Monday, March 9, 2009

စီးပွားရေးပြဿနာများသည် ဒဏ်ခတ်ပိတ်ဆို့မှုကြောင့် မဟုတ် - မိုးဇော်ဦး

Friday, 06 March 2009

မြန်မာနိုင်ငံတွင် နာတာရှည် ရောဂါသဖွယ် ဖြစ်နေရသည့် ဆင်းရဲမွဲတေမှုအကြောင်းအတွက် စီးပွားရေး ဒဏ်ခတ်ပိတ်ဆို့မှု အပေါ်ချည်း ပုံချပြစ်တင်မည်ဆိုလျှင်၊ အမျိုးသားဒီမိုကရေစီအဖွဲ့ချုပ် NLD က မူဝါဒဆိုင်ရာ အမှားများကို ၀န်ချတာဝန်ခံရန် တောင်းဆိုနေရုံမျှဖြင့် မလုံလောက်ပါ။

မိမိတို့အနေနှင့် စစ်အစိုးရ၏ အားနည်းချက်များကို အခွင့်ကောင်းယူနိုင်ရန် သေချာဖော်ထုတ် သတ်မှတ်ပြီး အလုပ်ဖြစ်နိုင်သော မဟာဗျူဟာတရပ် ချမှတ်ရန် လိုအပ်နေပါသည်။ တဦးအပေါ် တဦး အပြစ်တင်၊ လက်ညှိုးထိုးနေရုံ ဖြင့် မပြီးပါ။

အထီးကျန် နေထိုင်ရေးဆိုသည်မှာ ၁၉၆၂ ခုနှစ်၊ အရပ်သားအစိုးရထံမှ စစ်တပ်က အာဏာကို လုယက်ခဲ့ချိန်မှစ၍ စဉ် ဆက်မပြတ် ကျင့်သုံးလာခဲ့သော စစ်အစိုးရများ၏ လက်ကိုင်မူဝါဒသာ ဖြစ်ပါသည်။ လက်ရှိ နိုင်ငံတော် အေးချမ်းသာယာ ရေးနှင့် ဖွံ့ဖြိုးရေးကောင်စီ (နအဖ) စစ်အစိုးရကလည်း ခေါင်းမာမှုကို အထင်အရှား ပြသခဲ့ပြီဖြစ်ပြီး၊ ဒဏ်ခတ်ပိတ်ဆို့ အရေးယူသည်ဖြစ်စေ- အပြုသဘော ချည်းကပ်ဆက်ဆံသည်ဖြစ်စေ ၎င်းတို့၏မူဝါဒများကို အလျော့ပေး ပြင်ဆင်ရန် မစဉ်း စားခဲ့ကြပါ။ ဤသို့ နှစ်မျိုးသော မူဝါဒများကို ချမှတ်ကျင့်သုံးခဲ့ကြသူများက သူတို့၏မူဝါဒများ အလုပ်မဖြစ်ခဲ့ကြောင်း ကောင်းကောင်း သိနေကြပါသည်။

အဓိကပြဿနာ မေးခွန်းမှာ စစ်အစိုးရအနေနှင့် ငြိမ်းချမ်းစွာ လက်ရှိ မြန်မာနိုင်ငံကြုံတွေ့နေရသည့် ပြဿနာများကို ငြိမ်း ချမ်းစွာ ဖြေရှင်းလာစေရန် မည်သည့်အကြောင်းအချက်က သူတို့အပေါ် သြဇာလွှမ်းနိုင်ပါမည်နည်းဟူသော မေးခွန်းပင် ဖြစ်သည်။

အကယ်၍ ဒဏ်ခတ်ပိတ်ဆို့ အရေးယူမှုဆိုလျှင်လည်း ပစ်မှတ်ထား သတ်သတ်မှတ်မှတ် ဆောင်ရွက်သည့်နည်း ကို ကျင့်သုံးမည်လော၊ လုံးဝဥသုံ ပိတ်ဆို့ဒဏ်ခတ်မည်လော.. စသည်ဖြင့် ပိုမိုထိရောက်မည့် မူဝါဒမျိုး ဆိုလျှင် ၀မ်းမြောက်ဝမ်းသား အားပေးရမည်ပင် ဖြစ်သည်။ အလားတူ ပင် စစ်အစိုးရအမှန်တကယ် သဘောထား ပြောင်းလဲလာစေရန် အပြုသဘောချည်းကပ် တိုက်တွန်းနိုင်မည် ဆိုလျှင်လည့်း ချီးကျူးအားပေးရမည် ဖြစ်ပါသည်။

