Monday, 09 March 2009
အာဆီယံ ပဋိညာဉ် စာချုပ်အသစ်နှင့် ပတ်သက်သော အစီအစဉ်များကို ပြောဆိုရာတွင် မြန်မာနိုင်ငံ ပါဝင်နေသရွေ့ လူ့အခွင့် အရေးဆိုင်ရာ ကိစ္စရပ်များ၌ အာဆီယံ အဖွဲ့ကြီး၏ ဂုဏ်သိက္ခာ တိုးတက်ကောင်းမွန်လာလိမ့်မည် မဟုတ်ပါ။
မကြာသေးမီက အတည်ပြုလိုက်သော အာဆီယံပဋိညာဉ်စာချုပ်တွင် `တန်းတူညီမျှ လူ့အဖွဲ့အစည်းတရပ်´ ဖြစ်လာရေး ဆိုသည်မှာ အာဆီယံအဖွဲ့ကြီးကို စတင်တည်ထောင်ခဲ့သော လွန်ခဲ့သည့် ၁၉၆၇ ခုနှစ် သြဂုတ်လ ၈ ရက်နေ့ နောက်ပိုင်း ဆယ်စုနှစ် လေးစုကြာသည့်တိုင်အောင် မျှော်မှန်းခဲ့သည့်အရာ ဖြစ်ပါသည်။
သို့သော် အဖွဲ့ကြီး၏မူလအဖွဲ့ဝင်များဖြစ်ကြသည့် ထိုင်း၊ အင်ဒိုနီးရှား၊ မလေးရှား၊ စင်္ကာပူနှင့် ဖိလစ်ပိုင်နိုင်ငံခေါင်းဆောင် များသည် စစ်အေးခေတ်ကာလ အပြင်းအထန်တောက်လောင်နေသောစစ်မီးထဲ ၀င်ရောက်ခဲ့မိရာက ၎င်းတို့မျှော်မှန်း ထားချက်နှင့် ဝေးခဲ့ရကြသည်။
ထိုအချိန်က အဖွဲ့ဝင်နိုင်ငံအစိုးရများသည် ကွန်မြူနစ်စနစ်ပြန့်ပွားလာမှု တားဆီးရေးကိုသာ စိတ်ဝင်စားခဲ့ကြပြီး သူတို့ နိုင်ငံသားများ၏ အရေးကိစ္စများကိုဂရုစိုက်သည်ထက် အမျိုးသားရေးစိတ်ဓာတ်မြှင့်တင်ရေးနှင့် စီးပွားရေးတည်ဆောက်မှု လုပ်ငန်းများတွင်သာ လုံးပမ်းခဲ့ကြသည်။
ပိတ်ပွဲအခမ်းအနားတွင် အာဆီယံခေါင်းဆောင်များ အထိမ်းအမှတ် ဓာတ်ပုံ အရိုက်ခံနေစဉ် (ဓာတ်ပုံ - အေပီ)
အာဆီယံ၏ မူလအဖွဲ့ဝင်များသည် အင်ဒိုချိုင်းနားတခုလုံးကို ၀ါးမျိုသွားသည့် စစ်အေးခေတ် အဆုံးသတ်သွားခြင်းကို မျက်မြင်ကိုယ်တွေ့ ကြုံခဲ့ရသည်။ ကမ္ဘောဒီယားနိုင်ငံသည် စိတ်မချမ်းမြေ့ဖွယ်ကောင်းသည့် စစ်၏ဆိုးမွေကို ဆက်ခံ ခဲ့ရသည်။ ဆပ်ပြာပူဖောင်းပမာ အလျင်အမြန် ကြီးထွားလာသည့် စီးပွားရေးသည် တုန်လှုပ်စရာ ပြိုလဲပျက်စီးမှုနှင့် ကြုံခဲ့ရပြီးနောက် ကျားကုတ်ကျားခဲနှင့် နာလန်ထူခဲ့ရသည်။ မတည်ငြိမ်မှုများ ရှိသော်လည်း ပိုမိုတာဝန်ယူမှုရှိသည့် အစိုးရ အုပ်ချုပ်ရေးပုံစံဆီ အတိုင်းအတာတခုအထိ တဖြည်းဖြည်း ပြောင်းလဲခဲ့ကြသည်။
