December 22, 2010
နိုင်ငံရေးချီတက်ပွဲ၊ ဆန္ဒပြချီတက်ပွဲ ... စတာတွေဟာ ဒီကနေ့ခေတ်မှာ ကိုယ့်ဆန္ဒကျင့်သုံးဖို့၊ ကိုယ့်အသံ သူများ ကြားစေဖို့ နည်းလမ်းတခု ဖြစ်နေပြီး အပြောင်းအလဲ ဖြစ်ဖို့ ဖိအားလည်း ဖြစ်ပါတယ်။
အင်္ဂလန်နိုင်ငံမှာ ပထမဆုံး အောင်မြင်တဲ့ နိုင်ငံရေးချီတက်ပွဲကို ၁၈၃၄ ခုမှာ လုပ်ခဲ့ပါတယ်။ အဲဒီတုန်းက လုပ်ခ လစာ လျှော့မှု ဆန့်ကျင်ရေးအသင်း တည်ထောင်မှုကြောင့် စိုက်ပျိုးရေး အလုပ်သမား (၆) ယောက်ကို သံခြေကျင်း ခတ်ပြီး သြစတြေးလျ ပို့ခဲ့လို့ ဆန္ဒပြ ချီတက်ကြတာ ဖြစ်ပါတယ်။ အဲဒီအချိန်မှာ သြစတြေးလျ ပို့တာဟာ တကျွန်းပို့တဲ့ အဓိပ္ပာယ်ဖြစ်ပြီး အသက် ရှင်လျက်နဲ့ ဘဝ ဆုံးရတဲ့ ပြစ်ဒဏ် ဖြစ်ပါတယ်။ ဒါကြောင့် သောင်းနဲ့ချီ တဲ့ အလုပ်သမားတွေက ပါလီမန်ကို ချီတက် ဆန္ဒပြပြီး ဒီအာဇာနည် (၆) ယောက် ဗြိတိန်နိုင်ငံ ပြန်လာခွင့်ပေးဖို့ ပန်ကြားလွှာကို လူ (၈) သိန်း လက်မှတ်ထိုး တင်သွင်းခဲ့ပါတယ်။ ပါလီမန်က အလျှော့ ပေးလိုက်ပြီး လူ (၆) ယောက်ကို အိမ်ပြန်လာခွင့် ပေးခဲ့ရပါတယ်။
အဲဒီကစလို့ နောက်နှစ် (၁၅၀) အတွင်း ကမ္ဘာပေါ်မှာ နိုင်ငံရေး အပြောင်းအလဲ ဖြစ်ဖို့ ကြိုးပမ်းသူတွေ၊ မတရားမှု ပြေပျောက် စေချင်သူတွေ အတွက် နိုင်ငံရေး ချီတက်ပွဲဟာ အရေးပါတဲ့ လက်နက် ကရိယာ တခု ဖြစ်လာ ခဲ့ပါတယ်။
ချီတက်ပွဲတိုင်း အလုပ်ဖြစ်တာတော့ မဟုတ်ပါဘူး။ ၁၈၈၆ က အမေရိကန်ပြည် ရှီကာဂိုမြို့ ဟေးမားကက် ရင်ပြင်မှာ အလုပ်သမားတွေ အကြမ်းဖက် ခံရပြီး ကျဆုံးခဲ့ကြလို့ နောင်မှာ မေဒေးနေ့ (ကမ္ဘာ့ အလုပ်သမားနေ့) အဖြစ် သတ်မှတ် ခဲ့ရပါတယ်။ ၁၉၀၅ ခု ရုရှားနိုင်ငံ၊ စိန့်ပီတာစဘတ်မြို့က ဇာဘုရင်ရဲ့ ဆောင်းရာသီ နန်းတော်ကို ချီတက် ဆန္ဒပြတာလည်း အကြမ်းဖက် သွေးချောင်းစီး အသတ်ခံရမှုနဲ့ အဆုံး သတ်ခဲ့ပါတယ်။ ဗမာပြည်မှာလည်း ၂၀၀၇ စက်တင်ဘာလ သံဃာတော်တွေရဲ့ ချီတက်ပွဲဟာ အကြမ်းဖက် ခံရပြီး ပြိုကွဲ ခဲ့ပါတယ်။
