Tuesday, March 10, 2009

စစ်အုပ်စုပြောတဲ့ ရီယာယ်လတီ ဆိုတာက ဘာလဲ - နောင်ကြီး

Tuesday, March 03, 2009

မစ္စတာဂမ်ဘာရီကို နအဖကပဲ ဖိတ်ခေါ်၊ ဖိတ်ခေါ် ... ၊ ဒါမဟုတ် မစ္စတာဂမ်ဘာရီကပဲ လာချင်လို့ နအဖက လက်ခံလိုက်ရတာပဲဆိုဆို ဒီပုဂ္ဂိုလ် ဗမာပြည်ကိုရောက်လာတာ ဒီအခေါက်ပါနဲ့ပါဆိုရင် ခုနှစ်ကြိမ်မြောက်ရှိခဲ့ပါပြီ။ ဂမ်ဘာရီရဲ့ခရီးစဉ်ပြီးဆုံးတိုင်း ဗမာပြည်နိုင်ငံရေး ပြဿနာနဲ့ ပတ်သက်လို့ ဘာတွေများ အကျိုးထူးရှိခဲ့ပါသလဲ။ ... ဆိုတဲ့ မေးခွန်းတခုတော့ ကျန်ရစ်ခဲ့တတ်ပါတယ်။

ဒီမေးခွန်းရဲ့ အဖြေကိုတော့ နိုင်ငံရေးပါတီ အဖွဲ့အစည်းတိုင်း၊ နိုင်ငံရေးစိတ်ဝင်စားသူတိုင်းဟာ ကိုယ်နဲ့သက်ဆိုင်တဲ့ နိုင်ငံရေးရပ်တည် ချက်ကနေပြီး ပြောဆိုဝေဖန် ကြပေလိမ့်မည်။ တူညီသောအသံများ၊ ကွဲပြားခြားနားသောအသံများကို ကြားသိရမည်။ ကြားသိခဲ့ရပြီ။ မည်သို့ပင်ဖြစ်စေ ထိုအသံများဖြင့် မျက်မှောက်ဗမာပြည်ရဲ့ လက်တွေ့နိုင်ငံရေး အခင်းအကျင်းကိုတော့ အတတ်နိုင်ဆုံး ဖော်ရှိုးတာ လုပ် ကြပေလိမ့်မည်။

မစ္စတာဂမ်ဘာရီ ဗမာပြည်သို့လာရောက်ခဲ့တိုင်း ကျနော်တိုမသိနိုင်တဲ့ ရည်ရွယ်ချက် အမျိုးမျိုးသူ့မှာ ပါလာပါလိမ့်မည်။ သူ့ရည်ရွယ်ချက် တွေနဲ့ သက်ဆိုင်သည်ဖြစ်စေ၊ မသက်ဆိုင်သည်ဖြစ်စေ ဗမာပြည်နိုင်ငံရေးလောကကို ကိုယ်စားပြုသူများကိုတော့ တွေ့ဆုံစကားပြောဆို တာ၊ ဘက်အသီးသီးရဲ့ နိုင်ငံရေးအမြင်အယူအဆတွေကို ကြားနာရတာတွေကိုတော့ မုချလုပ်ရမှာပါပဲ။ ပြောဆိုတာ ၊ နားထောင်တာ ပြီးမှပဲ သူ နားလည်ချင်သလို နားလည်ယူသွားပါလိမ့်မည်။ တကယ်တော့ မစ္စတာဂမ်ဘာရီလာရောက်ခြင်း၊ မလာရောက်ခြင်းသည် ဗမာပြည်နိုင်ငံရေး ပြဿနာဖြေရှင်းရေးတွင် သော့ချက်ကျတဲ့ အရေးပါမှုတော့ မဟုတ်နိုင်ပါ။ သို့ပေမဲ့လည်း ပြဿနာဖြေရှင်းရေးတွင် ပြင်ပအကြောင်းအချက်များစွာထဲက အချက်အလက် တခုအဖြစ်နဲ့တော့ ပါဝင်နိုင်ပါသေးတယ်။

မစ္စတာဂမ်ဘာရီရဲ့ ခရီးစဉ်တိုင်းမှာ မုချကြားရမည့် အသံများအနက် ဗမာပြည်မှာ ယခုအထိ မျက်နှာချင်းမဆိုင်နိုင်သေးတဲ့၊ အဓိက နိုင်ငံရေးအုပ်စုကြီးနှစ်ခုဖြစ်တဲ့ နအဖ စစ်အုပ်စုရဲ့အသံနဲ့ ဒီ/ချုပ် တို့ရဲ့အသံကိုတော့ အထူးအာရုံစိုက် နားစွင့်မိကြပါလိမ့်မည်။ ဂမ်ဘာရီနဲ့ အခါအားလျော်စွာ တွေ့ဆုံခွင့်ရလိုက်တဲ့ အုပ်စုငယ်၊ အဖွဲ့ငယ်လေးတွေတော့ရှိပါရဲ့။ သူတို့ရဲ့အသံတွေကိုလဲကြားမိပါရဲ့။ ဒါပေမဲ့ သူတို့ ပါးစပ်ဖျားကထွက်တဲ့ အသံဆိုတာကလည်း နအဖရဲ့ အယူအဆ၊ အတွေးအခေါ်ကို သံယောင်လိုက်ပြီး လိုက်ပြောနေတာဖြစ်လို့ ထူးခြား ချက် စာရင်းကနေ ဖယ်ချန်ထားရင်ရတယ်။ နအဖ ဟာ သူ့ရဲ့ အစွယ်အပွားတွေနဲ့ သူရင်းငှားတွေကို ပွဲထုတ်ပြီး ဂမ်ဘာရီကို မျက်လှည့်ပြ ထားလို့ပါပဲ။