၂၀၀၇ ခုနှစ်၊ အောက်တိုဘာလ ၄ ရက်နေ့တွင် သံဃာတော်များ၏ ငြိမ်းချမ်းသော ဆန္ဒပြပွဲများကို ရက်ရက်စက်စက် အကြမ်းဖက်ဖြိုခွဲခဲ့ပြီးနောက် နိုင်ငံတကာဖိအားများ အလွန်အမင်း ကြုံတွေ့နေရသောအချိန်တွင် (နအဖ) စစ်အစိုးရက ကြေညာချက်အမှတ် (၁/ ၂၀၀၇) ကို ထုတ်ပြန်လာခဲ့သည်။ ဤထုတ်ပြန်ကြေညာချက်တွင် အမျိုးသားဒီမိုကရေစီအဖွဲ့ချုပ် အထွေထွေ အတွင်းရေးမှူးဖြစ်သူ ဒေါ်အောင်ဆန်းစုကြည် အနေနှင့် "ထိပ်တိုက်ရက်ဆိုင်ရေး၊ အလုံးစုံ ပျက်သုဉ်းရေး၊ စီးပွားရေး ဒဏ်ခတ်ပိတ်ဆို့မှု အပါအ၀င် ပိတ်ဆို့ ဒဏ်ခတ်မှုမျိုးစုံကို တောင်းဆိုနေခြင်း" များကို ရုတ်သိမ်းရန် တောင်းဆို ထားခဲ့သည်။ သို့မှသာလျှင် စစ်အစိုးရခေါင်းဆောင် ဗိုလ်ချုပ်မှူးကြီးသန်းရွှေနှင့် တွေ့ဆုံဆွေးနွေးနိုင်မည်ဟု ကြိုတင်သတ် မှတ်ချက်အဖြစ် ဖော်ပြထားခဲ့သည်။

"ထိပ်တိုက်ရင်ဆိုင်ရေး" ဆိုသည်မှာ မြန်မာ့နိုင်ငံရေးနယ်ပယ် အတွင်းသို့ ၁၉၈၉ ခုနှစ် ကာလများကမှ စတင်ဝင်ရောက်လာ ခဲ့သည့် ဝေါဟာရဖြစ်ပြီး၊ ဒေါ်အောင်ဆန်းစုကြည်၏ မြန်မာနိုင်ငံတလွှား စည်းရုံးရေးခရီးစဉ်များတွင် NLD ပါတီနှင့် ဒေါ် အောင်ဆန်းစုကြည်က စစ်တပ်ကို ထိပ်တိုက်ရင်ဆိုင်ရေးလုပ်သည်ဟု စစ်အစိုးရက စတင်စွပ်စွဲရာမှ ပေါ်ပေါက်လာခြင်း ဖြစ်သည်။ မည်သည့်လှုပ်ရှားမှုမဆို ၎င်းတို့၏ အာဏာကို ခြိမ်းခြောက်လာပါက ထိပ်တိုက်ရင်ဆိုင်ရေးပြုသည်ဟု စစ်အစိုးရ က စွပ်စွဲခဲ့သည်ချည်းသာ ဖြစ်သည်။

"အလုံးစုံ ပျက်သုဉ်းရေး" ဟူသည့် ဝေါဟာရမှာမှာ ဒေါ်အောင်ဆန်းစုကြည်က သူ အိမ်အချုပ်မှ လွတ်မြောက်လာပြီးနောက် ၁၉၉၅ ခုနှစ်၊ ဇူလိုင်လ ၁၁ ရက်နေ့ သတင်းစာရှင်းလင်းပွဲတွင် ဖော်ပြပြောကြားခဲ့ခြင်း ဖြစ်သည်။ "ကျမတို့အနေနဲ့ တွေ့ဆုံ ဆွေးနွေးမလား၊ အလုံးစုံ ပျက်သုဉ်းရေးလမ်းကို ရွေးမလား၊ စဉ်းစားရလိမ့်မယ်" ဟု ထိုအချိန်က ပြောကြားခဲ့သည်။

