆရာစံကို ကိုလိုနီကြိုးစင်ပေါ်သို့ ဆွဲခေါ်လာကြသည်။ အို လူမျိုးခြား ဖိနှိပ်သူတို့ ... မြန်မာ့ရာဇ၀င် ထဲ တရားမ၀င် ကျူးကျော် ခုန်တက် လာစ နှစ်များကပင် သင်တို့ကို ငါ ငြင်းဆိုလိုက်တယ်။ လက်ထိပ်ခတ်လျက်။ ငေးကြည့်နေသူများက “ ဆရာစံ တုန်လှုပ်လေမလား ” စူးစမ်းလျက်။ ကျွန် ဖြစ်ရတာထက် သေရတာက မြတ်တယ်။ မင်းတို့ မလိုပါဘူး။ ဖယ်ကြစမ်း။ ငါ့ဘာသာ တက်နိုင်တယ်။ တွဲခေါ်လာသူများကို ကြိုးစင်ရှေ့မှာ တွန်းဖယ် ထားပစ်ခဲ့ လိုက်လေရဲ့။ ပထမ ခြေတလှမ်း။ အမျိုးအတွက်။ ဒုတိယခြေတလှမ်း။ ဘာသာအတွက်။ တတိယခြေတလှမ်း။ သာသနာအတွက်။ ဆရာစံ၏ ရုပ်ပုံလွှာက သူချစ်လှစွာသော နိုင်ငံကို မြတ်မြတ်နိုးနိုး လှုပ်နှိုး ပစ်ခဲ့သည့် နိမိတ်ပုံ။ ဘယ်သောခါမှ မမေ့နိုင်ဖွယ်ရာ တည်ကြည်လေးနက်စွာ ဦးခေါင်းကို မတ်ထားသည့် မြန်မာ့ သူရဲကောင်း။ ငါ ပြန်လာမယ်။ တနေ့ ပြန်လာမယ်။ သန်းနဲ့ချီပြီး ပြန်လာခဲ့မယ်။ ကြီးမြတ်သော သုပဏ္ဏက ဂဠုဏရာဇာ မြန်မာကြီးသည် ကြိုးစင်ထက် မယိမ်းမယိုင် တက်သွားနေသည်။ သူ့နောက်ကျောမှာ ကိုလိုနီခေတ် သူ့ကျွန်ဘ၀ မြန်မာနိုင်ငံ အနှံ့ဆီ သာယာဝတီထောင် ကိုလိုနီအုတ်ရိုးကို ထွင်းဖောက်ပြီး ယုံကြည်မှု အရောင် တလွင်လွင့် တောက်ပ ထွက်ပေါ်သွားတော့သည်။

အဲဒီယုံကြည်မှုအရောင်တွေသည် ၁၉၃၅ - ၃၆ ခုနှစ်က ကိုအောင်ဆန်းတို့ မျိုးဆက်ရဲ့ ရင်ဘတ်တွေ ထဲဆီ စူးရှမြုပ်ဝင် ပဲ့တင်နေကြသည်။

ကိုလိုနီဘ၀ကြီးကို တို့ ငြင်းဆိုခဲ့ကြတယ်။ ကျွန်ခေတ် သမိုင်းရဲ့အမှောင် အင်အားစုတွေကို တို့ ရွံမုန်းခဲ့ ကြတယ်။
“ သက်သေသာဓကတို့သည် နွေဦးပေါက်လှုပ်ရှားသော သစ်ရွက်များကဲ့သို့ ငါတို့၏ ရင်တွင်းဝယ် ဆထက်ထမ်းပိုး တိုးကာ တဖျတ်ဖျတ် တလူလူ လွှင့်ခတ်၍နေပါအံ့။

ဤနေရာဝယ် အနှစ်တထောင် ကာလပတ်လုံး ရှပ်တိုက်၍နေသော ခြေရာ အပေါင်းတို့ သည်လည်း သင်တို့၏ သွေးကွက်များကို ချေဖျက်နိုင်မည် မဟုတ်။

ဤတိတ်ဆိတ်ခြင်းကို ရေတွက်ခြင်းငှာမစွမ်းနိုင်သော အသံဗလံများသည် ရေပွက်ပမာ ထပွက်သော် ငြားလည်း သင်တို့၏မြတ်သော သေခြင်းကို ထောမနာပြုသော ခေါင်းလောင်းသံသာ သည်ကား ပဲ့တင်ထပ်၍ နေမည်သာတည်း ” ။

ချီလီကဗျာဆရာကြီး ပါဘလိုနီရူဒါ
(ဒဂုန်တာရာ မြန်မာပြန်)
တာရာမဂ္ဂဇင်း၊ ၁၉၄၆ - ခုနှစ်။

