Friday, March 13, 2009

နိုင်ငံရေးအကျဉ်းသားများ လွှတ်ရန် အတိုက်အခံများ ပြောဆို

နန်းဒေ၀ီ

ကြာသပတေးနေ့၊ မတ်လ 12 2009

နယူးဒေလီ။ ။ လူထုခေါင်းဆောင် ဒေါ်အောင်ဆန်းစုကြည်နှင့် နိုင်ငံရေးအကျဉ်းသားများ ပြန်လွှတ်ရေးသည် အမျိုးသား ပြန်လည် သင့်မြတ်ရေးအတွက် အဓိကဖြစ်သည်ဟု ထိုင်းအခြေစိုက် မြန်မာအတိုက်အခံများက ယနေ့ ပြောဆိုသည်။

မြန်မာ စစ်အစိုးရအနေဖြင့် ဒီမိုကရေစီနှင့် အမျိုးသား ပြန်လည်သင့်မြတ်ရေး လမ်းကြောင်းကို ဖော်ဆောင်ရာတွင် အဓိကနှင့် အရေးကြီးဆုံးအဖြစ် နိုင်ငံရေးအကျဉ်းသားများ လွှတ်ပေးရေးသည် ပထမဦးဆုံး ခြေလှမ်းဖြစ်ကြောင်း သူတို့က ပြောဆိုကြသည်။

“၂၀၁၀ ရွေးကောက်ပွဲ မတိုင်ခင် စစ်အစိုးရအနေနဲ့ အမျိုးသား ပြန်လည်သင့်မြတ်ရေး၊ ဒီမိုကရေစီနိုင်ငံ ဖြစ်ထွန်းရေး ခြေလှမ်းလှမ်းနေတယ်လို့ ပြောနေချိန်မှာ စစ်အစိုးရက နိုင်ငံရေးအကျဉ်းသားတွေ လွှတ်ပေးရမှာက ပထမဦးဆုံးနဲ့ အရေးကြီးဆုံး အကြောင်းအရာပါ” ဟု နိုင်ငံရေးအကျဉ်းသားများ ကူညီစောင့်ရှောက်ရေးအသင်း (မြန်မာနိုင်ငံ) - အေအေပီပီ မှ အထွေထွေ အတွင်းရေးမှူး ဦးတိတ်နိုင်က မဇ္ဈိမကို ပြောသည်။

နိုင်ငံရေးအကျဉ်းသား ၂၀၀၀ ကျော် ထိန်းသိမ်းခံရဆဲဖြစ်ကြောင်း အေအေပီပီ စာရင်းအရ သိရသည်။

မနက်ဖြန်မှ စတင်ကာ အေအေပီပီနှင့်အတူ ထိုင်းနိုင်ငံအခြေစိုက် မြန်မာနိုင်ငံ ဒီမိုကရက်တစ် အင်အားစု - အက်ဒီဘီက ဒေါ်အောင်ဆန်းစုကြည် အပါအ၀င် နိုင်ငံရေး အကျဉ်းသားများ လွှတ်ပေးရန် လက်မှတ်ရေးထိုး လှုံ့ဆော်မည့် နိုင်ငံတကာဆိုင်ရာ ကင်ပိန်းကို ပြုလုပ်ကြမည်။

အက်ဒီဘီ အတွင်းရေးမှူးချုပ် ဒေါက်တာနိုင်အောင်က ''တွေ့ဆုံဆွေးနွေးရေးကို ထောင်ထဲမှာ ဓားစာခံလုပ်ပြီး ဆွေးနွေးတယ်ဆိုတာ မဖြစ်သင့်ဘူး။ ဒေါ်အောင်ဆန်းစုကြည် အပါအ၀င် ၈၈ မျိုးဆက်ကျောင်းသားတွေဟာ အာဏာကို မက်မောတာမျိုး လုံးဝ မရှိဘဲနဲ့ တိုင်းပြည်ရဲ့ ပြဿနာတွေကို ငြိမ်းငြိမ်းချမ်းချမ်း ဖြေရှင်းချင်တဲ့ သူတွေပါ။ တိုင်းပြည်မှာ ရေရှည်ဖြစ်လာမယ့် အရေးတွေကို မျှော်ကိုးပြီး နိုင်ငံရေးပြဿနာတွေကို နိုင်ငံရေးအရ ဖြေရှင်းမယ်ဆိုရင် ဒီလိုလူမျိုးတွေကို ထောင်ထဲမှာ မထားဘဲနဲ့ လွှတ်ပေးမယ်ဆိုရင် ပိုထိရောက်ပါတယ်'' ဟု ပြောသည်။