ဒါပေမယ့် စုဝေးချီတက်ပွဲတွေကနေ ထူးခြားတဲ့ အပြောင်းအလဲကို ဦးတည် သွားစေတဲ့ ဖိအား မကြာခဏ ပေါ်ထွက် စေခဲ့ပါတယ်။ အောင်မြင်တဲ့ ချီတက်ပွဲတွေကို လေ့လာတဲ့အခါ တူညီချက်တွေကို တွေ့ရပါတယ်။ အဲဒါတွေ ကတော့ အင်မတန် ရှင်းလင်း တိကျတဲ့ ရည်မှန်းချက် သီးသန့်ရှိတာ၊ အပျက်ဘက် တောင်းဆိုမှုထက် အ ပြုဘက် တောင်းဆိုမှု (ဥပမာ - လွတ်လပ်ရေး၊ လူ့အခွင့်အရေး၊ ထိုက်တန်တဲ့ လုပ်ခရရေး) အပေါ် အလေးထား တာတို့ ဖြစ်ပါတယ်။ (ရေကာတာစီမံကိန်း ဖျက်သိမ်းရေးထက် ပတ်ဝန်းကျင် ထိန်းသိမ်းရေးက ပိုထိရောက်တာ) အရေးကြီးဆုံးကတော့ ဆန္ဒပြရတဲ့ အကြောင်းတရားဟာ ဆန္ဒပြ ချီတက် သူတွေ အနေနဲ့ ထောင်ကျ ခံရဲလောက် တဲ့ အကြောင်းတရား ဖြစ်ရပါမယ်။
နောက်လိုအပ်ချက်ကတော့ အသေးစိတ်ကျတဲ့ နည်းပရိယာယ် အစီအစဉ် ဆွဲထားရေး ဖြစ်ပါတယ်။ ဒီနေရာမှာ စံပြုစရာက ၁၉၃၀ ခု အိန္ဒိယနိုင်ငံက ဆားချီတက်ပွဲ ဖြစ်ပါတယ်။ ဒီချီတက်ပွဲဟာ အိန္ဒိယ နိုင်ငံထွက် ဆားကို မတန်တဆ အခွန် ကောက်တာကို ကန့်ကွက်ဖို့ မဟတ္တမဂန္ဒီ ဦးစီးပြီး ချီတက် ဆန္ဒပြတာ ဖြစ်ပါတယ်။ ဆားခွန်ကြောင့် အင်္ဂလန်က ဆားကို ဝယ်စားရတာ ဈေးသက်သာ စေခဲ့ပါတယ်။ တနည်းအားဖြင့် ကိုလိုနီ အရှင်သခင် ဗြိတိန်က ကျွန်နိုင်ငံ အိန္ဒိယကို နှောင်ကြိုး တည်းထားတာ ဖြစ်ပါတယ်။
ဒီဆားခွန်ကို ဘယ်လို ကန့်ကွက်ရမယ် ဆိုတာကို ဂန္ဒီက လပေါင်းများစွာ စဉ်းစား စီစဉ်ခဲ့ပါတယ်။ သူဟာ သူ့သီးသန့် ဂေဟာရှိရာ အာမက်ဒဘတ်ဒ် ကနေ ဒင်ဒီ ပင်လယ်ကမ်းခြေကို ချီတက်ပြီး ပင်လယ် ကမ်းစပ်မှာ ဆားချက်ဖို့ ဆုံးဖြတ်ခဲ့ပါတယ်။ တရက်ကို (၁၀) မိုင်နှုန်းနဲ့ (၂၄) ရက် လမ်းလျှောက်ဖို့ စီစဉ်ပြီး လမ်းကြောင်းကို ဟိန္ဒူရွာ တွေရော မူဆလင် ရွာတွေကိုပါ ဖြတ်သွားမယ့်လမ်း ရွေးခဲ့ပါတယ်။ ဒီနည်းနဲ့ အိန္ဒိယနိုင်ငံရဲ့ ညီညွတ်ရေးကို တည်ဆောက် ပြသနိုင်မှာ ဖြစ်သလို နိုင်ငံတကာ မီဒီယာတွေရဲ့ စိတ်ဝင်စားမှု ကိုလည်း ဆွဲယူ အရှိန်မြှင့် သွားနိုင်ဖို့ ဖြစ်ပါတယ်။