စစ်အစိုးရက စီးပွားရေး ပိတ်ဆို့မှု အပါအ၀င်၊ ဒဏ်ခတ်အရေးယူမှုအားလုံးကို ပယ်ဖျက်သိမ်းရန် စစ်အစိုးရက တောင်းဆို နေမှုတွင် အကြောင်းကိစ္စများစွာ ရှိပါသည်။ သို့သော်လည်း ဒဏ်ခတ်ပိတ်ဆို့မှု လုပ်သင့်၊ မလုပ်သင့်ဆိုသည့် ဆွေးနွေးမှုများတွင် မြန်မာ့ နိုင်ငံရေး ပြုပြင်ပြောင်းလဲမှုများ ဖြစ်ပေါ်လာစေရေး အကျိုးသက်ရောက်မှု မည်မျှ ရှိသည်-မရှိသည်၊ မြန်မာစစ် အစိုးရအပေါ် အခြား ဖိအားပေး နည်းလမ်းများ ရှိ-မရှိ စသည့် ဆွေးနွေးမှု သိပ်မတွေ့ပါ။

၎င်းအစား စီးပွားရေးပိတ်ဆို့မှုကြောင့် မြန်မာ ပြည်သူများ မည်မျှအကျိုးယုတ်နစ်နာနေရသည်ကို ပြောဆို ဆွေးနွေးနေကြပါသည်။ မြန်မာနိုင်ငံ၏ စီးပွားရေးပြဿနာ အတွက် စီးပွားရေးဒဏ်ခတ်ပိတ်ဆို့မှုကို ခုတုံးလုပ်၍ ပြောမနေသင့်ပါ။ ပြဿနာမှာ မြန်မာစစ်အစိုးရ သာ ဖြစ်ပါသည်။ စီးပွားရေးဒဏ်ခတ် ပိတ်ဆို့မှုကြောင့် မဟုတ်ပါ။

နှစ်ပေါင်းများစွာ နိုင်ငံတကာမှ အစိုးရ၀န်ကြီးများ၊ သံတမာန်များက မြန်မာနိုင်ငံအရေးနှင့် ပတ်သက်၍ မူဝါဒစဉ်းစားဆွေး နွေးခဲ့ကြပြီး၊ စစ်အစိုးရက နိုင်ငံတကာ အကြံပေးမှုဖြစ်စေ၊ ပြည်သူများ၏ သဘောထားဖြစ်စေ ပစ်ပယ်ခဲ့သည်ချည်းသာ ဖြစ် သည်။

၂၀၀၉ ခုနှစ်၊ ဖေဖေါ်ဝါရီလ ၁၈ ရက်နေ့၊ အင်ဒိုနီးရှားနိုင်ငံတွင် ကျင်းပသည့် သတင်းစာရှင်းလင်းပွဲတွင် အမေရိကန် ပြည်ထောင်စု နိုင်ငံခြားရေးဝန်ကြီး မစ္စ ဟေလာရီ ကလင်တန်က မြန်မာနိုင်ငံတွင် အပြုသဘော ပြောင်းလဲတိုးတက်မှုများ ဖြစ်ပေါ်လာစေရန် ၎င်းတို့အစိုးရအနေနှင့် " ဖြစ်နိုင်ခြေရှိသော အကြံဉာဏ်" များကို ရှာဖွေနေကြောင်း ပြောဆိုခဲ့သည်။ "အရင်ကျင့်သုံးခဲ့တဲ့ စီးပွားရေး ဒဏ်ခတ်ပိတ်ဆို့တဲ့နည်းက မြန်မာစစ်အစိုးရအပေါ် သြဇာမသက်ရောက်နိုင်ခဲ့သလို၊ စစ် အစိုးရကို အပြုသဘော ဆက်ဆံခဲ့ကြတဲ့သူတွေကလည်း အလုပ်မဖြစ်ကြပါဘူး" ဟု သူက ပြောကြားခဲ့သည်။