* * * * * * * * * * * * * * * * *

ကိုအောင်ဆန်းသည် တွေးနေသည်။ သူ့အဖိုး ဗိုလ်မင်းရောင်သည်လည်း အရေးတော်ပုံတွင် ခေါင်းဖြတ် ခံခဲ့ရသည်။ ဆရာစံ၏ လယ်သမား သူပုန် ရဲဘော်ကြီးများ သည်လည်း ဦးခေါင်းတွေ ဖြတ်ခံခဲ့ရသည်။ (၁၉၃၅ - ၃၆) နှစ်ကာလက သူ၏ ခေတ်ပြိုင်များသည် ကိုအောင်ဆန်းကို မှုန်ဆန်သော လူငယ် တယောက်အဖြစ် စတင်တွေ့ရှိ ကြရသည်။ စာသင်ခန်း ထဲမှာလည်း တွေးသည်။ အင်းလျား ကန်ကြီးဘေး လမ်းလျှောက်ရင်း မှာလည်း တွေးသည်။ ပဲခူးဆောင် အပေါ်ထပ်မှ ဆံပင်စုတ်ဖွားနှင့် လှေကားထစ်များကို နင်း၍ နင်း၍ ဆင်းလာနေရင်း မှာပင် တွေးမိနေ သေးသည်။ “သူကလည်း အစဉ်လိုလို နိုင်ငံရေးကိုသာ တွေးနေဟန်တူ၏”။ “တက္ကသိုလ်တွင် ရှိစဉ်က ကိုအောင်ဆန်း သည် ပြုံးသောမျက်နှာကို ထားခဲ၏ ” တဲ့၊ ကဗျာ အနုပညာရှင် ဒဂုန်တာရာက သူတွေ့ရှိသော ကိုအောင်ဆန်းကို ရုပ်ပုံလွှာတွင် ဖွဲ့နွဲ့သည်။ သူ၏ ခေတ်ပြိုင်များကမူ ထိုပုံရိပ်တွေကို နောင်သောအခါ လွမ်းမောဖွယ် တွေအဖြစ် ပြန်လည်အောက်မေ့ သတိ ရခဲ့ကြရသည်။

၃၆ ခုနှစ်က တိုင်းပြည်သည် “ အောင်ဆန်း” ဆိုသော အမည်ကို ထိုခေတ် သတင်းစာများတွင် စတင်တွေ့ရှိ လိုက်ကြချိန်မှာ ထိုလုလင်၏ ရင်အုပ်ထဲတွင် သူတို့ခေတ် တခုလုံး၏ အလွမ်းများ အပြည့်အနင့် သယ်ဆောင် ထားသည်ကို လူတို့က အပြည့်အ၀ မသိနိုင်ကြသေး။ အချိန်က တိုလှသေး၏။ သူ့မှာတော့ ၃၆ ခုနှစ် မတိုင်မီ သူ့နာမည် တိုင်းပြည်နှင့် စတင် မိတ်ဆက်ခြင်း မပြုရသေးချိန် မှာပင် ရင်ထဲ၌ တိုင်းပြည်မနိုးခင် “ ချစ်လှစွာသော ကျွန်ဘ၀ အမိ မြန်မာပြည်ရဲ့ နောက်တနေ့ မနက်ခင်း ဂုဏ်တောက်စွာ လင်းခဲ့ဖို့ အရုဏ်ဦးကို နှလုံးသွေးနဲ့ သယ်ဆောင် နေခဲ့ရပြီ”လေ။ သူ့ရှေ့တွင် မြန်မာပြည်၌ ဆယ်စုတခု၊ နှစ်ခုမက အချိန်မှစ၍ ကိုလိုနီခေတ် ကိုယ်ကျိုးရှာ ၀ါရင့် နိုင်ငံရေးသမား ဟောင်းကြီးများက ရှိနေခဲ့ပြီး ဆရာကြီး သခင်ကိုယ်တော်မှိုင်း၏ ကဗျာထဲက အတိုင်း “ ငါးထောင် အသပြာစား မာန်ရယ်နဲ့ မာန်ဖီဖီပွား၊ မယားတောင်ညာခံနှင့် စံသည်တကား” အမည် ထိုက်သည့် ပုဂ္ဂိုလ်တွေလည်း မြန်မာနိုင်ငံရေး ပွဲဦး ပွဲကူးထဲမှာ အုတ်အရောရော ကျောက်အရောရော ပါဝင်။ ၃၆ ခုနှစ်တွင် ပေါ်လာသော ကိုအောင်ဆန်းတို့လို အသက် ၂၁ နှစ်အရွယ် လူငယ်များ၏ အမျိုးအစားသစ် အမျိုးသားရေး နိုင်ငံရေး လွတ်လပ်ရေး ရည်မှန်းချက်ကို စိမ်းရိုင်း လတ်ဆတ်စွာ ထိတ်ခနဲ တွေ့ကြရသည်။ မည်သို့ အကဲဖြတ်မလဲ။ သမိုင်းခေတ်က လာနေပြီ။ ၁၉၃၆။ အသက် ၂၁ နှစ်။ သူ ပြောပြောနေသော လုံးဝ လွတ်လပ်ရေး။ မင်း ငယ်ပါသေးတယ်။ ဗြိတိသျှ အလိုတော်ရိ ခေတ် အဆက်ဆက် သော့ကိုင် ထားလိုသူ မင်းတိုင်ပင် နိုင်ငံရေး သမားဟောင်းကြီးတွေရဲ့ မဲ့ပြုံး၊ ကြိတ်ပြုံး၊ မလိုတမာ အပြုံး တွေနဲ့ နဖူးတွန့် မျက်စချီ အကြည့်တွေကလည်း အဲဒီခေတ်ထဲမှာ အပြည့်။

