Friday, March 13, 2009

သတင်းစာတွေလက်ဝါးကြီးအုပ်ထားရုံနှင့်အားမရသည့်စစ်အစိုးရ


မတ်လ(၁၃) ရက်၊ ၂၀၀၉

နအဖစစ်အစိုးရက စစ်တပ်ပိုင် မြဝတီသတင်းစာတစောင် ထုတ်ရန် စီစဉ်နေကြောင်း အဆိုပါသတင်းစာအတွက် အကြံဉာဏ်ပေးနေသူ အငြိမ်းစား အစိုးရသတင်းစာ စာတည်းမှူးတဦးက ပြောသည်။

၎င်းက “သူတို့က ၂ဝဝ၈ ခုနှစ်ကတည်းက ပြင်ဆင်နေတာ။ လုပ်မယ့် သတင်းစာကတော့ လက်ရှိ ထွက်နေတဲ့ မြန်မာ့အလင်း၊ ကြေးမုံလို ပုံစံပဲ။ ဖွဲ့စည်းပုံရော၊ လစာပေးစနစ်တွေကိုပါ အဲဒီသတင်းစာတွေကိုကြည့်ပြီး လုပ်နေ တာ။ ဒါပေမယ့် စစ်တပ်ပိုင်လုပ်မှာဆိုတော့ ခန့်ထားတဲ့ စာတည်းမှူးချုပ်ကအစ အရာရှိအဆင့်အများစုဟာ တပ်မ တော်သားတွေပဲ ဖြစ်တယ်” ဟု ပြောသည်။

အဆိုပါ သတင်းစာထုတ်ဝေရေးနှင့် ပတ်သက်၍ မြဝတီသတင်းစာတိုက် ဖွဲ့စည်းပုံ၊ လက်ရှိ အင်အားနှင့် လိုအပ်ချက်၊ လစာပေးစနစ်၊ မြန်မာ့အလင်း၊ ကြေးမုံသတင်းစာများနှင့် နှိုင်းယှဉ်ချက် စသည့်စာတမ်းများအပြင် ၂ဝဝ၈ ဒီဇင်ဘာ (၁၉) ရက်နေ့က ပြုလုပ်သည့် မြဝတီသတင်းစာတိုက် ပုံနှိပ်ဖြန့်ချိရေးလုပ်ငန်းအတွက် သတင်းစာဆရာကြီးများနှင့် တွေ့ဆုံပွဲမှတ်တမ်းများကိုလည်း ခေတ်ပြိုင်က ဖတ်ရှုခွင့်ရရှိခဲ့သည်။

ခေတ်ပြိုင်က ဖတ်ရသည့် မှတ်တမ်းများအရ မြဝတီသတင်းစာတိုက်ကို စာတည်းမှူးချုပ် ဒုတိယဗိုလ်မှူးကြီးဝင်းဗိုလ်၊ အုပ်ချုပ်မှုဌာန ဗိုလ်ကြီးဇော်လှိုင်မြင့်နှင့် အခြားအဆင့် (၂၈) ဦး၊ စာတည်းဌာန (မြန်မာ) တာဝန်ခံ ဗိုလ်မှူးအောင်နေထွန်း၊ ဗိုလ်ကြီးအောင်ဆန်းဦးနဲ့ တပ်သား (၃) ဦး၊ သုတေသနမှူး ဗိုလ်ကြီး လှိုင်မြင့်ထွန်း စသဖြင့် ဖွဲ့စည်းထားပြီ ဖြစ်ကြောင်း သိရသည်။

လစာပေးစနစ်နှင့် ပတ်သက်၍ မြန်မာ့အလင်း၊ ကြေးမုံသတင်းစာများ ပေးသည့်အတိုင်း စာတည်းမှူးချုပ် တလ ကျပ် (၁၄ဝ,ဝဝဝ)၊ တနှစ် (၂,ဝဝဝ) တိုး တလ (၁၅ဝ,ဝဝဝ) ဂိတ်ဆုံး၊ စာတည်းမှူး တလ ကျပ် (၁၂ဝ,ဝဝဝ- ၁၃ဝ,ဝဝဝ) စသဖြင့် ရာထူးအဆင့်ဆင့်အတိုင်း အနိမ့်ဆုံး လစာ (၄၆,ဝဝဝ) အထိ ပေးထားသည်။ ကျန် အောက်ခြေဝန်ထမ်း များကိုမူ အခြားသတင်းစာတိုက်များနည်းတူ အနည်းဆုံးလစာ ကျပ် (၁၅,ဝဝဝ)၊ နေ့စား တရက် ကျပ် (၅ဝဝ) နှုန်းသတ်မှတ်ထားသည်။