၂၀၀၃ ခုနှစ်က ပြောကြားခဲ့သည့် တွေ့ဆုံမေးမြန်းခန်းတခုတွင် မလေးရှားဝန်ကြီးချုပ်ဟောင်း မဟာသီယာ မိုဟာမက်က အကယ်၍ စစ်အစိုးရက နိုင်ငံတကာက တောင်းဆိုနေသည့်အတိုင်း ဒေါ်အောင်ဆန်းစုကြည်ကို ပြန်လွှတ်ပေးရန် ဆက် လက်ငြင်းဆန်နေမည်ဆိုပါက အာဆီယံအဖွဲ့မှပင် ထုတ်ပယ်ခံရဖွယ် ရှိလိမ့်မည်ဟု သတိပေးပြောကြားခဲ့ဖူးသည်။

မလေး ရှားဝန်ကြီးချုပ်ဟောင်းက စစ်အစိုးရအုပ်ချုပ်နေသည့် မြန်မာနိုင်ငံကို ဒေသဆိုင်ရာအဖွဲ့အစည်းဖြစ်သည့် အရှေ့တောင်အာရှ နိုင်ငံများအသင်း (အာဆီယံ) အတွင်းသို့ ၁၉၉၇ ခုနှစ်တွင် အဓိကသိမ်းသွင်း စည်းရုံးခဲ့သူလည်း ဖြစ်သည်။ "မြန်မာနိုင်ငံက အာဆီယံအဖွဲ့ထဲ ၀င်ခွင့်ရဖို့ ကျနော်က ပြင်းပြင်းထန်ထန် တိုက်ခိုက်လုံးပမ်းခဲ့ရတယ်။ မြန်မာ ခေါင်းဆောင်တွေက ဒေသတွင်း ခေါင်းဆောင်တွေပြောတဲ့အသံကို နားထောင်သင့်တယ်" ဟု သူက ဆိုခဲ့သည်။

မကြာသေးမီက ကုလသမဂ္ဂ အထူးသံ မစ္စတာ အီဗရာဟင် ဂမ်ဘာရီက မြန်မာနိုင်ငံသို့ သွားရောက်ခဲ့ရာတွင်လည်း (နအဖ) စစ်အစိုးရ ၀န်ကြီးချုပ် ဗိုလ်ချုပ်သိန်းစိန်က "မြန်မာနိုင်ငံကို ချမ်းသာကြွယ်ဝတဲ့၊ နိုင်ငံရေးအရ တည်ငြိမ်တဲ့ နိုင်ငံတခုအဖြစ် ကုလသမဂ္ဂက မြင်လိုတယ်ဆိုရင်တော့ မြန်မာနိုင်ငံအပေါ် ချမှတ်ထားတဲ့ ဒဏ်ခတ်ပိတ်ဆို့မှုတွေ ပြန်ရုပ်သိမ်းပေးအောင် ကုလသမဂ္ဂက ကြိုးပမ်းသင့်တယ်" ဟု ပြောကြားခဲ့သေးသည်။

စီးပွားရေး ဒဏ်ခတ်ပိတ်ဆို့မှုများကို ရုပ်သိမ်းခြင်းအားဖြင့် မြန်မာနိုင်ငံ၏ အနာဂတ်တွင် ချမ်းသာကြွယ်ဝလာမည်၊ နိုင်ငံရေး တည်ငြိမ်မှု ရှိလာမည်ဟု ဗိုလ်ချုပ်သိန်းစိန်က ယူဆပုံ ရှိပါသည်။ သို့ရာတွင် ကုလအထူးသံက လုံခြုံရေးကောင်စီသို့ မြန်မာနိုင်ငံ ခရီးစဉ်နှင့် ပတ်သက်၍ ပြန်လည်တင်ပြခဲ့ရာတွင် မြန်မာနိုင်ငံ ဒီမိုကရေစီရေးအတွက် ၎င်း၏ကြိုးပမ်းဆောင်ရွက်ချက်များ "သိသာထင်ရှားသည့် မည်သည့်ရလဒ်မျှ" မရရှိခဲ့ကြောင်း ၀န်ခံပြောကြားခဲ့သည်။