အက်ဒီဘီသည် မြန်မာ့ဒီမိုကရေစီအရေး လှုပ်ရှားနေသည့် အတိုက်အခံအဖွဲ့ ၇ ဖွဲ့ဖြင့် စုပေါင်းထားသည့် အင်အားစုဖြစ်သည်။

ကင်ပိန်ကို မေလ ၂၄ ရက်နေ့တွင် အဆုံးသတ်ကာ၊ လက်မှတ်ပေါင်း ၈၈၈၈၈၈ ရရှိရန် ပြုလုပ်မည်ဟု ဦးဆောင်သူများက ဆိုသည်။

ကင်ပိန်းနှင့် ပတ်သက်၍ ထိုင်းနိုင်ငံ ဘန်ကောက်ရှိ နိုင်ငံခြားသတင်းထောက်ရုံးတွင် ဒေသခံ မီဒီယာများ၊ နိုင်ငံခြားသား သတင်းထောက်များ ပါဝင်သည့် သတင်းစာ ရှင်းလင်းပွဲ လုပ်မည်ဖြစ်ကာ၊ နိုင်ငံရေး အကျဉ်းသားများ၏ ဘ၀သရုပ်ဖော်ချက်များ၊ ဓာတ်ပုံပြပွဲများပါ ပြသသွားမည်။

မနက်ဖြန် မတ်လ ၁၃ ရက်နေ့သည် “မြန်မာ့လူ့အခွင့်အရေးနေ့” ၂၁ နှစ်မြောက်နေ့နှင့် တိုက်ဆိုင်နေသည့်အပြင်၊ ကင်ပိန်းအဆုံးသတ် ၂၄ ရက်နေ့သည် ဒေါ်အောင်ဆန်းစုကြည်အား အကျယ်ချုပ်သက်တမ်း ပြည့်ပြီး လွတ်ရက်စေ့ရမည့် နေ့ဖြစ်သည်။

လက်မှတ်များကိုမူ ကုလ အထွေထွေအတွင်းရေးမှူးချုပ် မစ္စတာ ဘန်ကီမွန်းထံ ပေးပို့သွားမည်ဟု သိရသည်။

ပြီးခဲ့သည့် ဖေဖော်ဝါရီလတွင် မြန်မာနိုင်ငံဆိုင်ရာ လူ့အခွင့်အရေး အထူးကိုယ်စားလှယ် မစ္စတာ ကွင်တားနား၏ ၆ ရက်ကြာ မြန်မာပြည် ခရီးစဉ်အတွင်း နိုင်ငံရေးအကျဉ်းသားတချို့နှင့် တွေ့ဆုံခဲ့သည်။

ထိုလ ၂၁ ရက်နေ့တွင်မူ မြန်မာစစ်အစိုးရက ၂၀၁၀ ရွေးကောက်ရေး ပါဝင်နိုင်ရန်အတွက် ရည်ရွယ်သည်ဟု ဆိုကာ မြန်မာနိုင်ငံ အကျဉ်းစခန်းများမှ အကျဉ်းသား ၆၃၁၃ ဦးကို လွတ်ငြိမ်းချမ်းသာခွင့် ပေးခဲ့ရာ နိုင်ငံရေးအကျဉ်းသား ၃၀ ဦးခန့်သာ ပါဝင်ခဲ့သည်။



REF: မဇ္ဈိမ

0 comments:

အပေါ်သို့