မြဝတီသတင်းစာတိုက်သည် အရာရှိနှင့် အခြားအဆင့် စုစုပေါင်း ဝန်ထမ်း (၁၅ဝ) ဦးရှိသည့် မြန်မာ့အလင်းသတင်း စာတိုက်နည်းတူ ဝန်ထမ်းအင်အား စုစုပေါင်း (၁၄၁) ယောက်ဖြင့် လုပ်ကိုင်ရန် လျာထားသည်ကို တွေ့ရသည်။ သို့သော် တပ်မတော်သား အရာရှိ အရာခံ အကြပ် တပ်သား ဝန်ထမ်း စုစုပေါင်း (၄၅) ဦးသာ ခန့်ထားနိုင်သေးပြီး အခြားလိုအပ်သည့် အရာရှိ၊ အခြားအဆင့် ကျွမ်းကျင်ဝန်ထမ်းများ ရရှိရန် ရှာဖွေနေကြောင်း သိရသည်။

စစ်အစိုးရသည် စစ်တပ်ပိုင် မြဝတီရုပ်မြင်သံကြား အသံလွှင့်ဌာနကို ထူထောင်ထားပြီး မြန်မာနိုင်ငံအနှံ့က ထပ်ဆင့်လွှင့်ရုံများကိုလည်း မြန်မာ့ရုပ်သံ ထပ်ဆင့်လွှင့်ရုံများနှင့် သီးခြားခွဲပြီး စစ်တပ်ပိုင်ဧရိယာများတွင် တည်ဆောက်ထားသည်။ ယခုနောက်ပိုင်း မြဝတီရုပ်သံလွှင့်ဌာနသည် မူလရုပ်သံ တလိုင်းတည်း လွှင့်နေရာကနေ နောက်ထပ် (၂) လိုင်းတိုးပြီး စုစုပေါင်း (၃) လိုင်း လွှင့်ထုတ်လာသည်။

ယခုကဲ့သို့ စစ်တပ်ပိုင် သတင်းစာတစောင်ထုတ်ရန် ပြင်ဆင်နေသည့်အပေါ် ဝါရင့်သတင်းစာဆရာတဦး မေးမြန်းကြည့်ရာ ၎င်းက “စစ်အစိုးရဟာ လာမယ့် ၂ဝ၁ဝ မှာ ရွေးကောက်ပွဲတွေ လုပ်ပေးမယ်။ ဒီမိုကရေစီလမ်းကို သွားနေပြီ စသဖြင့် ကြေညာနေပေမယ့်လည်း တကယ့်လက်တွေ့ စာပေနဲ့ သတင်းရေးသားထုတ်ဝေခွင့်ကို ဆိုးဆိုး ရွားရွား ကန့်သတ်ထားဆဲ ဖြစ်ကြောင်း၊ နောက်ပိုင်း သတင်းလုပ်ငန်းထဲကို စစ်အာဏာပိုင် အသိုင်းအဝန်းက ဝင်ရောက်လုပ်ကိုင်တာ များလာပါတယ်။ စာပေနဲ့ သတင်းလွတ်လပ်ခွင့် မပေးဘဲ အရေအတွက် များများ ထုတ်ဝေခွင့်ပေးတဲ့ စနစ် အကောင်အထည်ဖော်နေတာ ဖြစ်နိုင်ပါတယ်။ ဒါကိုကြည့်ရင် ၂ဝ၁ဝ ခုနှစ်နဲ့ နောက်ပိုင်းမှာ လည်း စာပေနဲ့ သတင်းလွတ်လပ်ခွင့် ပေးမှာမဟုတ်ဘဲ အရေအတွက် များများ ထုတ်ဝေတာမျိုးသာ ခွင့်ပြုလာ နိုင်စရာ ရှိတယ်” ဟု သုံးသပ်ပြောဆိုသည်။

ယခုလက်ရှိ မြန်မာနိုင်ငံတွင် နေ့စဉ်ထုတ် သတင်းစာ (၃) စောင် ရှိပြီး အားလုံးသည် စစ်အစိုးရပိုင်ဖြစ်သည်။ သတင်းစာ (၃) စောင်ဆိုသော်လည်း အားလုံးတွင်ဖော်ပြထားသည့် သတင်းနှင့် အာဘော်များသည်လည်း အတူတူပင်ဖြစ်သည်။



REF: ခေတ်ပြိုင်

0 comments:

အပေါ်သို့