စင်္ကာပူနိုင်ငံ စတင်တည်ထောင်သူ လီကွမ်ယုကလည်း ကယ်လီဖိုးနီးယားတက္ကသိုလ်၊ လော့စ် အိန်ဂျလိစ် သတင်းမီဒီယာ စင်တာမှ သတင်းထောက်တဦးသို့ ဖြေကြားရာ၌ " စီးပွားရေးနဲ့ ပတ်သက်လာရင် ဒီဗိုလ်ချုပ်တွေဟာ တော်တော်ထုံအ တယ်။ မြန်မာနိုင်ငံမှာ သဘာဝ အရင်းအမြစ်တွေ ပေါကြွယ်ဝပါလျှက်နဲ့ အခုအခြေအနေရောက်အောင် တိုင်းပြည် စီးပွား ရေးကို ဘယ်လို တလွဲတချော် စီမံခန့်ခွဲလိုက်ကြသလဲ" ဟု ဆိုခဲ့သည်။

လီကွမ်ယုက ပြောကြားရာတွင် မြန်မာနိုင်ငံကို အထီးကျန်ဖယ်ခွာ နေထိုင်ခြင်းဖြင့် မြန်မာစစ်ဗိုလ်ချုပ်များက မည်သည့်ရလဒ်မျိုးကို မျှော်မှန်းနေကြသည်ကို သူနားမလည်နိုင်ကြောင်းလည်း အလေးပေး ပြောခဲ့သေးသည်။
နိုင်ငံတကာ မိသားစု၏ အကြံဉာဏ်များကို စစ်အစိုးရက နား မထောင်ခဲ့သည်မှာ အထင်အရှားပင် ဖြစ်သည်။ NLD ပါတီက ၀န်ခံသည်ပင်ဖြစ်စေ၊ ဒဏ်ခတ်ပိတ်ဆို့မှု မူဝါဒကို ပြစ်တင် ပြောဆိုသည်ဖြစ်စေ မြန်မာနိုင်ငံ ဒီမိုကရေစီအရေးအတွက် သိသာထင်ရှားသည့် ရလဒ်များ မြင်တွေ့ကြရလိမ့်မည် မဟုတ်ပါ။

သို့အတွက်ကြောင့် လက်ညှိုးထိုး ပြစ်တင်နေမည့်အစား၊ NLD က ၀န်ချတောင်းပန်လာရေးကို အာရုံစိုက်လုပ်ဆောင်နေ မည့်အစား ဆောင်ရွက်သင့်သည်မှာ ပိုမိုထိရောက်သည့်နည်းနာများကို ရှာဖွေကြရန် လိုအပ်နေပါသည်။ စစ်အစိုးရ၏ ခံတပ်ကို ထိုးဖောက်နိုင်ရေးအတွက် ပြည်တွင်းမှရော၊ နိုင်ငံတကာမှပါ နည်းလမ်းများ ရှာဖွေရန်လို အပ်နေပြီ ဖြစ်ပါသည်။

စာရေးသူသည် နိုင်ငံရေးအကျဉ်းသားဟောင်းတဦး ဖြစ်ပြီး၊ လက်ရှိတွင် အမျိုးသားဒီမိုကရေစီ အဖွဲ့ချုပ် (လွတ်မြောက်နယ် မြေ) နိုင်ငံခြားရေးဌာန အဖွဲ့ဝင်တဦးအဖြစ် တာဝန်ထမ်းဆောင်နေပါသည်။ ၄င်း ရေးသားသည့် Sanctions Are Not to Blame for Burma’s Economic Woes ကို ဆီလျော်အောင် ပြန်ဆိုဖော်ပြ ပါသည်။



မိုးဇော်ဦး
REF: ဧရာဝတီ

0 comments:

အပေါ်သို့