Tuesday, March 10, 2009

အတွေးအခေါ်ကို နှောင်ဖွဲ့လို့မဖြစ် - မောင်ချစ်ခင်

Tuesday, March 03, 2009

ကျောင်းသားတွေကို ကျောင်းစာသာလိုက်စားရမည်ဟု ဗမာပြည်၏ကိုလိုနီအစိုးရများနှင့် ၄၈ ခုနှစ် ဒီဖက်ပိုင်းအစိုးရများက တွင်တွင်ပြော ခဲ့ကြသည်။ ကျောင်းသားများကို စာသင်ခန်းများ၊ ကျောင်းပရဝုဏ်များအတွင်း ပိတ်လှောင်ထားရန်လည်း သူတို့က အစဉ်ကြိုးပမ်းခဲ့ကြ သည်။ ကျောင်းသားများကို အပြင်လောကနှင့်ဖြတ်တောက်ထားရေးမှာ သူတို့၏ကျောင်းသားရေးရာ ပေါ်လစီများတွင် ထိပ်ဆုံးကပါဝင် သော အချက်တချက် ဖြစ်ပါသည်။

သို့သော်ဗမာနိုင်ငံ၏ သမိုင်းကိုပြန်ကြည့်လိုက်သောအခါ ကျောင်းသားများသည် ကျောင်းသားအရေးများသာမက ပြည်သူ့အရေး၊ ကမ္ဘာ့ အရေးများကို တောင်းဆိုတိုက်ပွဲဝင်ခဲ့ကြကြောင်း၊ ကျောင်းပရဝုဏ်များထဲတွင်သာမက လမ်းမများပေါ်၊ တောကြိုတောင်ကြားများပါ မကျန် တိုက်ပွဲဝင်ခဲ့ကြကြောင်းလည်းတွေ့ရပေသည်။ ကလောင်လက်နက်၊ ပိုစတာလက်နက်၊ ဂျင်ဂလိလက်နက်၊ နောက်ဆုံး တကယ့် ကျည်ဆံထွက်သော လက်နက်များကိုပင် ကိုင်စွဲကာတိုက်ခဲ့ကြကြောင်းကိုလည်းတွေ့ကြရပါသည်။

ဤအချက်များကပြသနေသည်မှာ ဗမာပြည်လိုဖိနှိပ်မှုဒဏ်ကိုပြင်းပြင်းထန်ထန်ခံနေသည့် နိုင်ငံတခုတွင် ကျောင်းသားများအနေဖြင့် ကိုယ့်လှုပ်ရှားမှုတွေကို ဘယ်တော့မှအချုပ်အချယ်မခံဘူးဆိုခြင်းပင်ဖြစ်သည်။ ဤသို့သောထင်သာမြင်သာ သာဓကများရှိနေသည့် အကြားမှပင် အချို့သောသူများသည် အမျိုးသမီးလှုပ်ရှားမှုကို အမျိုးသမီးရေးရာကိစ္စသက်သက်တွင်သာ ကန့်သတ်ထားလိုခြင်း၊ ကျောင်းသားလှုပ်ရှားမှုကိုလည်း ကျောင်းသားရေးရာကိစ္စများ သက်သက်တွင်သာကန့်သတ်ထားလိုခြင်းများ မြင်တွေ့နေရပါသည်။

ဖိနှိပ်သူအစိုးရများ၏ နောက်စိုးရိမ်ချက်တခုမှာ ကျောင်းသားလှုပ်ရှားမှုကို အခြားအဖိနှိပ်ခံလူ့အလွှာအသီးသီး၏ လှုပ်ရှားမှုများနှင့် ဆက် စပ်မိမှာကိုဖြစ်ပါသည်။ ဤသည်နှင့်တဆက်တည်း အခြားနိုင်ငံရေးအဖွဲ့အစည်းများနှင့် ပတ်သက်မှာကိုလည်း သူတို့က အလွန်စိုးရိမ်ကြ သည်။ ထို့ကြောင့်ပင် သူတို့သည် ကျောင်းသားလှုပ်ရှားမှုတရပ်က အခြားသောအလွှာများ၊ နိုင်ငံရေးအင်အားစုများနှင့်ဆက်စပ်ခြင်းကို အင်မတန်ကြီးမားသည့်အပြစ်ကြီးတခုသဖွယ် လက်ညှိုးထိုးပြခြင်း၊ အပြစ်ရှာခြင်းများ ပြုလုပ်ကြသည်။ ကျောင်းသားတွေ နိုင်ငံရေးအမြင် ကျယ်မှာ၊ ကိစ္စအဝဝကိုကျယ်ကျယ်ပြန့်ပြန့်စဉ်းစားလာတတ်မှာကို သူတို့စိုးရိမ်ကြသည်။ ကျောင်းသားလောကထဲကို ဗကပတွေထိုး ဖောက်ဝင်နေတယ်ဆိုသော စကားမျိုးဖြင့် ခြောက်လှန့်ခြင်းမျိုးကို ဟိုအရင်အစောကြီး ကတည်းကပြုလုပ်ခဲ့ကြသည်။ ဒီဖက်ခေတ် သမိုင်းတလျှောက် ထောက်လှမ်းရေးဝါဒဖြန့်ချက်မှန်သမျှလိုလိုတွင် ဤခြေထိုးမှုမျိုးတွေ တွေ့ရပါသည်။ အကျိုးဆက်အနေဖြင့် ယင်း စကားမျိုးကြောင့် ရှိန်သွားကြသူများလည်း ရှိသလောက်ရှိကြသည်။ တခါတလေတော့ “သန့်ရှင်းသောကျောင်းသားလှုပ်ရှားမှု”ကို စိတ်ကူးယဉ်သူများလည်းရှိခဲ့သလို အချို့ကတော့လည်း နိုင်ငံရေးပါတီများအပေါ် အာဃာတများထားရှိကြသည်။ အထူးသဖြင့် ကိုယ့် တိုက်ပွဲ အရှိန်မြင့်နေချိန်၊ ကိုယ့်တဦးတည်းလုံ့လဖြင့်အောင်ပွဲရတော့မည်ဟု ထင်မှတ်ရချိန်၊ သို့မဟုတ်အလွန်ကျဆင်းနေချိန်တို့တွင် ဤတွေးခေါ်မှုမျိုးပေါ်တတ်သည်။ သို့သော် လက်တွေ့တိုက်ပွဲမုန်တိုင်းများက ဤစိတ်ကူးများကိုလွင့်စင်သွားအောင် ကြမ်းတမ်းခဲ့ပါသည်။ ကျောင်းသားများသည် အခြားအင်အားစုများနှင့်လက်တွဲနိုင်မှ တကယ်မိုးပြိုမြေသိမ့်စေနိုင်သော လှုပ်ရှားမှုများဆင်နွှဲနိုင်ကြောင်းကို ရှစ်လေးလုံးအရေးတော်ပုံကြီးက ပြသခဲ့ပါသည်။