သို့သော် အမှန်တရားကို ရှာပုံတော် ဖွင့်နေကြပြီ။
တလက်မမှ နောက်ပြန်ဆုတ်ပေးလို့ မရတော့။

ခေါင်းမှာ ဆံပင်ပွယောင်းယောင်း။ မျက်နှာက မှုန်ကုပ်ကုပ်။ သပ်ရပ်ချောမွေ့မှု မရှိ။ ကိုလိုနီ ယန္တရား အကြိုက် အိုင်စီအက် အရာရှိကြီးတွေရဲ့ ရှေ့တော်ပြေး ပုံရိပ်ဖြစ်ရမည့် ပညာတတ် တက္ကသိုလ် ကျောင်းသား အသွင်အပြင်ကို သူ့ထံမှာ တွေ့မြင်ရန် ခက်ခဲလှသည်။ ၁၉၃၆ က ရွှေတောင် ပိုးလုံချည်နှင့် ပြည်တွင်းဖြစ် ဖျင်ကြမ်းကို ၀တ်ဆင်ပြီး စင်မြင့်ပေါ်၌ စကားပြောသော သူ့ကို ဂျူဗလီဟောလ်တွင် ထိုခေတ်လူငယ် အများက တွေ့မြင်ဖူး ကြရသည်။ သူ့မှာ လူအလတ်တန်းစား ပညာတတ် စရိုက်ဟန်တွေ မတွေ့ရ။ သူ့ကိုယ်သူ အတင်း ယဉ်ကျေးအောင် သူက ဟန်ဆောင် မလုပ်။ ဒါကဖြင့် နာမည်ကျော် ပညာတတ်လူငယ် အိုးဝေမဂ္ဂဇင်း အယ်ဒီတာ ပါပဲလေ။ သာမန်လူထဲက လူ . . . လမ်း ပေါ်မှာ နေရာတကာ တွေ့မြင်နိုင်တဲ့ ပုံသွင်ပါပဲလေ။ ဒါပေမယ့် အဲဒီ ရာဇ၀င် ခေတ်ကြီးရဲ့ သွေးခုန်သံများ အားလုံးကို သူဝတ်ဆင်၊ သူ့ခေတ် မျိုးဆက်များရဲ့ ပေါင်းရုံးထားတဲ့ စိတ်ဓာတ် စွမ်းအင်များနဲ့ မျက်နှာက ပိုင်းဖြတ်မှုအပြည့်။

လွတ်လပ်ရေးအတွေးတွေထမ်းလို့ သူ လျှောက်လှမ်းသွားတဲ့ ခြေရာများ
နောက်ရာစုထိ နစ်ကျွံသွားခဲ့တာပါပဲ။
ဒီခြေရာတွေကို ဘယ်အုပ်စိုးသူ ကိုလိုနီမျိုးဆက်ကမှ မဖျက်နိုင်။
သူ့ ခေတ်ပြိုင်ရဲ့ အကောင်းဆုံးတေးသံတွေကို
သူ့နှလုံးအိမ်ရဲ့ နံရံမှာ ကမ္ဘတည်ထွင်းထုထားတယ်။

သူ့ကိုယ်ပေါ် သူ့ခေတ်ရဲ့ အောက်မေ့ဖွယ်တွေက တဖွဲဖွဲဆွတ်ပျံ့ စိမ်းပျံ့  စီးကျလို့ပ . . . ။
စိတ်မရှည်နိုင်
လွတ်လပ်ရေးကို ဒီလုလင်က သူတယောက်တည်း ထမ်းသယ်တော့မယ့်အတိုင်း။
ကိုယ်ရေးကိုယ်တာ နာကျင်မှုတွေကိုမှ သတိမရနိုင်
သူ့ရင်အုပ်ရဲ့  အတွင်းဘက်အမှောင်ထဲမှာ
အသက်ရှင်စွမ်းနေတဲ့အရာ
အခြားသူတွေရဲ့ ရင်အုပ်ထဲမှာ
ပြာဖုံးမီးခဲတွေ . . . မီးလျှံအလင်းထွန်းညှိဖို့
သူလိုက်လို့သာရှာခဲ့။
လေကောင်းလေသန့်တွေ မြန်မာပြည်အနှံ့
ရင်အုပ်တွေထဲဆီ သူအရောက်ပို့ဖို့
ဒုက္ခတရားကိုသာ ဘ၀နဲ့စစ်ခံယူပြီး
ရွှေလို ပြန်သန့်စင်ခဲ့လေပေါ့။
ဒါဟာ ကိုအောင်ဆန်းပေါ့။