အထင်ရှားဆုံး ဖြစ်ပေါ်တိုးတက်မှုတခုက အာဆီယံအဖွဲ့ကြီးကို ဘရူနိုင်း၊ ဗီယက်နမ်၊ လာအို၊ မြန်မာနှင့် ကမ္ဘောဒီးယား နိုင်ငံတို့ဖြင့် တိုးချဲ့ဖွဲ့စည်းနိုင်ခဲ့ခြင်း ဖြစ်သည်။ ယခုအခါ အာဆီယံဒေသသည် တရုတ်ပြည်၏ တ၀က်နီးနီး ကျယ်ဝန်း လာပြီး လူဦးရေအရလည်း ယှဉ်နိုင်လာသည်။
အပေါ်ယံအားဖြင့် ကြည့်မည်ဆိုလျှင် အဆိုပါအချက်များအားလုံးသည် ကောင်းမွန်သောအနာဂတ်ဆီ ဦးတည်လျှက်ရှိပါ သည်။ သို့သော်လည်း အရှေ့တောင်အာရှနိုင်ငံများ အားလုံး ပါဝင်လာရေးဆိုသည့် အာဆီယံအဖွဲ့ကြီး၏ အားထုတ်မှုတွင် ပေးဆပ်မှုများလည်း ရှိခဲ့ပါသည်။ အထူးသဖြင့် ၁၉၉၇ ခုနှစ်နောက်ပိုင်း အဖွဲ့ဝင်ဖြစ်ခဲ့သောနိုင်ငံများသည် စီးပွားရေးနှင့် နိုင်ငံရေးတွင် သိသိသာသာ ဖွံ့ဖြိုးမှုနောက်ကျလျက်ရှိသော နိုင်ငံများဖြစ်နေပါသည်။ (ဘရူနိုင်းသည် ၁၉၈၄ ခုနှစ်တွင် အဖွဲ့ဝင်ဖြစ်ခဲ့ပြီး ဗီယက်နမ်သည် ၁၉၉၅ ခုနှစ်တွင် အဖွဲ့ဝင် ဖြစ်ခဲ့သည်။)
အာဆီယံပဋိညာဉ် စာချုပ်အသစ်ကို စတင်ကျင့်သုံးခဲ့သော်လည်း အာဆီယံအဖွဲ့ကြီးသည် ဥရောပယူနီယံနှင့် ဆင်တူသည့် ဥပဒေအခြေခံပေါ်တွင် အဖွဲ့ဝင်နိုင်ငံများ၏ စုစည်းမှုကို အရှိန်အဟုန်မြှင့်လုပ်ဆောင်သွားရန် မျှော်လင့်ထားသည်။ အဖွဲ့ကြီး၏ အထွေထွေအတွင်းရေးမှူးချုပ် စူရင်ပစ်ဆူဝမ် စကားအရပြောရလျှင် `စည်းမျဉ်းဥပဒေအပေါ် ပိုမိုအခြေပြုပြီး ပြည်သူလူထုကို ပိုအလေးထားသည့်´ အဖွဲ့ကြီးဖြစ်လာစေရန် မျှော်လင့်ထားသည်။
သို့ရာတွင် ပြဌာန်းခဲ့သည့် စည်းမျဉ်းဥပဒေများအတိုင်း လုပ်ဆောင်ရန် အာဆီယံအဖွဲ့ကြီးက လက်တွန့်နေခြင်းသည် ရေရှည်တွင် ဥရောပယူနီယံပုံစံ ထူထောင်ချင်သည့် အဖွဲ့ကြီး၏ ပန်းတိုင်ရောက်ရှိရေးတွင် အကြီးမားဆုံးအတားအဆီး ဖြစ်နေပေလိမ့်မည်။