ဒီတခေါက် ဂမ်ဘာရီခရီးစဉ်အတွင်းက အဓိကကျတဲ့ နိုင်ငံရေးအုပ်စုကြီးနှစ်ခုဖြစ်တဲ့ နအဖစစ်အုပ်စုရဲ့အသံနဲ့ ဗမာပြည်၊ ပြည်သူ့များရဲ့ ဒီမိုကရေစီရေးလှုပ်ရှားမှုကို ရှေ့တန်းကဦးဆောင်ပြီး ရုန်းကန်ချီတက်နေတဲ့ အမျိုးသားဒီမိုကရေစီအဖွဲ့ချုပ်တို့ရဲ့ လတ်လတ်ဆတ်ဆတ် ရှိနေသေးတဲ့ အသံများကို အထူးအာရုံစိုက်ကာ နားလည်မှုယူကြည့်ဖို့ လိုအပ်လာပါပြီ။ မကြာမှီ နှစ်ပါတ်ကျော်လောက်ကမှ ပြောဆိုသွား တဲ့ အသံများကို ကြားသိခဲ့ကြတာနဲ့ တပြိုင်နက်တည်းမှာပဲ ဗမာပြည်နိုင်ငံရေးရဲ့ တကယ့်ပကတိ ဖြစ်တည်နေမှုတွေက ဘာလဲဆိုတာ ကိုလည်း စဉ်းစားမိကြလိမ့်မည်ဟု ယူဆရပါတယ်။

ဗမာပြည်ရဲ့ နိုင်ငံရေးပြဿာနာ ဖြေရှင်းရေးလို့ ပြောကြမယ်ဆိုရင်ပဲ ပြဿနာတွေက အထွေးလိုက် ပေါ်ထွက်လာပါလိမ့်မယ်။ အဲဒီပြဿ နာတွေကို အစီအစဉ်လိုက်၊ အဆင့်လိုက် ဖြေရှင်းနိုင်မှသာ ရနိုင်လိမ့်မည်ဟု ထင်မြင်ယူဆမိတယ်။ လက်ငင်းပြဿနာရဲ့ လုပ်ငန်းတာဝန် မှာ ဒီနိုင်ငံရေးအုပ်စုကြီး နှစ်ခုကြားမှာ တည်ရှိနေဆဲ၊ ဖုန်းကွယ်လို့မရနိုင်တဲ့ နိုင်ငံရေးပြဿနာများကို ဦးစွာပြေလည်အောင် ဖြေရှင်းနိုင် ရေးဟာ အရေးကြီးဆုံးနဲ့ အဓိကအကျဆုံးဖြစ်တယ်။ လက်တွေ့ရင်ဆိုင်နေရသောပြဿနာသည် ဗမာပြည်ရဲ့ ဒီမိုကရေစီရေး၊ အမျိုးသား သွေးစည်းညီညွတ်ရေး၊ တိုင်းပြည်တည်ငြိမ်အေးချမ်းရေး ... စတဲ့ ပြဿနာတွေနဲ့ တိုက်ရိုက်ဆက်နွှယ်နေလို့ပါပဲ။ ဒါဟာ ဗမာပြည်နိုင်ငံ ရေးရဲ့ ပကတိဖြစ်တည်နေတဲ့အရာ ကိစ္စများဖြစ်တယ်။ ဒါဟာ ဗမာပြည်နိုင်ငံရေးရဲ့ ရီယာယ်လတီ အခြေအနေများ ဖြစ်တယ်။

ဗမာပြည်နိုင်ငံရေးရဲ့ ပကတိအခြေအနေ ဒါမှမဟုတ် ရီယာယ်လတီကို ကြည့်မြင်ပြီး ကောက်ချက်ချတာ၊ သုံးသပ်ကြတာကအစ၊ လုပ်ငန်း စဉ်ရေးဆွဲထားကြတဲ့အထိ ဂမ်ဘာရီရဲ့ ခရီးစဉ်ထဲမှာ ပိုပြီးအသံကျယ်ကျယ်ကြားရပါလိမ့်မယ်။ ကိုယ်စားပြုနိုင်ငံရေးကို ပဲ့တင်ရိုက်ခတ် လာတဲ့ အသံတွေကို နားထောင်ရုံနဲ့ မလုံလောက်နိုင်။ ထိုအသံတွေက ဘာကိုကိုယ်စားပြုပြောဆိုနေတာလဲ။ ပြဿနာများအပေါ် ဘယ် လိုနိုင်ငံရေး ရပ်တည်မှု သဘောထားရှိနေလဲ၊ ဘာအမြင်နဲ့ကြည့်မြင်နားလည်ထားတာလဲ၊ ဘယ်နည်းနာများကိုစွဲကိုင် အသုံပြုနေကြ သလဲ။ ... ဆိုတာကိုတော့ နိုင်ငံရေးပါတီအသီးသီးရဲ့ လက်တွေ့ပြုမှု ဆောင်ရွက်ချက်များဖြင့် အကဲခတ်မှသာ မှန်ကန်သင့်တော်ပါလိမ့် မည်။ ဒီလိုမှသာ ဘယ်သူက ဘယ်လို နိုင်ငံရေးအမျိုးစားကို ကိုယ်စားပြုပြောဆို၊ လုပ်ကိုင်နေတယ်ဆိုတာ လက်ညှိုးထိုးထောက်ပြနိုင်မှာ ဖြစ်တယ်။

မစ္စတာဂမ်ဘာရီရဲ့ နောက်ဆုံးလာရောက်ခဲ့တဲ့ ခရီးစဉ်မတိုင်ခင်ကတည်းက ဒီ/ချုပ်ဟာ သူ့ရဲ့ နိုင်ငံရေးလုပ်ငန်းစဉ်တွေကို ထုတ်ဖော် ပြောဆိုခဲ့တာတွေ့ရတယ်။ ဂမ်ဘာရီရောက်လာပြီး တွေ့ဆုံခွင့်ရတဲ့ အခါမှာတော့ သူ့သဘောထားများကို ရှင်းရှင်းလင်းလင်း ဖော်ထုတ် လာပါပြီ။ ဒီ သဘောထားတွေဟာ ဒီ/ချုပ် ရဲ့ လတ်တလောလုပ်ငန်းစဉ်ဖြစ်တယ်ဆိုတာမျိုး ပြောဆိုလာတာကိုလည်း ကျနော်တို့ ကြားသိ ခဲ့ရပြီ။ အဲဒီလုပ်ငန်းစဉ်မှာ ပါရှိတဲ့ အချက် (၄ ) ချက် - နိုင်ငံရေး အကျဉ်းသားအားလုံးလွတ်ပေးရေး၊ ပြည်သူ့လွတ်တော်ခေါ်ယူပေးရေး၊ ဖွဲ့စည်းပုံအခြေခံဥပဒေဆိုင်ရာ ရီဗျူးကော်မတီဖွဲ့စည်းရေး၊ တွေ့ဆုံဆွေးနွေးအဖြေရှာရေး - ဖြင့် တင်းမာနေတဲ့ မျက်မှောက်ဗမာပြည် နိုင်ငံရေးအခြေအနေကို ထိုးဆွကြည့်လိုက်တယ်။