၃၆ ခုနှစ်ကိုယ်တိုင်ပင်လျှင် အဲဒီ ၂၁ နှစ်အရွယ် လုလင်ရဲ့ သမိုင်းဆန်တဲ့ သွေးခုန်သံတွေ ဆီက လှပ ခမ်းနားမှုတွေ ပြန်ရခဲ့ပေါ့။ Hell Hound at large (ငရဲခွေးကြီးလွတ်နေပြီ)။ နှစ်ဦးကာလ အိုးဝေမဂ္ဂဇင်းရဲ့ ငရဲခွေး ဆောင်းပါးက ကိုလိုနီ စိုးမိုးသူ အင်္ဂလိပ် အာဏာပိုင်တွေဆီ လေညင်းကလေး ခတ်ပုံက သူတို့ တုန်လှုပ်စရာ။ မဂ္ဂဇင်း စာတည်း မည်သူလဲ။ မင်း . . . ပြောပါ။ သူ့အဖို့ အကျပ်အတည်းများကို ကျောခိုင်း နောက်လှည့်၍ ရှောင်လွှဲ သွားရန် နဂိုကတည်းကပင် သူ မကြိုးစားခဲ့။ အဲဒီ အညာသား မြန်မာလူငယ်က ငယ်ငယ်ကတည်းကပင် ဒါမျိုး မကြိုးစားခဲ့။ နောင်သောအခါ အကြိမ်ကြိမ် ပြန်လည်တသဖို့ ဖြစ်လာခဲ့ရတာပါပဲ။ အားလုံးအကြိုက် ရိုးရိုးစင်းစင်း ပါပဲလေ။ ၁၉၃၆ ခုနှစ်တွင် သူ့အဖြေ။

“ မပြောနိုင်ဘူး ”

ကိုလိုနီခေတ်ရဲ့ တက္ကသိုလ်မျက်နှာဖြူအာဏာပိုင်တွေက ကိုအောင်ဆန်းကို တက္ကသိုလ်မှ ထုတ်ပယ်ကြောင်း ကြေညာ . . . ။ ၁၉၂၀ ပထမ ကျောင်းသားသပိတ်မှ ၁၆ နှစ်အကြာ ကိုလိုနီ ဆန့်ကျင်ရေး ဒုတိယ ကျောင်းသား သပိတ်ကြီး မွေးဖွားလာပုံ အစရဲ့  မဟာသွေးစီးသံသည် သူ၏ ရင်ဘတ်တွင် ပထမ,စပေါက်ကွဲခဲ့တာပါပဲ . . . ။

ပဲခူးဆောင်အလယ်ထပ် သူ့အခန်းမှနေ၍ သူသည် အောက်ထပ်သို့ အတွေးဖြင့် ဆင်းလာ တတ်၏။ (၁၉၃၇ - ၃၈) ခုနှစ်က သူ၏ ကျောင်းနေဘက် များသည် သူ၏ သပ်ရပ်မှုမရှိ၊ သို့သော် စာအုပ်များ ပြည့်နှက် ရှုပ်ပွနေသော သူ့အခန်းကို ပဲခူးဆောင်တွင် တွေ့ဖူးကြသည်မှာ ပြန်တွေးရင် ရာဇ၀င်ကျော် သူရဲကောင်း လုလင်ရဲ့ လွမ်းမောဖွယ်ရာ ကားချပ် တခုပါ။ ကံ့ကော်တွေက ဝေလို့။ ဆွတ်ပျံ့စိမ်းပြာ အင်းလျားရွှေကန်တော်။ မြူမှုန်တွေက ပြာရီရီ။ သက်ငြိမ် ရှုမျှော်ခင်း အလှအပ။ ၁၉၃၈ ခုနှစ် နှစ်လယ်မှာတော့ အိပ်ယာလိပ် ထမ်းပြီး မြန်မာ့ သမိုင်း မုန်တိုင်းထဲဆီ ဇာတ်ဝင်ခန်း တခုလို ရေကျော်ရှိ ဒို့ဗမာ အစည်းအရုံးသို့ သူ ထွက်ခွာလာ ခဲ့လေသည်။ မိုးစက်တွေက ကျလို့။ မဖြီးရသေးသော ဆံပင်။ အင်္ကျီလျော့ရဲ ကြေမွကိုလည်း မပြင်ဆင်ရသေး။ မြန်မာပြည်ရဲ့ ကိုလိုနီ မြေအရိုင်းကို ရင်ဘတ်နဲ့ ထွန်ယက်ဖို့ ဆင်းလာတဲ့ အတိုင်းပါပဲလေ။