ထို့ကြောင့် ကျောင်းသားအရေးကို ဖြေရှင်းလိုလျှင် ပြည်သူလူထုကြီးနှင့်ရော အခြားနိုင်ငံရေးအင်အားစုများနှင့်ပါ လက်တွဲမှဖြစ်မည် ဆိုခြင်းမှာ ဗမာပြည်နိုင်ငံရေးသမိုင်း၏သင်ကြားချက်တရပ်ဟု ယူဆရပါမည်။ မနည်းသည့် တန်ဘိုးများပေးပြီး ရထားသည့် သင်ခန်းစာ လည်းဖြစ်ပါသည်။ ယနေ့ကာလပြဿနာများကို ရင်ဆိုင်နိုင်ဖို့အတွက်ဆိုလျှင် ကျောင်းသားများအဖို့ ကျောင်းကသင်ပေးသော အသိ ပညာလောက်နှင့်မျှ မလုံလောက်တော့။ ပြည်တွင်းပြည်ပ အခြေအနေတွေ၊ သမိုင်းတွေ၊ အယူအဆ အမျိုးမျိုးတွေကို အတတ်နိုင်ဆုံး လေ့လာလိုက်စားရန်လိုပါသည်။

စစ်တပ်တတပ်အနေဖြင့် မိမိ၏လှုပ်ရှားမှုဂွင်ကိုဖြစ်စေ၊ အသုံးပြုမည့်လက်နက်ကိုဖြစ်စေ ကန့်သတ်ခဲ့လျှင် ကိုယ့်သေတွင်းကိုယ်တူးရာသာ ကျပေလိမ့်မည်။ ထို့အတူကျောင်းသားလှုပ်ရှားမှုသည်လည်း မိမိလှုပ်ရှားမည့်နယ်ပယ်ကိုဖြစ်စေ၊ လှုပ်ရှားတိုက်ပွဲဝင်မည့် နည်းနာကို ဖြစ်စေ ကန့်သတ်ထား၍မဖြစ်ပေ။ ကျောင်းသားသည် ကျောင်းသားအရေးကိုသာတောင်းဆိုမည်၊ ကျောင်းသားသည် ကျောင်းသား နိုင်ငံရေးကိုသာ လုပ်မည်ဆိုသည် စကားမျိုးများဖြင့် ကျွံနေအောင်ပြောဆိုထားတာ၊ ကြေညာထားတာမျိုး မလုပ်သင့်ပေ။ အင်မတန် အပြောင်းအလဲမြန်သော ယနေ့ခေတ်၊ ယနေ့ကမ္ဘာကြီးတွင် အင်မတန်ပျော့ပြောင်း၍ လှုပ်ရှားလို့ကောင်းသော သေနင်္ဂဗျူဟာတွေ၊ နည်းပရိယာယ်တွေချမှတ်ထားရန်လိုပါသည်။ မိမိကိုယ်ကိုမိမိ တုတ်နှောင်ရာကျမည့် အယူအဆများကိုလည်း တင်ကြို၍ ချေဖျက်ထား သင့်ပါသည်။ အရေးကြီးသည်မှာ တိုက်ပွဲ၏ဦးတည်ချက်နှင့် မိမိမဟာမိတ်ဖွဲ့ရမည့်အင်အားတို့ကို ရှင်းလင်းအောင်သိထားဖို့သာ ဖြစ်ပါ သည်။



မောင်ချစ်ခင်
REF: နေ့သစ်

0 comments:

အပေါ်သို့