ဒါပေမယ့် ဂန္ဒီဟာ ချီတက်ပွဲမှာ လူတိုင်းပါခွင့် ဖွင့်မပေးပါဘူး။ ဗြိတိသျှ အာဏာပိုင်တွေဟာ ချီတက်ပွဲ ရပ်သွားအောင် အကြမ်းဖက် နိုင်တယ်လို့ ဂန္ဒီက မျှော်လင့် တွက်ဆ ထားပြီး အမာခံ (၇၀) ကျော်ကိုပဲ အကြမ်း မဖက်ရေး အခြေခံမူ အကြောင်း သင်တန်းပေးပြီး သူနဲ့အတူ လိုက်ပါ ချီတက်ခွင့် ပေးခဲ့ပါတယ်။ လမ်းခရီး တလျှောက် သိန်းနဲ့ချီတဲ့ လူထုတွေက ထွက်ကြိုဆို အားပေးကြပေမယ့် ခရီးစဉ် အစအဆုံး ကိုတော့ ဒီလူ လက်တဆုပ်စာပဲ ချီ တက်ခဲ့တာ ဖြစ်ပါတယ်။ ဘာအကြမ်းဖက်မှုမှ မကြုံခဲ့ပေမယ့် ချီတက်ပွဲရဲ့ သီးသန့် ရည်မှန်းချက် ဖြစ်တဲ့ ဆားခွန် ဖျက်သိမ်းရေးလည်း မဖြစ်မြောက်ခဲ့ပါဘူး။
ဒါပေမယ့် ဆားခွန်ထက် ပိုအရေးပါတဲ့ဟာ ဖြစ်မြောက်ခဲ့ပါတယ်။ အဲဒါကတော့ ခိုင်မာ ညီညွတ်တဲ့ လွတ်လပ်ရေး လှုပ်ရှားမှုကို အုတ်မြစ် ချပေးလိုက်တာ ဖြစ်ပြီး ဗြိတိသျှ အင်ပါယာ သရဖူကြီး ထဲက အတောက်ပဆုံးနဲ့ အကြီးဆုံး ရတနာဖြစ်တဲ့ အိန္ဒိယ နိုင်ငံကြီးဟာ ကိုယ့်ဖာသာကိုယ် ရပ်တည်နိုင် အုပ်ချုပ် စီမံနိုင်တဲ့ နိုင်ငံဖြစ်တယ် ဆိုတာ ဗြိတိသျှတွေ စမြင် သွားစေခဲ့ပါတယ်။
နောက်ထပ် (၂၅) နှစ်အကြာမှာတော့ အမေရိကန် နိုင်ငံ တောင်ပိုင်းသား ကပ္ပလီလူငယ် ဓမ္မဆရာ တယောက် ဟာ ဂန္ဒီ့ နည်းနာတွေကို လေ့လာပြီး “ပြည်သူ့အခွင့်အရေး” တွေရဖို့ အဓိက နည်းဗျူဟာ အဖြစ် ချီတက် ဆန္ဒပြပွဲ နည်းကို အသုံးချခဲ့ပါတယ်။ အဲဒီအချိန်တုန်းက အမေရိကန် တောင်ပိုင်းမှာ လူမျိုး ခွဲခြားရေးကြောင့် အခွင့်အရေး မဲ့နေခဲ့တာ နှစ် (၈၀) ကျော် ကြာခဲ့ပြီဖြစ်လို့ ၁၉၆၃ နွေရာသီမှာ မာတင် လူသာကင်းနဲ့ တခြားသော ပြည်သူ့ အခွင့်အရေး လှုပ်ရှားမှု ခေါင်းဆောင်တွေဟာ ဝါရှင်တန်သို့ ချီတက်ပွဲကြီး ဆင်နွှဲပြီး တောင်ပိုင်းသား လူမည်းတွေ ရဲ့ အခြေခံ ဥပဒေပါ အခွင့်အရေးတွေ အာမခံမယ့် ဥပဒေ ပြုပေးဖို့ သမ္မတ ဂျွန်ကင်နေဒီကို ဖိအား ပေးနိုင်ခဲ့ပါတယ်။