အဲဒီခေတ် ဗြိတိသျှကိုလိုနီဥပဒေပြု လွှတ်တော်ထဲမှာတော့ ရာထူးရာခံနှင့် မြန်မာပြည် ကျွန်ခေတ်မှာ လူရာဝင်ရေး ကိုယ်ကျိုးရှာ ကုလားထိုင် လုပွဲမှာ စီးကရက် မီးခိုးငွေ့များ၊ ယမကာ နံ့များဖြင့် ယစ်ဝေကောင်းဆဲပင် ရှိနေသည်။
နောင် . . . ဥဒါန်းဘယ်မကြေစရာ၊ ရာဇ၀င်တင်ထား မျိုးရိုးနွယ်လာ၊ ကမ္ဘာတခွင်မှာဖြင့်၊
ဗမာ အထင်အရှား၊ တို့ခေတ်တွင်မှ ညံ့ကြတော့မှာလား . . .

* * * * * * * * * * * * * * * * *


အမျိုးသားရေးကြိုးပမ်းကြပါ၊ အရှေ့ က နေ၀န်းထွက်သည့်ပမာ၊ ဒို့ခေတ်ကို ရောက်ရမည်မှာ မလွဲပါ၊

တို့ဗမာဟေ့ . . . တို့ဗမာ . . . ဗမာပြည်တ၀ှမ်း အကုန် တို့အိမ်မှတ်ပါ . . . တို့ယာမှတ်ပါ . . အဲဒါ ဒို့ဗမာ . . .

သမိုင်းခေတ်များရဲ့ အကွေ့အချိုးတွေက မာယာများတဲ့ မြစ်တွေလို မြစ်ကျဉ်းတွေ၊ မြစ်ကွေ့တွေ၊ မှုတ်ဝဲ၊ စုပ်ဝဲတွေ၊ ကျောက်ဆောင်တွေ၊ သောင်တွေ၊ အမှိုက်တွေ၊ ဒိုက်တွေကလည်း များပါပေ့။ သို့သော် ထူးဆန်းသည်မှာ မြစ်တွေက မြစ်ဝှမ်းမှာ နေကြသည့် လူထုရဲ့ ဘ၀တွေနဲ့ ပေါင်းစပ်ထွေပြားကာ အတိုင်းအဆမဲ့ ပိုလို့ နက်ရှိုင်းသွားတတ် ကြသေးသည်။ သမိုင်းခေတ်နဲ့ သူ့လူထုလိုပါပဲ။ ကိုအောင်ဆန်းက မြစ်ကို ဖြတ်ကူးသွားသူ မဟုတ်။ မြစ်ကို အလျားလိုက် စုန်ကူးသူ။ သူ့တမ်းချင်းတွေကို အဲဒီရာဇ၀င် မြစ်ရိုးကြီးအတိုင်း သီဆိုသွားသည်။ မြန်မာ ပြည်သူတွေက နေ့နေ့ညည ကြားနေကြရပြီး စိတ်ထိခိုက်ကာ တမ်းချင်းရှင်ကို ရှာဖွေကြသည်။ သို့သော် ရှာစရာမလိုပါ။ တမ်းချင်းရှင် က သူတို့ ရင်အုပ်တွေထဲဆီအထိ သူ့တမ်းချင်းတွေကို ဒက်ဒက်ထိ လာဆိုလေသည်။

သူ့နာမည်ရှေ့ မှာ
မြန်မာပြည်ရာဇ၀င်ခေတ်ရဲ့  ဂုဏ်ရှိန်မြင့်သည့် “ သခင် ” ဘွဲ့ကို
တော်လှန်ရေးအနုပညာရဲ့  သင်္ကေတလို တပ်ဆင်လို့ . . .
မြင့်မြတ်မှုနဲ့ ရိုးဖြောင့်မှု
သူ့ကိုယ်ပေါ် အရောင်တလွင့်လွင့် . . . ။
အခက်အခဲအကျပ်အတည်း ဆိုတာတဲ့လား
လွတ်လပ်ရေးကြိုးပမ်းမှုဖြစ်စဉ်မှာ မလွှဲမရှောင်သာ
တွေ့ရမယ့်
ဖြစ်ရိုးဖြစ်စဉ် သမားရိုးကျကိစ္စတရပ်သာ
သူ ယုံကြည်လေရဲ့ ။
နယ်ချဲ့ သံဖနောင့်အင်ပါယာကြီး
အင်အားကြီးမားတယ်ထင်ရပေမယ့်
ဟောင်းနွမ်းဆုတ်ဆိုင်းနေတဲ့ ကိုလိုနီတရား။
လွတ်လပ်ရေးကြိုးပမ်းခြင်း အင်အားကတော့
နုပျိုပွင့်လန်းတိုးထွက်စ။
သေးငယ်တယ်ထင်ရပေမယ့် သေးငယ်ရာက ရှင်သန်ဖွင့်ထွား
လောကဖြစ်စဉ်တရား။
ဒါ ဒို့မြေ . . . ဒို့ရေ . . . ဒို့ကိုယ်တိုင် အရှင်သခင်။
ကိုယ်ကျိုးရှာ ကိုလိုနီကျွန်ပြုသူတွေရဲ့ 
သံကြိုးကွင်းတွေ
တုန်ခါနေ။
တဆတ်ဆတ်တုန်ခါ . . .
မြန်မာတမျိုးသားလုံး သခင်မျိုးဟေ့လို့
လက်ရုံးဆန့်တန်းကျူးရင့်စေဖို့
အသည့်နှလုံးကို မြေပေါ်ထွန်းညှိစိုက်ချ
အဲဒီ ရွှေသရဖူအလင်းတိုင်ဘေး ညထဲမတ်မတ်ရပ်
“ လွတ်လပ်ရေး သူ ကျူးရင့်ပုံ . . .
သူ့ဘေးမှာ မဟာဧရာဝတီက တလက်လက်စီးလိုက်လို့ . . .
ဒီလုလင်ရဲ့ ရင်ဘတ်နဲ့
ကျွန်ဘ၀ထဲ မသေဆုံးတဲ့ မြန်မာပြည်လွတ်လပ်ရေးအိပ်မက်တို့
ရာဇ၀င်မြောက် သွေးခုန်ပွင့်ဖူးချေသမို့
စိတ်ချလိုက်။