ဒီ/ချုပ် တင်ပြလာတဲ့ လုပ်ငန်းစဉ်ကို ထောက်ခံသူနဲ့ ကန့်ကွက်သူများ ချက်ချင်းပဲ ပေါ်ထွက်လာပါတယ်။ ထောက်ခံသူအများစုကတော့ ဗမာပြည် ပြည်သူတွေရဲ့ ဒီမိုကရေစီရေးကို အစဉ်တစိုက် ရုန်းကန်ပြီး အကောင်အထည်ဖော်နေသူတွေဖြစ်ကြပြီး၊ ကန့်ကွက်ပြောဆိုနေ သူတွေကတော့ လက်ရှိအာဏာချုပ်ကိုင်ထားတဲ့ နအဖစစ်အုပ်စုနဲ့ သူ့အစွယ်အပွားများဖြစ်ကြတယ်ဆိုတာ သိခဲ့ကြပြီးအတိုင်းပါပဲ။

နအဖ စစ်အုပ်စုက ဒီ/ချုပ်ရဲ့ တင်ပြချက်တိုင်းကို ခါးခါးသီး ပယ်ချခဲ့တာက ဒီတကြိမ်တော့မဟုတ်ပါဘူး။ (၁၉၉ဝ) ခုနှစ် မေ ရွေးကောက် ပွဲမှာ ဒီ/ချုပ် ကို ပြည်သူလူထုက သူတို့ကိုယ်စား တိုင်းပြည်ကို စီမံအုပ်ချုပ်ခွင့် အာဏာအပ်နှင်းကြောင်း ဆန္ဒမဲပေးပြီး ရွေးချယ်ခဲ့တယ်။ ဒီ/ချုပ် က (၉ဝ) ခုနှစ် ရွေးကောက်ပွဲမှာ မဲအပြတ်အသတ်နိုင်ခဲ့တယ်။ ဒါကတကယ့်ပကိအခြေအနေပါ။ တကယ့်အမှန်တရားပါ။ စစ်အုပ်စု က တကယ့် ပတိအခြေအနေကို ငြင်းပယ်ခဲ့တယ်။ အဲဒီကစတင်ခဲ့တဲ့ ငြင်းပယ်ခြင်းဟာ နှစ်ပေါင်းနှစ်ဆယ်ပြည့်တော့မှာပါ။ အနိုင်ရ ဒီ/ချုပ် အပေါ် စစ်အုပ်စုဟာ မကြေမချမ်းဖြစ်ခဲ့ပြီး အညှိုးတကြီးနဲ့ လက်တုန့်ပြန်နေတာ ဒီနေ့ အထိပဲ။ တတိုင်းပြည်လုံး သိတယ်။ အဲဒီက စတင်ခဲ့ တဲ့ နိုင်ငံရေးအရ မကြေလည်မှုကနေပြီး ဗမာပြည်မှာတည်ရှိနေတဲ့၊ မဖြေရှင်းနိုင်သေးတဲ့ နိုင်ငံရေးပြဿနာတွေကို နအဖစစ်အုပ်စုက ပိုမို ကြီးထွား၊ ပိုမိုနက်ရှိုင်းစေလိုက်တော့ တာပါပဲ။

နအဖ စစ်အုပ်စုဟာ တိုင်းပြည်ရဲ့ တကယ့်ပကတိ အခြေအနေကို မျက်ကွယ်ပြုပြီး၊ သူတို့ရဲ့ အာဏာလောဘတွေကို အခြေခံထားတဲ့ နိုင်ငံရေးလုပ်နည်းတွေနဲ့ စတင်လှုပ်ရှားလာခဲ့တယ်။ လွန်ခဲ့တဲ့ (၅) ကျော်လောက်က နအဖဟာ ဒီပဲယင်း အရေးအခင်းကို ဖန်တီးပြီး၊ ဒီ/ချုပ် ရဲ့နိုင်ငံရေးကို သင်းသတ်ပစ်ဖို့ကြိုးစားခဲ့တယ်။ အဲဒီအဖြစ်အပျက်နောက်ပိုင်း နအဖရဲ့ နိုင်ငံရေးလုပ်နည်းတွေနဲ့ ပတ်သက်ပီး ဗမာပြည်ရဲ့ခေတ်သစ်သမိုင်း (နယ်ချဲ့ဆန့်ကျင်ရေး၊ အမျိုးသားလွတ်မြောက်ရေးသမိုင်း) မှာသက်တမ်းအရှည်ကြာဆုံး နိုင်ငံရေးပါတီတခု ရဲ့ ခေါင်းဆောင်တယောက်က အဲဒီဖြစ်စဉ်ကို နိဂုံးချုပ်ပြီး မှတ်ချက်ချ ဝေဖန်ခဲ့ဘူးပါတယ်။ အဲဒါကတော့ “စစ်အုပ်စုရဲ့ နိုင်ငံရေးလုပ်နည်း မှာ သူတို့တတ်ကျွမ်းထားတဲ့ စစ်ရေးပရိယာယ် (D) ငါးလုံးပေါ်လစီကို အခြေအနေကြည့်ပြီးလုပ်ခြင်းဖြစ်သည်။ ” ဆိုပြိး မှတ်ချက်ချပါ တယ်။ ထိုခေါင်းဆောင်က ဆက်လက်ပြီး ဝေဖန်ချက်ပေးထားတာကတော့ “စစ်ရေးတွင် (D) ငါးလုံး ပေါ်လစီကျင့်သုံးလျှင် ဒါက လုပ်ရိုး လုပ်စဉ်ဖြစ်၍ ကမ္ဘာက၊ ပြည်သူက နားလည်ခွင့်လွတ်သည်။ နိုင်ငံရေးတွင်ကား ခွင့်မလွှတ်ကြ၊ ရှုတ်ချကြသည်” ဆိုတာပါပဲ။