စတင် ဖွဲ့စည်းစဉ်ကတည်းက တောက်လျှောက်စွဲကိုင် ကျင့်သုံးခဲ့သော အဖွဲ့ဝင်နိုင်ငံများ၏ ပြည်တွင်းရေး ကို ၀င်ရောက် မစွက်ဖက်ရေးမူကို ပဋိညာဉ်စာချုပ်တွင် ဆက်လက် ထိန်းသိမ်းထားခဲ့သည်။ ထိုမူနှင့်ယှဉ်တွဲပြီး `ဒီမိုကရေစီ အခြေခံမူများ၊ တရားဥပဒေစိုးမိုမှု၊ ကောင်းမွန်သော အုပ်ချုပ်မှုပုံစံ၊ လူ့အခွင့်အရေးနှင့် အခြေခံလွတ်လပ်မှုများကို လေးစား လိုက်နာရေး နှင့် ထိန်းသိမ်းကာကွယ်ရေး´ စသည့်အချက်များကို ပြဌာန်းထားသည်။ ထိုသို့ ပြဌာန်းကြခြင်းမှာ အကယ်၍ ထိုအခွင့် အရေးများကို အဖွဲ့ဝင် တနိုင်ငံက ကျူးလွန် ဖောက်ဖျက်မှုများ ရှိလာလျှင် အဖွဲ့ကြီးကအရေးယူမှု မလုပ်နိုင်ခြင်းကို ဆင်ခြေပေး နိုင်ရန် အတွက်ဖြစ်သည်ဟု ဝေဖန်သူများက စွပ်စွဲကြပါသည်။
အဖွဲ့ဝင်နိုင်ငံများအကြား လက်ခံနိုင်ဖွယ်ရှိသည့် အပြုအမူဆိုင်ရာ စံနှုန်းများကို ပြဌာန်းသတ်မှတ်ရန် အာဆီယံအဖွဲ့ကြီး ၏စိတ်ဆန္ဒမရှိမှုကို အလေးအနက်ပြောဆိုနေခြင်းသည် ၂၀၀၇ ခုနှစ်နှောင်းပိုင်းတွင် မြန်မာစစ်အစိုးရပြုမူခဲ့သော အလွန် ဆိုးဝါးသည့် ချိုးဖောက်မှုများကို အဖွဲ့ကြီးအနေနှင့်ထိထိရောက်ရောက် တုန့်ပြန်ရန် ပျက်ကွက်ခဲ့သည့်အတွက် ဖြစ်သည်။ ထိုအချိန်သည် အုပ်ချုပ်သူအစိုးရများ၏ဒေသဆိုင်ရာ အဖွဲ့အစည်းအသွင်မှ `ပြည်သူလူထုကို ရှေ့ရှုသော´ လူ့အဖွဲ့ အစည်းတရပ်အဖြစ်သို့ အာဆီယံအဖွဲ့ကြီးကို ပြောင်းလဲရန်အတွက် မဖြစ်မနေ လိုက်နာ ကတိက၀တ်ပြု ဆောင်ရွက်ကြရန် ပြင်ဆင်နေချိန်လည်း ဖြစ်နေပါသည်။
အာဆီယံပဋိညာဉ်စာချုပ်ကို တရားဝင်အတည်ပြုကျင့်သုံးသည်မှာ လွန်ခဲ့သောနှစ် ဒီဇင်ဘာလ ၁၅ ရက်နေ့ ဖြစ်ပါသည်။ ထိုစာချုပ်ကို ၂၀၀၇ ခုနှစ် နိုဝင်ဘာလ ၂၀ ရက်နေ့တွင် စင်္ကာပူနိုင်ငံ၌ကျင်းပသော ၁၃ ကြိမ်မြောက် အာဆီယံ ခေါင်းဆောင်များ၏ ထိပ်သီးအစည်းအဝေးတွင် အတည်ပြုခဲ့ပြီး ဖြစ်သည်။ နှစ်ပေါင်း ၂၀ အတွင်း စစ်အစိုးရ၏အုပ်ချုပ်မှုကို ဆန့်ကျင့်သော အကြီးကျယ်ဆုံး လူသိထင်ရှားဆန္ဒပြပွဲများကို မြန်မာစစ်အစိုးရကနှိမ်နှင်းခဲ့ပြီး နှစ်လမပြည့်မီအတွင်း ထိုသို့အတည်ပြုခြင်းကို လုပ်ဆောင်ခဲ့ကြခြင်း ဖြစ်ပါသည်။