အခက်အခဲများရှေ့ တွင် ကျောခိုင်းပြီး နောက်ပြန်လှည့်မည့် လူမျိုးလည်း မဟုတ်ပေ။

I hope for the best but I am prepare for the worst.
အကောင်းဆုံးဖြစ်လိမ့်မယ်လို့ ကျနော် မျှော်လင့်တယ်။ ဒါပေမဲ့ အဆိုးဆုံးကို ရင်ဆိုင်ဖို့လည်း အသင့်ပဲ။
(နယူးဒေလီ လေဆိပ်၊ ၁၉၄၇ ခုနှစ်)

၁၉၄၇ ခုနှစ်။ သူကွယ်လွန်ခါနီးနေရပေပြီ။ (၇) လ, သာ ကျန်တော့သည်။ ထိုနှစ် ဇန်န၀ါရီလသည် ခိုက်ခိုက် တုန်ချမ်း စိမ့်နေပေသည်။ သူသည် ကမ္ဘာ့ အနောက်ခြမ်း (အင်္ဂလန်) သို့ ခရီးစတင် ထွက်လာခဲ့သည်။ အသက် ၃၂ နှစ်သာ ရှိသေးသော ဦးအောင်ဆန်းသည် တိုင်းပြည်ကို တနှစ်အတွင်း လုံးဝ လွတ်လပ်ရေး ရစေရမယ်ဟု ကတိ ပေးထားသည်။ အသက် ၃၂ နှစ်အရွယ် လူငယ်တဦး၏ ကတိကို (ထိုခေတ်) သူ၏ တိုင်းပြည်ကလည်း မြတ်နိုးမှုတွေ အပြည့်နှင့် ယုံကြည် စွဲလန်း နေကြသည်။ သူ . . . ကိုလိုနီ ခေတ်ကြီးထဲမှာ ထန်ပြင်းရိုင်းစိုင်း မာကျောနေ သလား။ ပင်လယ်ဝါမှာ ခုတ်မောင်းသွားတဲ့ ဟိုင်လီ သင်္ဘောကြီးပေါ်မှာ ရုပ်ဖျက် ပုန်းအောင်းပြီး ချစ်လှတဲ့ တိုင်းပြည်နဲ့ ဝေးရာဆီ လျှို့ဝှက် ထွက်ခွါသွားခဲ့ ရတာတွေကကော။ ထိုသို့ ထွက်ခွါခဲ့ရပုံကို “အရှေ့သို့ ကျွန်ုပ် ထွက်ခွါ လာခဲ့ရသည်မှာ အမှောင်တိုက်တွင်းသို့ သက်ဆင်း လာခဲ့ရသည်နှင့် တူ၏” ဟု နောင်အခါ ပြန်ရေးခဲ့၏။ လူက မှုန်ဆန်ထန်ပြင်း နေမိရပေမယ့် တိုင်းပြည်ပေါ် ချစ်စိတ်ကိုတော့ ရင်ထဲမှာ နူးနူးညံ့ညံ့ ယုယစွာ ထိန်းလို့။ သူ့သစ္စာကို အသက်နဲ့ရင်းပြီး စောင့်ခဲ့တယ်။ သူ့မေတ္တာတရားရဲ့ ချိုမြတဲ့ သင်္ကေတကို ဖော်ပြဖို့တော့ ထွေထွေရာရာ လူ့ဘ၀တ ခုလုံးကိုပဲ အဆုံးတိုင် ပုံပေး ထားခဲ့လေရဲ့ ပ . . . ။
အလှည့်အပြောင်းတွေက များလှရဲ့။ ထိုအတွင်း သူ့သူငယ်ချင်း ကိုအောင်ကျော် (ဗိုလ်အောင်ကျော်) လည်း ဆုံးခဲ့ပြီ။ အဲဒီတုန်းက ၁၉၃၈ ခုနှစ် အမှောင်တိုက်ထဲမှာ။ ကိုအောင်ကျော်လည်း ငယ်ရွယ် လွန်းလှ ပါသေးသည်။ ၂၃ နှစ်။ သူ့ချစ်မိတ်ဆွေ ကိုဗဟိန်း (သခင်ဗဟိန်း) လည်း ၁၉၄၆ ခုနှစ်က မန္တလေးတွင် ကွယ်လွန်ခဲ့ပြီ။ သူသည် လဲလျောင်း ငြိမ်သက်နေသော ရုပ်ကလာပ်ဘေးတွင် စိမ်းစိမ်းမြေ့မြေ့ အောက်မေ့စွာ မိနစ်များစွာ ရပ်တန့်ငေးငိုင် သက်ငြိမ် ရုပ်ဝတ္ထု သဖွယ် နေခဲ့မိသည်။ သူတို့ မျိုးဆက်တွေက ကြွေပွင့်တွေလား။ သူ့စိတ်ထဲမှာတော့ သူ့ရဲဘော်များသည် ကြွေလွင့်ကာမှပင် ပိုလို့ မွှေးမြလာပြန်ရဲ့။ အချိန်တွေက ကြာသလား။ တိုတောင်းသလား။ ထိုအတွင်း ဂျပန်ဖက်ဆစ် တော်လှန်ရေး ကြီးကိုပင် ခေါင်းဆောင် အဖြစ်နှင့် ဖြတ်သန်း ခဲ့ရပြီးပြီ။ တမြေ့မြေ့ အောက်မေ့ဖွယ်တွေက များပြား လှပါဘိသည်။ သူစာရေးချင်သည်။ “ လွတ်လပ်ရေးရပြီးလျှင် စာရေးဆရာ အဖြစ်နှင့်ပင် သူနေတော့မည် ” ဟု မိတ်ဆွေများကို အကြိမ်များစွာ ပြောမိလေသည်။