အဲဒီ (D) ငါးလုံးပေါ်လစီဆိုတာကတော့ အောက်ပါအတိုင်းဖြစ်ပြီး၊ နအဖ စစ်အုပ်စုလုပ်နေတဲ့ မျက်မှောက်နိုင်ငံရေးလုပ်နည်းတွေနဲ့ ဆက်စပ်စဉ်းစားလိုက်မည်ဆိုလျှင် နအဖ ပြောနေတဲ့ ရီယာယ်လတီ ဆိုတာကို အကြမ်းသဘောတော့ တွေ့မြင်ရပါပြီ။

(၁) deny ( ငြင်းပယ်ပစ်ခြင်း)
- ဥပမာ - ၉ဝ ခုနှစ်ရွေးကောက်ပွဲရလာဒ်ကို ငြင်းပယ်ခြင်းမျိုး။

(၂) delay ( အချိန်ဆွဲခြင်း)
- ဥပမာ - ဒိုင်ယာလော့ကို ပုံစံမျိုးစုံဖြင့်အချိန်ဆွဲထားခြင်း။ ဒိုင်ယာလော့ကို ယတိပြတ်ပစ်ပယ်တာမလုပ်၊ ဆက်သားလွတ် ( ဗိုလ်အောင် ကြည်ကို လွှတ်ပီး) စကားပြောတာကိုပဲ ဒိုင်ယာလော့လိုလို ပုံဖျက် ပြောဆိုနေတာမျိုး။

(၃) deceive (လှည့်စားခြင်း)
- နအဖစစ်အုပ်စု အကျွမ်းကျင်ဆုံးအလုပ်ပါ။ အောက်တန်းကျတဲ့နည်း၊ တနပ်စားဥာဏ်နဲ့ လုပ်ရမယ် နည်းဆိုလည်းသူတို့ဝန်မလေးဘူး။ ပြီးတော့မလိမ့်တပါတ် လုပ်တတ်တဲ့ နည်းမျိုးတွေလဲ ထည်လဲ သုံးတတ်တယ်။ ဥပမာ
- ၉ဝ ခုနှစ်ရွေးကောက်ပွဲမှာ အနိုင်ရပါတီကို အာဏာလွှဲပေးပီး၊ စစ်တန်းလျားပြန်မယ် ပြောတာမျိုး။
- ဒီ/ချုပ် နဲ့ တော့တွေဆုံစကားပြောဖို့ နှုတ် အ နေပေမဲ့ အခြားအင်အားစုတွေနဲ့တော့ စေ့စပ်ဆွေးနွေးရေးတံခါး အမြဲဖွင့်ထားပါတယ် ဆိုတဲ့အပြောမျိုး။

(၄) disrupt (ရှုပ်ထွေးစေခြင်း၊ ကမောက်ကမဖြစ်စေခြင်း)
ဒီ/ချုပ် အပေါ်တလျှောက်လုံး ပြုမှုလုပ်ဆောင်နေတာကို မြင်တွေ့နိုင်တယ်။

(၅) destroy (ချေမှုန်းပစ်ခြင်း)
- ဒီ/ချုပ် ကိုချေမှုန်းဖို့ အကြိမ်ကြိမ်ကြိုးစားနေတာ၊ သူရဦးတင်ဦးနှင့် ဒေါ်အောင်ဆန်းစုကြည်တို့ကို အဖွဲ့အစည်းမှထုတ်ခိုင်းတာ၊ ဒေါ်စုကို လုပ်ကြံသတ်ဖြတ်ဖို့ကြိုးပမ်းအားထုတ်တာ၊ ခေါင်းဆောင်မှုအဖွဲ့နဲ့ အဖွဲ့အစည်းကင်းကွာသွားအောင် ခေါင်းဆောင်တွေကို ဖမ်းချုပ်ထား တာ၊ ပါတီအဖွဲ့အစည်းတွေ ရှင်သန်ခွင့်မရအောင် ဥပဒေ၊အမိန့်တွေနဲ့ကန့်သတ်ထားတာ၊ ပါတီအဖွဲ့အစည်းနဲ့ လူထုနဲ့ကင်းကွာအောင် လုပ်တာ၊ အဖွဲ့အစည်းအတွင်း သဘောထားကွဲလွဲသူတွေကို ခွဲထုတ်၊ ဖဲ့ထုတ်တာ၊ ဒီမိုကရေစီအခွင့်အရေး တောင်းဆိုသူတွေကို နှစ်ရှည် လများထောင်ချကာ၊ နိုင်ငံရေးပြန်ပေးဆွဲမှုများ ပြုလုပ်နေတာ ... စတဲ့ အချက်အလက်တွေက ဒီ/ချုပ် ကိုချေးမှုန်းရေး လုပ်နေတယ် ဆိုတာထင်ရှားလှတယ်။

ဒါတွေကတော့ (၉ဝ) ခုနှစ် ရွေးကောက်ပွဲမှာ ဒီ/ချုပ် က အနိုင်ရပီးတဲ့နောက်ပိုင်းမှာ - ဒီ/ချုပ် အပေါ်တွင်လည်းကောင်း၊ ဒီမိုကရေစီ ရေးလိုလား တောင်းဆိုနေသူများအားလည်းကောင်း၊ လူထု၊ လူတန်းစာအသီးသီးဟာ မိမိတို့နဲ့ သက်ဆိုင်တဲ့ အခွင့်အရေးတွေ မတရား အလုယက်ခံနေလို့ ပြန်လည်ရရှိရေး တောင်းဆို၊တိုက်ပွဲဝင်နေသူတွေ အပေါ်မှာလည်းကောင်း နအဖစစ်အုပ်စုဟာ အဲဒီ ပေါ်လစီကို ကိုင်စွဲပြီး နေ,မနား၊ ည,မအား ဖိနှိပ်,ချိုးနှိမ်နေတာကို ရူးသွပ်နေသူကလွဲရင် တတိုင်းပြည်လုံးသိတယ်။ မဆလတပါတီ အာဏာရှင် စနစ်ကို လူထုကဖြိုချလိုက်ပြီးနောက်၊ တိုင်းပြည်ရဲ့အာဏာကို စစ်တပ်က အကြွင်းမဲ့သိမ်းပိုက်လိုက်တယ်။ အဲဒီနောက် ဗမာပြည်ရဲ့ တကယ့်အခြေအနေဟာ ယခု တင်ပြခဲ့တဲ့အတိုင်းဖြစ်လာခဲ့တယ်။ ဖြစ်နေတယ်။