ကနေဒီအစိုးရက အကြမ်းဖက်မှုတွေဖြစ်လာမှာကို စိုးရိမ်ခဲ့ပေမယ့် ချီတက်ပွဲဟာ ဘာပြဿနာမှ မရှိဘဲ အောင်မြင် ခဲ့ပါတယ်။ မာတင် လူသာကင်းရဲ့ နာမည်ကျော် “ကျနော် အိပ်မက်တခု မက်ခဲ့တယ်” မိန့်ခွန်းနဲ့ တွဲသွားလို့ ဒီချီတက်ပွဲကြီးဟာ အမေရိကန် သမိုင်းမှာ ရာဇဝင် တွင်သွားခဲ့ပါတယ်။
အဲဒီကစလို့ အမေရိကန်နိုင်ငံမှာ ၁၉၆၀ ခုနှစ်များအတွင်း ချီတက်ပွဲတွေကို နိုင်ငံရေး ဆန္ဒပြမှုနဲ့ တောက်လျှောက် တွဲမိ စေခဲ့ပါတယ်။ မကြာခင် မာတင် လူသာကင်းဟာ အယ်လာ ဘားမား ပြည်နယ်ထဲမှာ ဆယ်လ်မာ ကနေ ပြည်နယ်မြို့တော် မောင်ဂိုမာရီကို ချီတက် ခဲ့ပါတယ်။ ဒေသခံ အာဏာပိုင်တွေက ချီတက်သူတွေ အပေါ် အကြမ်းဖက်လို့ နိုင်ငံတကာမှာ ပွက်လော ရိုက်ခဲ့ပြီး ဝါရှင်တန်မြို့တော် လွှတ်တော်ထဲမှာ ပြည်သူ့ အခွင့်အရေး ဥပဒေ အမြန် အတည်ပြုဖို့ တွန်းအား ဖြစ်သွားခဲ့ပါတယ်။
၁၉၆၀ နဲ့ ၇၀ ခုနှစ်များအတွင်း ဗီယက်နမ်စစ် ဆန့်ကျင်ရေး ချီတက်ပွဲတွေလည်း တောက်လျှောက် ဖြစ်ခဲ့ပါတယ်။ တခါတရံ အကြမ်းဖက်မှုတွေ ရှိခဲ့ပါတယ်။ ၁၉၆၈ ခု ရှီကာဂိုမြို့ ဒီမိုကရက်တစ် ပါတီ ညီလာခံကို ကန့်ကွက် ချီတက်ရာက အကြမ်းဖက်တာ၊ အိုဟိုင်းယိုး ပြည်နယ်က ကင့်ပြည်နယ် တက္ကသိုလ်မှာ ၁၉၇၀ တုန်းက အမေရိကန် ကျောင်းသားတွေကို စစ်တပ်က ပစ်သတ်တာတို့ ဖြစ်ပါတယ်။ ချီတက်ပွဲ အများစု ကတော့ လူ သိန်းနဲ့ချီပါ ဝင်ပြီး အမှုအခင်း မဖြစ်ဘဲ ပြီးမြောက် ခဲ့ကြပါတယ်။ ဒီချီတက်ပွဲတွေရဲ့ အဓိက ရည်ရွယ်ချက်ကတော့ အမေရိ ကန်နိုင်ငံရေး သမားတွေကို ဗီယက်နမ် စစ်ရဲ့ အကြီးအကျယ် လူကြိုက်နည်းမှု အကြောင်း သတိပေးဖို့ပဲ ဖြစ်ခဲ့ပါ တယ်။