ဗုဒ္ဓဘာသာ ဘုန်းတော်ကြီးများ ဦးဆောင်သည့် ဆန္ဒပြပွဲများကို စစ်အစိုးရကနှိမ်နှင်းနေသည့် အချိန်တွင် အာဆီယံအဖွဲ့ကြီး သည် အစဉ်အလာအားဖြင့် စောင့်ထိန်းခဲ့သော အဖွဲ့ဝင်နိုင်ငံ တနိုင်ငံ၏အရေးကိစ္စများကို ၀င်ရောက်မစွက်ဖက်ရေးမူကို ချိုးဖောက်ပြီး မြန်မာစစ်အစိုးရ၏ သွေးထွက်သံယိုနှိမ်နှင်းမှုကို စက်ဆုပ်ရွံရှာဖွယ် အပြုအမူအဖြစ် ထုတ်ဖော်ပြောဆို ခဲ့သည်။ အော်တိုမစ်တစ် မောင်းပြန်သေနတ်များသုံးပြီး ဆန္ဒပြလူအုပ်ကြီးကို ပစ်ခတ်ဖြိုခွင်းသည့်အတွက် လူပေါင်းရာနှင့်ချီ သေဆုံးကြသည့် သတင်းပေးပို့ချက်များကို ရရှိခဲ့သော အဖွဲ့ဝင် ၁၀ နိုင်ငံပါဝင်သည့် အာဆီယံအဖွဲ့ကြီး၏ အဖွဲ့ဝင် ၉ နိုင်ငံမှ နိုင်ငံကြားရေးဝန်ကြီးများက သူတို့၏ စိုးရိမ်ထိတ်လန့်မှုများကို ထုတ်ဖော်ပြောဆိုခဲ့ကြသည်။
ဤတုန်လှုပ်ခြောက်ခြားစရာ ဖြစ်ရပ်များသည် နိုင်ငံတကာမျက်နှာစာတွင် မြန်မာနိုင်ငံဘက်မှ အာဆီယံအဖွဲ့ကြီး၏ ရပ်တည် ကြိုးပမ်းပေးခဲ့မှုများအတွက် ရရှိလာသော အကျိုးရလဒ်များတွင် အရင်းခံနေသည်မှာ သံသယရှိစရာမလိုပါ။ အမေရိကန်နိုင်ငံ နယူးယောက်တွင် ကျင်းပနေသော ကုလသမဂ္ဂ ညီလာခံ၏ပြင်ပတွင် စင်္ကာပူနိုင်ငံ၏ နိုင်ငံခြားရေးဝန်ကြီး မစ္စတာ ဂျော့ခ်ျရိုးက `ကျနော်တို့အဖွဲ့ကြီး အပေါ် အများရဲ့ ယုံကြည်ကိုယ်စားမှုကတော့ အန္တရာယ် ရှိတဲ့ အနေအထားကို ရောက်နေပါပြီ။ ကျနော်တို့အားလုံးရဲ့ ဂုဏ်သိက္ခာဟာလည်း အစွန်းအထင်းဖြစ်ခဲ့ပါပြီ။ အရာရာကို မှန်ကန် ဖြောင့်မတ်အောင် မလုပ်နိုင်ဘူးဆိုရင်၊ မြန်မာနိုင်ငံကို လမ်းကြောင်းသစ်တခုဆီ ဆွဲခေါ်မသွားနိုင်ရင် ကျနော်တို့ အားလုံးဟာ မြန်မာနိုင်ငံကြောင့် ထိခိုက်နစ်နာကြရလိမ့်မယ်။ သူ့ကြောင့် နွံနစ်ကြရလိမ့်မယ်´ ဟု ပွင့်ပွင့်လင်းလင်း ပြောဆိုခဲ့သည်။