ဗမာပြည်ရဲ့ တကယ့်နိုင်ငံရေးဘဝ အခြေအနေကို ကြည့်ပြီး၊ ခံစားနားလည်ကြတဲ့နေရာမှာ တယောက်နဲ့တယောက်နဲ့၊ အုပ်စုတခုနဲ့တခု၊ အဖွဲ့အစည်းတခုနဲ့တခုမတူညီနိုင်။ ကွဲပြားခြားနားနေမယ်ဆိုတာ မပြောလည်းသိနိုင်တယ်။ ဒါပေမဲ့ တိုင်းပြည်တခုလုံးရဲ့ ပင်မလိုအပ်ချက် ဖြစ်တဲ့ ဒီမိုကရေစီရေး၊ ငြိမ်းချမ်းရေနှင့် သွေးစည်းညီညွတ်ရေး (အမျိုးသားအကျိုးစီးပွား) ဆိုတဲ့ ဘုံရပ်တည်ချက်ပေါ်ကနေ အစချီပြီး၊ တကယ့်ပကတိ အခြေအနေကို ခွဲခြမ်းစိတ်ဖြာကြရမယ်။ ပြဿနာတွေကို နားလည်ယူတာလုပ်ကြရမယ်။ ပြီးတော့ သမိုင်းဖြစ်ပေါ် တိုးပွား ရေးအမြင် ကိုလက်ကိုင်ထားပြီး လုပ်ကိုင်ဆောင်ရွက်ခြင်း အားဖြင့်သာလျှင် တည်ရှိဆဲပြဿနာများကို ကျော်လွှားနိုင်မှာဖြစ်တယ်။ အခု တော့ လျှာအရိုးမရှိတိုင်း ပြော, ပြောနေတဲ့ နအဖရဲ့ ရီယာယ်လတီ ဆိုတာက ဘယ်, အကျိုးစီးပွားပေါ် အခြေခံပြီး ပြောနေတာလဲ။ ဘယ် သူ့အတွက် ရီယယ်လတီလဲ။ ဆိုတာ စစ်ဆေး၊ မေးမြန်းစရာဖြစ်လာပါပြီ။

နအဖ စစ်အုပ်စုရဲ့ နိုင်ငံရေးလုပ်နည်းနဲ့ တိုင်းပြည်ကို အုပ်စိုးခဲ့တာ ဘယ်အထိဖြစ်ပေါ်တိုးပွားနေပြီလဲဆိုတာ ရှည်ရှည်ဝေးဝေးကြည့် နေစရာမလိုဘူး။ နှစ် (၂ဝ) စာလောက်ကိုပဲ မျက်စိကစားကြည့်လိုက်။ ပြီးတော့ မျက်မှောက် စစ်အုပ်စုရဲ့ လုပ်ကိုင်ဆောင်ရွက်ပုံတွေနဲ့ ဆက်စပ်လိုက်။ ဒီအခါမှာ နအဖ ပြောပြောနေတဲ့ ရီယာယ်လတီဆိုတဲ့ အခြေအနေဆိုတာဟာ ဒီယုန်မြင်လို့၊ ဒီချုံထွင်ထားတဲ့၊ နအဖရဲ့ အာဏာရမက်တွေကို အခြေပြုဖန်တီးယူထားတဲ့ အကြောင်းအချက်တွေဖြစ်တယ်ဆိုတာ ရှင်းရှင်းမြင်တွေနိုင်ပါတယ်။ ဒါပေမဲ့၊ ကြောင် တောင်ကန်းသူကတော့ မြင်နိုင်မှာ မဟုတ်ဘူး။ အကြောင်းကတော့ သူတို့ရဲ့ကိုယ်ခံအား (နိုင်ငံရေးရပ်တည်ချက်) ကြောင့်လို့ပဲ ပြောရ တော့မှာပဲ။

မဆလ စစ်အုပ်စုလက်ထဲကနေပြီး၊ အာဏာလွဲပြောင်းယူခဲ့တဲ့ နဝတ - နအဖ စစ်အုပ်စုရဲ့ အနှစ် (၂ဝ) လုပ်ဆောင်ချက်တွေက သူတို့ ပြောဆိုနေတာတွေနဲ့ ထပ်ထူကျခဲ့ပါသလား။ လူထုဆန္ဒတွေကို ဘယ်လောက် အကောင်အထည်ဖော်ပေးထားသလဲ။ လူထုအကျိုးစီးပွား တွေကို ဘယ်လောက်ထိ မြင့်တက်အောင်လုပ်ပေးနိုင်ခဲ့သလဲ။ ... စတဲ့ လက်တွေ့ကျတဲ့ မေးခွန်းတွေရဲ့အဖြေကပဲ တကယ့်ရီယာယ်လတီ ဆိုတဲ့ အကြောင်းအချင်းအရာတွေကို ပီပီပြင်ပြင် ဖော်ပြပေးနိုင်ပါလိမ့်မယ်။