အချိန်တွေက သိပ်မရှိတော့ဟု သူထင်နေသည်။ အဆက်မပြတ် သူ လှုပ်ရှားခဲ့သည်။ သမိုင်းမြစ်နဒီကို အလျားလိုက် စုန်ဆန်တုန်း။
ရပ်ကြည့်သူတွေ၊ မဲ့သူတွေ၊ ၁၉၃၆ ခုနှစ်ကလို မလောက်လေး မလောက်စား သူငယ်လေး လို့ မြင်နေကြဆဲ ၀ါရင့် အလိုတော်ရိကြီးတွေ ကတော့ အထင်သေး၊ အမြင်သေး၊ မာတာစိတ်ဓာတ် အညံ့စားတွေနဲ့ ဆန္ဒစွဲ ရှုမြင်ကြတုန်း။
အခွင့်သာတာနဲ့ သမိုင်းဘီးကို နောက်ပြန်လှည့်ရန်။

သို့သော် ၁၉၃၆ ခုနှစ်၊ ၁၉၃၇ ခုနှစ် မဟုတ်တော့။ ၁၉၄၇ ခုနှစ် ရောက်နေပြီ။ ၁၀ နှစ် အတွင်း လူထုက လုလင်ကို သူတို့ရဲ့ သူရဲကောင်း အဖြစ် မမေ့နိုင်ဘဲ ပွေ့ပိုက်ခဲ့ကြရပြီ။

အို . . . သူတို့ မယုံကြည်နိုင်ကြသေးဘူးလား။
ကိုအောင်ဆန်း၊ သခင်အောင်ဆန်း၊ ဗိုလ်ချုပ်အောင်ဆန်း (သို့မဟုတ်) ကိုလိုနီခေတ်ထဲက မြန်မာ့နိုင်ငံရေး ဂန္ထ၀င်ရဲ့ ပုံရိပ်သစ်။

* * * * * * * *

၁၉၄၇ ခုနှစ်၊ ဇန်န၀ါရီလ။
နယူးဒေလီမြို့ “၀ယ်လင်တန်” လေဆိပ်တွင် ဦးအောင်ဆန်းသည် လောင်းကွတ် ရှည်ကြီးကို ၀တ်ထား ရသည်။ ဆောင်းလေတွေက အရိုးကွဲအောင် တစိမ့်စိမ့် တိုက်ခတ်နေသည်။ နှင်းတွေ တဖွေးဖွေး ကျနေသည်။ သူသည် အင်္ဂလန်သို့ မြန်မာ့ လွတ်လပ်ရေးအတွက် ခရီးထွက်ခဲ့ခြင်း။ လုံးဝ လွတ်လပ်ရေး . . . ။ တိုင်းပြည်ကိုလည်း သူ ကတိပေးခဲ့ပြီ။