၁၉၆၀ ခုနှစ်များအတွင်း ကမ္ဘာအနှံ့မှာ နိုင်ငံရေးချီတက်ပွဲတွေ အများကြီး ဖြစ်ခဲ့ပါတယ်။ ၁၉၆၈ ခု မေလမှာ ပြင်သစ် ကျောင်းသားတွေ ပါရီမြို့တွင်း ချီတက်တာကို ဒီဂေါ အစိုးရက မတန်တဆ အင်အားသုံး အကြမ်းဖက် ခဲ့ပါတယ်။ ဒါကြောင့် ပြင်သစ် တပြည်လုံးက ဒီဂေါကို ဆန့်ကျင်လာပြီး အစိုးရ ပြုတ်ကျ ခဲ့ရပါတယ်။
အခုတလော သတင်းတွေထဲမှာ ဗြိတိန်နိုင်ငံ လန်ဒန်မြို့က တက္ကသိုလ် ကျောင်းသားတွေ ကျောင်းလခ တိုးတာကို ကန့်ကွက် ဆန္ဒပြပြီး ချီတက်နေတဲ့ သတင်းတွေ တောက်လျှောက် ပါနေပါတယ်။ လန်ဒန် တက္ကသိုလ်၊ လန်ဒန် စီးပွားရေး တက္ကသိုလ်ကျောင်း၊ ဘုရင့်ကောလိပ် ... စသဖြင့် တက္ကသိုလ် ပေါင်းစုံက ကျောင်းသား တွေဟာ “ကွန်ဆာဗေးတစ်ပါတီ ချီးထုပ်တွေ၊ ငါတို့လာပြီဟေ့” လို့ ရေးထားတဲ့ ဆိုင်းဘုတ်တွေ ကိုင်ပြီး ချီတက် ကြပါတယ်။
ချီတက်ဆန္ဒပြပွဲကြောင့် ကားအသွားအလာတွေ ပြတ်တောက်ရပ်ဆိုင်းတာ ဖြစ်ကုန်ပါတယ်။ ဒါပေမယ့် ကျန် တဲ့ ပတ်ဝန်းကျင် လောကကြီးကတော့ အသွားအလာ အလုပ်အကိုင် မပျက်ပါဘူး။ ကျောင်းသားတွေနဲ့ ရွယ်တူ လောက်ရှိမယ့် လူငယ် တယောက်ကတော့ ဈေးကြီးတဲ့ အားကစားရုံ တခုအတွက် အဖွဲ့ဝင်ဖို့ ကြော်ငြာ စာရွက်တွေ ဝေနေပါတယ်။ အသားညှပ် ပေါင်မုန့် ဆိုင်မှာလည်း နေ့လယ်နေ့ခင်း ခါတိုင်းလိုပဲ တန်းစီ နေကြပါတယ်။
ညနေစောင်းမှာတော့ ချီတက်ဆန္ဒပြသူတွေကို အစိုးရရုံးတွေရှိရာ ဝှိုက်ဟော လမ်းပေါ်မှာ ရဲတွေက ပိတ်ဝိုင်း ထားလိုက်ပါတယ်။ ကွန်ဆာဗေးတစ် ညွန့်ပေါင်း အစိုးရရဲ့ ကျောင်းလခ နှစ်ဆတိုးရေး ပေါ်လစီကတော့ အရာမယွင်း ရှိနေဆဲ ဖြစ်ပါတယ်။ ကျောင်းလခ တိုးတာကို ကန့်ကွက် ဆန္ဒပြတာ နှစ်လအတွင်း အကြိမ်ကြိမ် ဆန္ဒပြခဲ့ ကြပေမယ့် ဘာမှ မထိရောက်ခဲ့ပါဘူး။ ဗြိတိန် အိမ်ရှေ့မင်းသားရဲ့ ကားကို မီးရှို့တာ အပါအဝင် အကြမ်းဖက်မှု တွေလည်း အနည်းအကျဉ်း ရှိခဲ့ပါတယ်။