အခုတလော နအဖစစ်အုပ်စုနဲ့ သူရဲ့သူရင်းငှားတွေက ရီယာယ်လီတီဆိုတဲ့ စကားကို တွင်တွင်ကျယ်ကျယ်သုံးစွဲလာတာကို သတိပြုမိကြ လိမ့်မယ်ထင်ပါတယ်။ နအဖ မီဒီယာ( ရေဒီယို၊ ရုပ်မြင်သံကြား၊စာနယ်ဇင်း) များတွင် မျက်စိရှုပ်လောက်အောင်၊ နားခါးလောက်အောင် ရေးသား ပြောဆိုနေတယ်။ ဒီစကားလုံးကို ဘယ်ကာလကစတင်ပြီး ပေါပေါများများသုံးစွဲလာခဲ့သလဲဆိုတော့ (၂ဝဝ၈) ခုနှစ်မေလတွင် နအဖ စိတ်တိုင်းကျ ရေးဆွဲခဲ့တဲ့ ဖွဲ့စည်းအုပ်ချုပ်ပုံ အခြေခံဥပဒေကို လူထုဆန္ဒခံပွဲပြုလုပ်ပြီး အတည်ပြုချက် ရယူထားပြီးနောက်ပိုင်း၊ နအဖအတွက် စားမဝင်အိပ်မပျော် လောက်အောင်၊ အရူးအမူးလိုချင်နေတဲ့ ရလဒ် ပေါ်ထွက်လာပြီး နောက်ပိုင်းကတည်းက ဒီနေ့အထိ ဆိုပါတော့။ အဲဒီကစပြီး ခြေရာကောက်ကြည့်ရင် နအဖ ပြော, ပြောနေတဲ့ ရီယာယ်လတီ ဆိုတာရဲ့ အဓိပ္ပါယ်ကို ရှင်းစရာမလိုအောင် သိမြင်နိုင်ပါလိမ့်မယ်။

နအဖဟာ သူ အရူးအမူးလိုချင်နေတဲ့ ရလဒ်ကို ဘယ်လို နည်းနာတွေ အသုံးပြုပြီးရယူခဲ့သလဲ။ လိုချင်တဲ့ရလဒ်ကို ရအောင်ယူတဲ့ အခါမှာ တိုင်းပြည်ရဲ့ အာဏာအဝဝကို ချုပ်ကိုင်ထားတဲ့အတိုင်း အာဏာကို ထိထိရောက်ရောက်အသုံးချနိုင်ခဲ့တယ်။ လူထုကို ဘက်ပေါင်းစုံ (နိုင်ငံရေး၊ စီးပွားရေး၊ လူမှုရေး) ကနေပြီး အကြပ်ကိုင်ခြင်း၊ ခြိမ်းခြောက်ခြင်း၊ ဥပဒေအမိန့်တွေ ထုတ်ပြန်ပြီး ဒီဖွဲ့စည်းပုံအခြေခံဥပဒေကို ဝေဖန်သူ၊ ဆန့်ကျင်သူတွေကို ဖမ်းဆီးခြင်း၊ ထောင်နှစ်ရှည်ချခြင်း ...စတဲ့ နည်းနာတွေကို အသုံးချခဲ့တယ်။ အသုံးချနေဆဲလည်း ဖြစ်တယ်။ အဲဒီနည်းနာတွေနဲ့ လူထုတွေရဲ့ ဆန္ဒတွေကို သွေးအေးအေးနဲ့ လုယက်ယူနိုင်ခဲ့တယ်။

အခြားနည်းနာ တခုကတော့ ဆန္ဒခံယူပွဲနဲ့တိုက်ဆိုင်နေတဲ့ကာလမှာအသုံးပြုခဲ့တဲ့နည်းနာပါ။ (၂ဝဝ၈) ခုနှစ်၊ မေလဆန်းပိုင်းက တိုင်းပြည် အတွက် အလွန်ကြေကွဲဖွယ် အဖြစ်ဆိုးကြီး တခုကြုံတွေ့ခဲ့ရတယ်။ အဲဒါက ဗမာပြည်ရဲ့သမိုင်းမှာ အဆိုးဝါးဆုံးဖြစ်ခဲ့တဲ့ သဘာဝ ဘေး အန္တရာယ်တခု ကျရောက်ခဲ့စဉ်ကဖြစ်ပါတယ်။ ပြည်သူတွေ သိန်းချီပြီး သေဆုံးခဲ့ရတယ်။ သန်းနဲ့ချီပြီး အိုးအိမ်မဲ့ဖြစ်ခဲ့ရတယ်။ တတိုင်း ပြည်လုံးဟာ အဲဒီ အဖြစ်အပျက်ကြောင့် ပူဆွေးသောကတွေရောက်နေချိန် ဖြစ်တယ်။ ဒီလို ပြည်သူတွေ ဝမ်းနည်းပူဆွေးဖြစ်နေချိန်ကို အခွင့်ကောင်းယူပြီး နအဖက နိုင်ငံရေးအမြတ်ထုတ်လိုက်ပါတော့တယ်။ အဲဒီနည်းနာတွေနဲ့ သူ့လိုအပ်ချက်ကို အတင်းအဓမ္မ ဖန်တီး ယူခဲ့တယ်ဆိုတာ နာကျင်နာကျည်းစွာ မြင်တွေ့ခဲ့ကြရပါတယ်။ အဲဒီအဖြစ်ပျက်တွေကို ကြည့်လိုက်ရင် နအဖစစ်အုပ်စုဟာ ပြည်သူတွေကို နှိပ်ကွပ်ပြီး၊ အကြင်နာကင်းမဲ့စွာနဲ့ သူ့တို့ လိုအပ်ချက်တွေကို အကောင်အထည်ဖော်လိုက်ကြတယ်။ ဒီအကြောင်းကိစ္စရပ်တွေကိုတော့ လူထုတွေရဲ့ အသိမှာ နာကျင်နာကျည်းစွာ စွဲကျန် နေအုံးမယ်ဆိုတာ သံသယရှိစရာမလိုပါ။

နအဖစစ်အုပ်စုဟာ ရူးမိုက်မှုတွေနဲ့ ရင်းနှီးပြီးရရှိလိုက်တဲ့ (၂ဝဝ၈) မေ ရလဒ်ဟာ ဒီပဲယင်းအရေးအခင်း (လက်နက်မဲ့လူထုနဲ့ ဒီ/ချုပ် အဖွဲ့ဝင်တွေကို နအဖရဲ့ လက်ကိုင်ဒုတ်တွေက အကြမ်းဖက်ပြီး ညတိုက်ပွဲဖြင့် ချေမှုန်းခဲ့ကြတယ်။ ဒီအရေးအခင်းမှာ လူထုတွေနဲ့ ဒီ/ချုပ် အဖွဲ့ဝင်တွေရဲ့ အသက်တွေ၊ သွေးတွေ၊ဘဝတွေစွန့်လွတ်ခဲ့ရတယ်၊ စွန့်လွတ်နေရဆဲလည်းဖြစ်တယ်) ဖန်တီးပြီး ပေါ်ထွက်လာတဲ့ နအဖရဲ့လမ်းပြမြေပုံ ရှေ့ဆက် သွားရေးကို လမ်းပွင့်သွားစေဖို့ အရေးကြီးအချက် ဖြစ်သွားစေခဲ့တယ်။ “သူခိုးရွှေရ၊ တပြပြ” ဆိုသလို နအဖဟာ လုယက်ယူထားတဲ့ အဲဒီ ရလဒ်ကို နိုင်ငံတကာအသိုင်းအဝိုင်းနဲ့ ပြည်တွင်းကလူထုကို လှည့်စားဖို့ တကယ့်ရီယာယ်လတီ ဆိုတဲ့ စကားနဲ့ အနားသတ်ပေးလိုက်ပါတော့တယ်။