သို့သော် အဖွဲ့ကြီး၏စုပေါင်းတာဝန်ယူမှုအပေါ် ယခုကဲ့သို့ ရုတ်တရက် သတိပြုမိခြင်းက အခိုက်အတန့်သာ ဖြစ်ခဲ့သည်။ နိုဝင်ဘာလတွင် စင်္ကာပူ၌ကျင်းပခဲ့သည့် ထိပ်သီးအစည်းအဝေးအကြိုကာလက ကုလသမဂ္ဂ၏ မြန်မာနိုင်ငံဆိုင်ရာ အထူး ကိုယ်စားလှယ် မစ္စတာ အီဗရာဟင် ဂန်ဘာရီက မြန်မာနိုင်ငံအခြေအနေကို အာဆီယံအစည်းအဝေးတခုတွင် အာဆီယံ ခေါင်းဆောင်များအား ရှင်းလင်းတင်ပြမည်ကို ကမ္ဗောဒီယား၊ ဗီယက်နမ်နှင့် လာအိုနိုင်ငံတို့၏ ထောက်ခံမှုဖြင့် မြန်မာအစိုးရ က ပိတ်ပင်တားမြစ်ခဲ့သည်။
ဖြစ်ချင်တော့ သမိုင်းဝင်ပဋိညာဉ်စာချုပ်ကို စတင်အသက်သွင်းရန် အာဆီယံအဖွဲ့ကြီး၏ စိတ်အားထက်သန်မှုက မြန်မာ အစိုးရကို အသက်ရှုပေါက်ပေးလိုက်သလို ဖြစ်စေခဲ့သည်။ အမှန်တကယ်ဆိုလျှင် အာဆီယံအဖွဲ့ကြီးသည် မြန်မာနိုင်ငံက မငြိမ်မသက်ဖြစ်နေသော လူထုနှင့် မိမိတို့ကိုယ်ကို ဂုဏ်ယူဝင်ကြွားရန် ပြင်ဆင်ဆုံးဖြတ်ထားကြသည့် ဒေသဆိုင်ရာခေါင်း ဆောင်များကို ဦးဆောင်မှုပေးရမည် ဖြစ်ပါသည်။
နောက်ပိုင်းလများအတွင်း မြန်မာနိုင်ငံနှင့် ဒေသအတွင်းရှိ တခြားနေရာများတွင် ဖြစ်ပွားလျှက်ရှိသော လူ့အခွင့်အရေး ချိုးဖောက်မှုများကို ကိုင်တွယ်ဖြေရှင်းသွားရန် အာဆီယံအဖွဲ့ကြီးအနေနှင့် ပိုမိုအလေးထား ဆောင်ရွက်သွားမည်ဆိုသည့် အကြံပြုချက်မျိုး လုံးဝမရှိခဲ့ပါ။ ထို့နောက် ၂၀၀၈ ခုနှစ် မေလ၌ မြန်မာနိုင်ငံ၏သမိုင်းတွင် အဆိုးရွားဆုံး သဘာဝဘေး ဒုက္ခကြီးဖြစ်သော နာဂစ်ဆိုင်ကလုန်း တိုက်ခတ်မှု ဖြစ်ပွားခဲ့ရာ အာဆီယံအဖွဲ့ကြီးလည်း လူသားချင်း စာနာ ထောက်ထား သော အကူအညီပေးရေး ကြိုးပမ်းအားထုတ်မှုများတွင် ဦးဆောင်းမှုပေးခဲ့ခြင်းဖြင့် အဖွဲ့ကြီး ၏ဂုဏ်သိက္ခာကို အဖတ်ဆယ် ပေးမည့် အခွင့်အလမ်းတခု ရခဲ့ပါသည်။
ကယ်ဆယ်ရေးလုပ်ငန်းများကို ညှိနှိုင်းဆောင်ရွက်မည့် ကုလသမဂ္ဂအဖွဲ့အစည်းများ၊ မြန်မာအစိုးရနှင့် အာဆီယံအဖွဲ့ကြီး တို့ပါဝင်သည့် သုံးပွင့်ဆိုင် လုပ်ငန်းအဖွဲ့ကို ဖွဲ့စည်းခြင်းဖြင့် ယခုလိုအရေးကြီးသောအကြပ်အတည်း ကာလတခု၌ တာဝန်ယူမှုအပိုင်းတွင်သာမက မြန်မာစစ်အစိုးရကို နိုင်ငံတကာအသိုင်းအ၀န်းထဲသို့ ဆွဲခေါ်နိုင်သော အရည်အချင်း ရှိကြောင်း အာဆီယံအဖွဲ့ကြီးက ပြသနိုင်ရန် လုပ်ဆောင်ခဲ့ကြသည်။
