Tuesday, March 10, 2009

UN နှင့် စစ်အစိုးရ ရိုဟင်ဂျာအရေး ဆွေးနွေး

Monday, 09 March 2009

ကမ္ဘာ့ကုလသမဂ္ဂ ဒုက္ခသည်များဆိုင်ရာ မဟာမင်းကြီးရုံး (UNHCR) အကြီးအကဲ မစ္စတာ အန်တိုနီယို ဂတ္တာရီသည် ရိုဟင်ဂျာများ အရေးကိစ္စနှင့် ပတ်သက်ပြီး နေပြည်တော်၌ မြန်မာ စစ်အစိုးရ တာဝန်ရှိသူများနှင့် ယနေ့တွင်တွေ့ဆုံ ဆွေးနွေး ကြောင်းသိရသည်။

မစ္စတာ အန်တိုနီယို ဂတ္တာရီသည် စစ်အစိုးရ၏ ခွင့်ပြုချက်အခြေအနေအရ အင်္ဂါနေ့တွင် ရခိုင်ပြည်နယ်သို့ သွားရောက်၍ ယင်းဒေသရှိ ရိုဟင်ဂျာလူမှုအသိုင်းအ၀န်းနှင့် တွေ့ဆုံရန် အစီအစဉ်ရှိသည်ဟု ရန်ကုန်မြို့ရှိ UNHCR ရုံးက ဧရာဝတီ သို့ ပြောသည်။

မစ္စတာ အန်တိုနီယို ဂတ္တာရီနှင့် ယနေ့ တွေ့ဆုံသည့် စစ်အစိုးရ အရာရှိများတွင် လူဝင်မှုကြီးကြပ်ရေး ၀န်ကြီးဌာန နှင့် နိုင်ငံခြားရေး ၀န်ကြီးဌာနများမှ အရာရှိများ ပါဝင်သည်ဟုလည်း ဆိုသည်။

မစ္စတာ အန်တိုနီယို ဂတ္တာရီ (ဓာတ်ပုံ - MPI)

မစ္စတာ ဂတ္တာရီ ခရီးစဉ်သည် ရိုဟင်ဂျာများ အရေးကိစ္စ တခုတည်းမဟုတ်ကြောင်းနှင့် လူသားချင်း စာနာမှုဆိုင် ရာ စိုးရိမ်ဖွယ်ရာ ကိစ္စများလည်း ပါဝင်ကြောင်း သို့သော် အသေးစိတ်ကို ပြောဆိုခွင့် မရှိကြောင်း ရန်ကုန် UNHCR ရုံးက ပြောသည်။

မစ္စတာ ဂတ္တာရီ မြန်မာနိုင်ငံသို့ မလာမီ ပြီးခဲ့သည့် စနေနေ့က ထိုင်းနိုင်ငံခြားရေး ၀န်ကြီး မစ္စတာ ကဆစ် ပီရိုမရ နှင့် ဘန်ကောက်မြို့၌ တွေ့ဆုံ၍ ရိုဟင်ဂျာအရေးကိစ္စကို UNHCR အနေနှင့် ပါဝင်ဆောင်ရန်အတွက် ဆွေးနွေး ခဲ့ကြောင်းလည်း သိရသည်။

မစ္စတာ ကဆစ်နှင့်တွေ့ဆုံပြီးနောက် လူသားချင်းစာနာမှုဆိုင်ရာ ကိစ္စနှင့် ရွှေ့ပြောင်းနေထိုင်လိုသူများနှင့်ပတ် သက်ပြီး ကောင်းမွန်သည့် ဘ၀ အခြေအနေများ ဖန်တီးပေးရေးကိစ္စများကို ဦးတည်ချက်ထား၍ မြန်မာနိုင်ငံသို့ သွားရောက်မည်ဖြစ်သည်ဟု သတင်းထောက်များကို မစ္စတာ ဂတ္တာရီက ပြောကြားခဲ့သည်။

အဆိုပါ ရွှေ့ပြောင်း ရိုဟင်ဂျာများကို အကာအကွယ်ပေးရေးနှင့် ဘင်္ဂါလီ ဟုတ်မဟုတ် စုံစမ်းရန် ထိုင်းအစိုးရနှင့် UNHCR တို့က သဘောတူညီမှုရခဲ့ကြောင်း၊ မြန်မာအစိုးရကမူ ရိုဟင်ဂျာများသည် မြန်မာ တိုင်းရင်းသားမဟုတ် ဘင်္ဂါလီများသာ ဖြစ်ကြောင်း ဆက်လက်ပြောဆိုနေသည်ဟု ဆိုသည်။

မြန်မာအာဏာပိုင်များ၏ ကန့်သတ်မှုများနှင့် လူ့အခွင့်အရေးချိုးဖောက်မှုများကြောင့် ရခိုင်ပြည်နယ်တွင်းရှိ ရိုဟင်ဂျာ မွတ်စလင်များသည် ယခုကဲ့သို့ ရွှေ့ပြောင်းထွက်ခွာလာခဲ့ကြကြောင်းသိရသည်။

ထောင်နှင့်ချီသော ရိုဟင်ဂျာများသည် ပင်လယ်ပြင်တွင်း လှေဖြင့် အင်ဒိုနီးရှားနှင့် မလေးရှားနိုင်ငံများသို့ ဦးတည် ထွက်ခွာလာခဲ့ကြရာမှ ထိုင်းနိုင်ငံပင်လယ်ကမ်းခြေတွင် တရားမ၀င် ရွှေ့ပြောင်းရောက်ရှိလာသူများအဖြစ် လူ ၁၀၀၀ ကျော် သောင်တင်နေခဲ့ကြခြင်းဖြစ်ကြောင်းလည်း သိရသည်။

မြန်မာနှင့် ဘင်္ဂလားဒေ့ရှ် နှစ်နိုင်ငံ စလုံးက ယင်းလှေစီး ရိုဟင်ဂျာများ၏ နိုင်ငံရင်းနှင့် လူမျိုး အစစ်အမှန်နှင့်ပတ် သက်ပြီး သဘောတူညီမှုမရှိဘဲ ပြန်လည်ခေါ်ယူရန်လည်း ငြင်းဆိုနေခဲ့ကြသည်။



REF: ဧရာဝတီ

0 comments:

အပေါ်သို့