လုယက်ပါရလဒ်ကို အသုံးပြုပြီး (၂ဝ၁ဝ) ကို ရွေးကောက်ပွဲအတွက် နေ့မအား၊ ညမနား ပြင်ဆင်နေတယ်ဆိုတာလည်း အားလုံးခံစားမိ ကြမှာပါ။ (၂ဝ၁ဝ) ရွေးကောက်ပွဲကို နအဖ စစ်အုပ်စုဟာ လွယ်လွယ်နဲ့ ကျော်နိုင်လိမ့်မယ်လို့ သူလဲထင်ထားပုံမရသလို၊ ပြည်သူလူထု ကလည်း သူကို လွယ်လွယ်နဲ့ကျော်ဖြတ်ခွင့်မပေးဘူးဆိုတာတို့ဟာ တိုင်းပြည်ရဲ့ တကယ့်နိုင်ငံရေးအခြေအနေပါ။

ဒီအခြေအနေကို ကျော်လွှားနိုင်ဖို့ နအဖဟာ အရေးကြီး နိုင်ငံရေးပြဿနာများကို မုချကိုင်တွယ်ရတော့မှာပါ။ ၉ဝ ခုနှစ်ရွေးကောက်ပွဲ ရလဒ်ကို ဘယ်လိုသဘောထားမလဲ။ အပစ်အခတ်ရပ်စဲရေးလုပ်ထားတဲ တိုင်းရင်းသား နိုင်ငံရေးအင်အားစုတွေကို ဘယ်လိုသဘော ထားမလဲ။ ... စတဲ့ ပြဿနာတွေက သူတို့ကို အိပ်မက်တစ္ဆေအဖြစ်နဲ့အခြောက်ခံနေရဆဲ။ ဒါပေမဲ့ ဘာမှမမှုသလို့အိနြေ္ဒကြီးတခွဲသားနဲ့ တွေ့ရပါလိမ့်မယ်။ လက်တွေ့မှာတော့ (၂ဝ၁ဝ) ကို ဘေးကင်း၊ ရန်ကင်းကျော်လွှားနိုင်ဖို့အတွက် နိုင်ငံရေးအကျဉ်းသားတွေကို ရက်ရက် စက်စက် ထောင်နှစ်ရှည်ချပြ နေတာမျိုး လုပ်ပြနေရတယ်။ တဖက်ကလည်း ဒုစရိက်မှုနဲ့ ထောင်ကျနေတဲ့ အကျဉ်းသားတွေကို ဟန်ပြ ဂရုဏာနဲ့ လွတ်ပြပြီး နိုင်ငံရေးအမြတ်ထုတ်နေတာတွေကိုလည်း တွေ့ကြပါလိမ့်မယ်။

ဘယ်လိုပဲဖြစ်ဖြစ် နအဖစစ်အုပ်စုဟာ လုယက်ပါရလဒ်ကို တကယ့်ရီယယ်လတီအဖြစ် ထင်မှတ်ပြီး (၂ဝ၁ဝ) ကို ကျော်ဖြတ်ဖို့ ရှိသမျှ အားတွေနဲ့ မီးကုန်ယမ်းကုန် မိုက်ကန်းဖို့ပြင်ဆင်နေတယ်။ တပြိုင်နက်တည်းမှာ တိုင်းချစ်ပြည်ချစ် နိုင်ငံရေးလုပ်ဆောင်သူတွေကို အကျဉ်းထောင်တွေထဲမှာ နှစ်ရှည်ထောင်ဒါဏ်တွေချမှတ်ပြီး နှိပ်ကွပ်၊ချေမှုန်းထားတယ်။ အဲဒီ အခြေအနေကိုပဲ နအဖက တကယ့် အခြေအနေ ၊ ရီယာယ်လတီ လို့ပြောနေတာပါ။

(၂ဝ၁ဝ) ကို နအဖ က အနှောက်အယှက် အဟန့်အတားမရှိသာ ကျော်သွားနိုင်ရင် သူစိတ်တိုင်းကျရေးဆွဲထားတဲ့၊ လေတိုးပေါက် မရှိ အောင် ရေးဆွဲထားတဲ့ နအဖရဲ့ ဖွဲ့အုပ်ချုပ်ပုံအခြေခံဥပဒေဟာ ကျားသေကို အသက်သွင်းလိုက်သလို ရှင်သန်လာပါလိမ့်မည်။ ဘာဆက်ဖြစ်လာမလဲဆိုတော့ - နအဖစစ်အုပ်စုရဲ့ စစ်အာဏာရှင်စနစ်ကို ပုံစံတမျိုးနဲ့ အတည်ပြုလက်ခံပေးလိုက်ရတာမျိုး လုပ်ပေးတော့ ရမယ်။ စစ်အုပ်စုနဲ့ သူ့အပေါင်းပါ လူတစုရဲ့ နိုင်ငံရေးအရ ဖိနှိပ်မှုတွေကို ခွင့်ပြုပေးရတော့ရမယ်။ စီးပွားရေး၊ လူမှုရေးနယ်ပယ် အသီး သီးမှာ လက်ဝါးကြီးအုပ်သွေးစုတ်တာ၊ ချုပ်ချုယ်ကန့်သတ်တာတွေကို ခေါင်းငုံ့ခံပေးရတော့မယ်။ တနည်းပြောရင် ပြည်သူလူထုဟာ စစ်ကျွန်ဘဝနဲ့ အမြဲတစေနေထိုင်ဖို့ ကိုယ့်ခြေ , လက်တွေကို တုတ်နှောင်ပေးလိုက်ရတော့မယ့် အခြေအနေမျိုးပါ။ ဒါတွေကမုချဖြစ်လာမဲ့ အရာတွေပါ။ ပြီးတော့ တိုင်းပြည်ရဲ့ဂုဏ်သိက္ခာ အဆင့်အတန်းကိုလည်း ပြန်လည်ဆန်းစစ်ပြီး၊ ဘယ်လိုဖြစ်လာမလဲဆိုတာကို တွေးကြည့် လိုက်မယ်ဆိုရင် ...