မြန်မာအစိုးရက အာဆီယံပဋိညာဉ်စာချုပ်ကို လက်မှတ်ရေးထိုးသည့် ဇူလိုင်လ ၂၁ ရက်နေ့ တရက်တည်းတွင် သုံးပွင့်ဆိုင် ကယ်ဆယ်ရေး ညှိနှိုင်းမှုလုပ်ငန်းအဖွဲ့က မြစ်ဝကျွန်းပေါ်ဒေသ၏ လူသားချင်း စာနာထောက်ထားသော အကူအညီလိုအပ် ချက်များကို ယုံကြည်လက်ခံနိုင်သည့် ဆန်းစစ်အကဲဖြတ်ချက်များဖြင့် အလှူရှင်နိုင်ငံများအတွက် အထောက်အကူဖြစ်နိုင် မည့် `ဆိုင်ကလုန်းနာဂစ်အလွန် ပူးတွဲလေ့လာအကဲဖြတ်ချက် မှတ်တမ်း´ကို ထုတ်ဝေခဲ့ပါသည်။
မုန်တိုင်းကယ်ဆယ်ရေး ကြိုးပမ်းအားထုတ်မှုများတွင် နိုင်ငံရေးအသွင် မဆောင်ရန်ဆိုသည့် သုံးပွင့်ဆိုင်လုပ်ငန်းအဖွဲ့၏ မူဝါဒနှင့်အညီ မုန်တိုင်း ကပ်ဘေးကျရောက်ပြီး အစောပိုင်းကာလ အငြင်းပွားစရာဖြစ်ခဲ့သည့် မြန်မာအစိုးရ၏ မုန်တိုင်းကယ်ဆယ်ရေး ဆောင်ရွက်ချက်များကို ထိုမှတ်တမ်းတွင် ဖော်ပြခြင်းမပြုခဲ့ပါ။ ထိုစဉ်က စစ်အစိုးရသည် ကယ်ဆယ်ရေး လုပ်ငန်းများကို ရက်သတ္တပတ်အတော်အကြာထိ အပြည့်အ၀လုပ်ဆောင်နိုင်ခြင်း မရှိခဲ့ပါ။ သို့သော် ထိုမှတ်တမ်းတွင် စစ်အစိုးရသည် ဆိုင်ကလုန်းနာဂစ်မှ အသက်ရှင်ကျန်ရစ်သူများကို အကူအညီ အထောက်အပံ့ပေးရေး နိုင်ငံတကာ၏ ကြိုးပမ်းအားထုတ်မှုများတွင် တန်းတူပါဝင်ခဲ့ကြောင်းကို အသားပေး ဖော်ပြထားခဲ့ပါသည်။
သို့သော်လည်း စစ်အစိုးရ အသစ်တွေ့ရှိခဲ့သော ဂုဏ်သိက္ခာတက်စေနိုင်သည့် ထိုဖြစ်ရပ်ကြောင့် ၎င်း၏လူ့အခွင့်အရေး မှတ်တမ်းတွင် တိုးတက်မှုတခုအဖြစ် ဦးတည်သွားစေနိုင်သည့် မျှော်လင့်ချက်မှာ မကြာမီ ပျောက်ကွယ်သွားခဲ့သည်။ အာဆီယံပဋိညာဉ်စာချုပ်ကို အတည်ပြုပြဌာန်း ကျင့်သုံးတော့မည့် ရက်သတ္တပတ်များအတွင်း စစ်အစိုးရသည် လွန်ခဲ့သော နှစ်က ၎င်း၏မပြီးဆုံးသေးသောလုပ်ငန်းကို ပြန်လည်စတင်ခဲ့သည်။ ၂၀၀၇ ခုနှစ် ဆန္ဒပြပွဲများအတွင်း ပါဝင်ခဲ့မှုဖြင့် ဒီမိုကရေစီအရေး ထောက်ခံသူများနှင့် လွတ်လပ်စွာ ထုတ်ဖော်ပြောဆိုခဲ့ကြသော တက်ကြွလှုပ်ရှားသူများကို နှစ်ရှည်ထောင်ဒဏ်များ ချမှတ်ခဲ့ပါသည်။ ဤတကြိမ်တွင်လည်း အာဆီယံအဖွဲ့ကြီးသည် နှုတ်ပိတ်ငြိမ်သက်ရေးလမ်းစဉ်ကို သာ ရွေးခဲ့သည်။