ဒီကနေ့ အနောက်နိုင်ငံတွေမှာ ဆန္ဒပြချီတက်ပွဲဆိုတာ ခေတ်ဟောင်းက အလုပ် ဖြစ်သွားပုံ ရပါတယ်။ သီးသန့် အပြောင်းအလဲ တခု ဖြစ်စေမယ့် နည်းနာ မဟုတ်တော့ပါဘူး။ စစ်မှန်တဲ့ ဒီမိုကရေစီ နိုင်ငံမှာ အပြောင်းအလဲ ဖြစ်ရေး အတွက် မဲပုံးနဲ့ မီဒီယာက အဓိက နည်းနာတွေ ဖြစ်သွားပါပြီ။ ဒါကြောင့် အပြောင်းအလဲ ဖြစ်စေချင်လို့ လမ်းပေါ် ထွက်အော် သူတွေဟာ ဒီထက်ပို စွန့်စားဖို့ စိတ်မပါကြပါ။
လွတ်လပ်တဲ့ နိုင်ငံတွေမှာ စီတန်းလမ်းလျှောက်ခြင်းဆိုတာ အခွင့်အရေး တခု ဖြစ်ပါတယ်။ နိုင်ငံရေး ခေါင်းဆောင် တွေက လိုက်လျောခွင့် ပြုထားပြီး မစိုးရိမ်ကြပါဘူး။ ၂၀၀၃ ဖေဖော်ဝါရီလမှာ အီရတ် စစ်ပွဲ ဆန့်ကျင်ရေး အတွက် လူတသန်းခွဲ လန်ဒန်မြို့ထဲ ချီတက် ဆန္ဒပြခဲ့တာ ဘာမှ အပြောင်းအလဲ ဖြစ်မသွား ခဲ့ပါဘူး။ အမေရိကန် ပြည်ထောင်စုမှာလည်း မာတင် လူသာကင်းရဲ့ ဝါရှင်တန် ချီတက်ပွဲ ပုံစံမျိုး လူတသန်း ချီတက်ပွဲ (၁၉၉၅)၊ အမျိုး သမီးတသန်း ချီတက်ပွဲ (၁၉၉၇) တွေ လုပ်ခဲ့ ကြပါတယ်။ ဒါပေမယ့် ချီတက် ဆန္ဒပြ သူတွေဟာ တီဗွီသတင်းမှာ ပါဖို့ထက် ပိုပြီး စိတ်မထက်သန် ကြပါဘူး။
ဆန္ဒပြချီတက်ပွဲကို အသုံးဝင်တဲ့ နိုင်ငံရေးနည်းနာတခု ပြန်ဖြစ်စေဖို့ဆိုရင် လမ်းလျှောက်တာထက် ပိုပြီး စွန့်စားဖို့ လိုပါလိမ့်မယ်။ စီတန်း လမ်းလျှောက်မှုရဲ့ နောက်တဆင့်က အာဏာ ဖီဆန်ရေး ဖြစ်ရပါလိမ့်မယ်။ ဗမာပြည် လို အာဏာရှင် တိုင်းပြည်တွေမှာတော့ စီတန်း လမ်းလျှောက်မှု ကိုယ်တိုင်က အာဏာ ဖီဆန်တာ ဖြစ်နေပြီဆို တာ သတိ ပြုရပါမယ်။ ဒါကြောင့် အာဏာဖီဆန်ရေးရဲ့ အကျိုးဆက် အဖြစ် ထောင်နန်း စံရေး အလားအလာကို ထည့်သွင်း စဉ်းစားထားမှ နိုင်ငံရေး အပြောင်းအလဲ အတွက် ချီတက် ဆန္ဒပြပွဲရဲ့ ဖိအား ရလာမှာ ဖြစ်ပါတယ်။ ။
ဂါမဏိ
ရည်ညွှန်း ။ ။ မိုက်ကယ်ဂိုးလ်ဖာ့ဘ်၏ ၂၀၁၀ နိုဝင်ဘာ (၂၇) ရက် BBC ဆောင်းပါး
Ref: နေ့သစ်
0 comments:
Post a Comment