မဆလ စစ်အုပ်စု လက်ထက်မှာတော့ ဒီလိုထင်ယောင်မှားမှုတွေနဲ့ပဲ တိုင်းပြည်ဟာ ကမ္ဘာ့အဆင်းရဲဆုံးနိုင်ငံဖြစ်ခဲ့တယ်။ နအဖ ရဲ့ အနှစ် (၂ဝ) ကိုကြည့်လိုက်တဲ့အခါမှာတော့ - တိုင်းပြည်ရဲ့ပကတိအခြေအနေဟာ ဘာဖြစ်နေသလဲ - မဆလ လုပ်ခဲ့တဲ့စံချိန်ကို ချိုးဖို့လုပ်နေပြီ။ ကျရှုံးနိုင်ငံ (Failed State) ဖြစ်ခဲ့ဘူးတဲ့ ကမ္ဘောဒီးယား၊ ဆီရီယာလီယွန်၊ ဟေတီနိုင်ငံ၊ ဆိုမာလီယားနိုင်ငံများရဲ့ အခြေအနေရောက်ဖို့ (၇၅)% လောက်တော့ခရီးပေါက်နေပြီ။ (၂ဝ၁ဝ) ကို ကျော်သွားမယ်ဆိုရင် ဗမာပြည်ဟာ အဲဒီလိုကျရှုံးနိုင်ငံတွေလိုဖြစ်ဖို့ ကြိမ်းသေနေပြီ ဆိုတာကိုတော့ နအဖ စစ်ဗိုလ်ချုပ်တွေကို သတိပေးလိုက်ပါမယ်။

တိုင်းပြည်က ကျရှုံးနိုင်ငံဖြစ်ဖို့ ခြေတဖက်ကျွံဝင်နေပြီဖြစ်ပေမယ့်၊ တိုင်းပြည်အုပ်ချုပ်နေတဲ့ စစ်အုပ်စုနဲ့အပေါင်းပါတွေကတော့ လေတိုက် တိုင်းအကျိုးစီးပွားတွေ တိုးတက်နေလိုက်တာကလည်း ဒီနှစ်(၂ဝ)အတွင်းမှာပဲ ဆိုတာ ပြည်သူတွေသိနေကြတယ်။

နအဖ စစ်အုပ်စုဟာ အဲဒီအခြေအနေ ဖြစ်တည်လာဖို့ နှစ်(၂ဝ)လုံး၊ ဂုဏ်သိက္ခာမဲ့စွာနဲ့ နေ့မနား၊ ညမအား လုံးပန်းလာခဲ့တာ အခုတော့ သူလိုချင်တဲ့ အခြေအနေရောက်လာပြီလို့ ထင်မှတ်နေပုံရတယ်။ အဲဒီထင်ယောင်မှားမှုတွေကိုပဲ တကယ်ရီယာယ်လတီဆိုပြီး လူထုကို ဇွတ်အဓမ္မ လက်ခံ ခိုင်းနေတာပါ။

ဒါကြောင့် နအဖ စစ်အုပ်စုပြော , ပြောနေတဲ့ တကယ့်အဖြစ်မှန် ရီယာယ်လတီဆိုတာက စစ်အုပ်စုရဲ့ နှစ်(၂ဝ ) အတွင်းဖြစ်တည်လာခဲ့တဲ့၊ လုယက်သိမ်းပိုက်ထားတဲ့ (နိုင်ငံရေး၊ စီးပွားရေး၊ လူမှုရေး) အကျိုးစီးပွားများကို ထိန်းသိမ်းရေး၊ တိုးပွားအောင်လုပ်ရေး အခြေအနေ၊ အချက်အလက်များကို ခေါ်ဆိုနေခြင်းသာဖြစ်တယ်။

နအဖစစ်အုပ်စု ပြောပြောနေတဲ့ ရီယာယ်လတီဆိုတာက စစ်ဗျုရိုကရက်များရဲ့ အကျိုးစီးပွားကိုသာ အခွင့်သာချက်ဖြစ်စေတယ်။

ဧရာမလူထုကြီးဖြစ်တဲ့ လူမျိုးပေါင်းစုံ ပြည်သူအများစုရဲ့အကျိုးစီးပွားနဲ့လုံးဝ(လုံဝ) ကိုက်ညီမှုမရှိဘူး။ အဲဒီ ရီယာယ်လတီဟာ လူထု အတွက် အခွင့်သာစေမဲ့ အခြေအနေ၊ အချက်အလက်မဟုတ်ဘူး။

ဒါကြောင့်ပြည်သူလူထုဟာ မိမိတို့ရဲ့ အကျိုးစီးပွားများကို ဖြစ်ထွန်းစေမှာမဟုတ်တဲ့ ရီယာယ်လတီကိုတော့ လက်ခံမှာမဟုတ်ဘူး။ တည်ရှိ နေတဲ့ ရီယာယ်လတီကို မိမိတို့၏အကျိုးစီးပွား ဖြစ်ထွန်းစေမယ့်အခြေအနေ အချက်အလက်အဖြစ်တော့ ဖန်တီးယူကြပါလိမ့်မယ်။ သံ သယ လုံးဝမရှိကြပါနဲ့။

အဲဒီအတွက်လည်း ဆက်လက်ပြီး လုံးပမ်းတိုက်ပွဲဝင်သွားကြမယ်ဆိုတာကိုလည်း ရှင်းရှင်းပြတ်ပြတ် အသိပေးလိုက်ပါတယ်။ ။

နောင်ကြီး
၂၁ ဖေဖော်ဝါရီ၊ ၂ဝဝ၉



REF: နေ့သစ်

0 comments:

အပေါ်သို့