ဒီဇင်ဘာလက ဥပဒေစိုးမိုးမှုပျက်သုဉ်းခဲ့ရသည့်ဖြစ်ရပ်ကြောင့် ထိုင်းနိုင်ငံကို ချိနဲ့သွားစေခဲ့သည်။ မိမိကိုယ်ကို အရွယ် ရောက်လာပြီးဖြစ်သော အဖွဲ့ကြီးအသွင် ပုံဖော်ချင်သည့် အာဆီယံ၏လိုလားချက်ဆန္ဒအတွက် ထိုဖြစ်ရပ်က အတား အဆီးတခုဖြစ်ခဲ့ပါသည်။ ထိုင်းနိုင်ငံတွင်ဖြစ်ပွားနေသော နိုင်ငံရေးမငြိမ်သက်မှုကြောင့် ၁၄ ကြိမ်မြောက် အာဆီယံအဖွဲ့ ထိပ်သီးအစည်းအဝေး ကျင်းပမည့်ရက်ကို ရွှေ့ဆိုင်းလိုက်ရခြင်းသည် လူ့အခွင့်အရေး ချိုးဖောက်မှုပြဿနာများတွင် ခေါင်းမာလှသောမြန်မာစစ်အစိုးရနှင့်ဆက်ဆံရာ၌ အဖွဲ့ကြီးအတွက် ထိရောက်သော နည်းလမ်းရှာမရဖြစ်နေခြင်းနှင့် စာလျှင် အသေးအဖွယ် အထစ်အငေါ့တခုသာ ဖြစ်ပါသည်။
အာဆီယံ ပဋိညာဉ်စာချုပ်၏အငြင်းပွားစရာအကောင်းဆုံးအချက်မှာ `လူ့အခွင့်အရေးနှင့် အခြေခံလွတ်လပ်မှုများ တိုးမြှင့် ရေး နှင့်ကာကွယ်ရေး´ တို့အတွက် တာဝန်ရှိသော ကော်မရှင်တရပ်ဖွဲ့စည်းရေးကိုတောင်းဆိုထားသည့် စာပိုဒ်တခု ပါဝင် နေခြင်းပင်ဖြစ်ပါသည်။ ၎င်းအချက်ကို အကောင်အထည်ဖော်ဆောင်ရန် မည့်သည့်အခွင့်အာဏာမှ ရရှိလာမည်မဟုတ် သည့်အတွက်ကြောင့် ထိုစာပိုဒ်သည်အဓိပ္ပာယ်မရှိသော အချက်သာဖြစ်သည်ဟု ဝေဖန်သူများက ပြောဆိုနေကြပါသည်။
ထိုလူ့အခွင့်အရေးကော်မရှင်ကို ထိထိရောက်ရောက်ဆောင်ရွက်နိုင်ရန် အာဆီယံအဖွဲ့ကြီးက ဆောင်ရွက်နိုင်စွမ်းမရှိလျင် အဖွဲ့ကြီး၏ အတိတ်က လုပ်ဆောင်ရန်ပျက်ကွက်မှုများကို ဤပဋိညာဉ်စာချုပ်က တရားဝင်သွားအောင် စနစ်တကျပုံသွင်း ပေးလိုက်ခြင်း သက်သက်သာ ဖြစ်သွားနိုင်သည့်အန္တရာယ် ရှိနေပါသည်။
Neil Lawrence ၏ The Asean Charter: A Human Rights Whitewash ကို ဆီလျော်အောင် ပြန်ဆိုသည်။
နီးလောရင့်စ်
REF: ဧရာဝတီ
0 comments:
Post a Comment