အာရှတိုက်ကြီးကို ၀က်ဝံလက်သည်း ဆောင်းရာသီက စူးစူးနစ်နစ် ကုတ်ခြစ်နေသည်။ မြောက်ပြန်လေသည် ကတုန်ကယင်။
ကင်မရာမီးတွေက တဖျတ်ဖျတ်လွင့်နေသည်။ လေဆိပ်တွင် သတင်းစာ ဆရာများ၊ သတင်းထောက်များက မေးခွန်းတွေ အများအပြား မေးကြသည်။ ဦးအောင်ဆန်းကမူ ၁၉၄၇ ခုနှစ်အတွက် ဖြေဆိုရန် စိတ်ထဲမှာ တွေတွေ ဝေေ၀ စဉ်းစားရန် မရှိ။ ရှင်းလင်းပြီးသား ဖြစ်သည်။ တရား ထူထောင်ပြီး ဖြစ်သည်။ သူသည် အနှစ်တရာကျော် ကျွန်ပြု အုပ်စိုးမှုကို အဆုံးသတ်ရန် ရာဇ၀င် အလှည့်အပြောင်းများကို ထိုင်စောင့်နေသူ မဟုတ်ဘဲ ကိုယ်တိုင် ရှာဖွေခဲ့သူ၊ ပြုစုခဲ့သူ၊ ဖန်တီးခဲ့သူ။ တိုက်ပွဲဝင် တော်လှန်ရေးသမား။
အကောင်းဆုံးဖြစ်လိမ့်မယ်လို့ ကျွန်တော် မျှော်လင့်တယ်။ ဒါပေမဲ့ အဆိုးဆုံးကို ရင်ဆိုင်ဖို့လည်း အသင့်ပဲ။
အကျပ်အတည်းများဆီ သူသွားခဲ့တာလား။ အကျပ်အတည်းတွေက သူ့ဆီလာတာလား။

သူက သမိုင်းဖြစ်ပေါ်လှုပ်ရှားမှုဆီ မယိမ်း မယိုင်လာသည်။ သမိုင်းခေတ်က သူ့ကို စူးစူးမက်မက် ပြန်ရှာဖွေ လေသည်။
သူ့အာရုံထဲမှာ တခုတည်းသာရှိသည်။ သူ လုလင်ကျောင်းသားဘ၀ကတည်းက ပဲ့တင်ထပ်အောင် အကြိမ်ကြိမ် အော်ကြီးဟစ်ကျယ် ပြောခဲ့ရသောစကား။ လွတ်လပ်ရေး။ ဒါကဖြင့် မိုးသောက်ရင် သင် ပိုပြီးလှလာလိမ့် မယ်လို့ သူ့တိုင်းပြည်ကို သူလွမ်းဆွတ်ဖွယ် ယုံကြည်မျှော်လင့်ခြင်းပင် ဖြစ်ပေသည်။


မင်းကိုခါး (ကွမ်းခြံကုန်း)

(မှတ်ချက်။ ။ ကွယ်လွန်သူ ပညာရှင်ဆရာသိုက်စိုး၏ သုတေသီ ဆရာသမား ဘ၀ကို လေးစား အားကျ ပညာရှာ ဦးခိုက်သောအားဖြင့် ဤ မြန်မာစကားပြေ ရသ စာတမ်းကို ရေးဖွဲ့ပါကြောင်း။)

စာကိုး
ဦးဘခိုင်(ဖေဘီယန်) - * မြန်မာပြည်နိုင်ငံရေးရာဇ၀င်
ဒဂုန်တာရာ - * ရုပ်ပုံလွှာ
ဒဂုန်တာရာ - * အယ်ဒီတာစားပွဲ၊ စာပေအနုပညာဝေဖန်ရေးနှင့် ပန်းနုရောင်အို
ဒဂုန်တာရာ - * ဒို့ခေတ်ကို ရောက်ရမည်မှာ မလွဲပါ
မောင်ထင် - * ဗမာ့နိုင်ငံရေးသုခမိန်
ဗိုလ်မှူးဘသောင်း - * ဗမာ့တော်လှန်ရေးသမိုင်း
တက္ကသိုလ်နေ၀င်း - * ပြည်ထောင်စုဗိသုကာ
တက္ကသိုလ်နေ၀င်း - * အမှတ်တရ ဗိုလ်ချုပ်အောင်ဆန်း
သုတေသီမြင့်ထွန်း - * အမွိုင်သို့ လျှို့ ဝှက်ခရီး
ဗိုလ်ချုပ်မိန့်ခွန်းများ - *


(အမှတ် ၄။ စက်တင်ဘာ၊ ၂၀၀၇။ ထုတ် စပယ်ဖြူ မဂ္ဂဇင်းတွင် ပါသော ဆောင်းပါးအား ဝိမုတ္တိမှ ကူးယူ ဖေါ်ပြပါသည်။)



0 comments:

အပေါ်သို့