ထိုင်းနိုင်ငံ ဘန်ကောက်မြို့ အကျဉ်းထောင်တခုကနေ ၁၉၉၆ ခုမှာ ထောင်ဖောက်လွတ်မြောက်သွားတဲ့ မူးယစ်ဆေး ကုန်ကူးမှုနဲ့ ထောင် ကျခဲ့တဲ့ ဒေးဗစ်မက်မီလန်က သူ့ရဲ့ ထောင်ဖောက်မှုအတွေ့အကြုံကို အခုလို ဝေမျှပါတယ်။ [ထောင်ဖောက်ပြေးရာမှာ] အရေးကြီးတကာ့အရေးကြီးဆုံးအချက်ကတော့ လျှို့ဝှက်ရေးပါဘဲ။ တကယ်တော့ ထောင် ထဲမှာ ကျနော့်ရဲ့ လျှို့ဝှက်ချက်ကို ထိန်းထားပေးနိုင်မယ့်လူ တယောက်မှမရှိပါဘူး။ ...
"ကျနော့်ကို ရဲ ၄ ယောက်က ဘန်ကောက်မြို့ တရုတ်တန်းက ခရီးသွားအေဂျင်စီရုံးခန်းထဲ လာဖမ်းတဲ့အချိန်ကစပြီး [ထွက်ပြေးဖို့] စ,ကြံစည်ခဲ့တာဖြစ်ပါတယ်။ တပတ်လောက်ကြာတော့ ကျနော် ထောင်ထဲရောက်သွားတဲ့အခါ ကျနော်ဟာ သံတိုင်တွေ၊ အုတ်နံရံတွေ၊ လျှပ်စစ်လွှတ်ထားတဲ့ သံဆူးကြိုးတွေကို စတင်လေ့လာပြီး ထွက်ပြေးနိုင်ဖို့ အကောင်းဆုံးနေရာကို ရှာဖွေခဲ့ပါတယ်။ ကျနော်ဟာ အဆောင် ၆ မှာ သွားနေခဲ့ပါတယ်။ ဘာလို့လဲဆိုတော့ အဆောင် ၆ က ပြူတင်းပေါက် သံတိုင်တွေဟာ အသေးဆုံးဖြစ်လို့ပါဘဲ။...
အဲဒီထောင်မှာ ထောင်ဝါဒါကလည်း သိတ်မများပါဘူး။ အကျဉ်းသား ၁၂၀ ကို ဝါဒါတယောက်နှုန်းလောက်ဘဲ ရှိမယ် ထင်ပါတယ်။ တကယ်တော့ အဲဒီထောင်ကို အစိုးရက ကိုင်တွယ်ထိန်းသိမ်းတာမဟုတ်ဘဲ ထိန်းသိမ်းရေးဂေါပကအဖွဲ့ တခုက အုပ်ချုပ်တာဖြစ်ပါတယ်။ ယူနီဖောင်းတွေမှာ ပန်းပွားတွေ၊ လေထီးခုန်တံဆိပ်တွေ၊ အပွင့်တွေ အချောင်းတွေ တပ်ပြီး ဟန်ရေးပြနေတဲ့လူတွေ ဖြစ်ပါတယ်။
စီမံကိန်းဆွဲခြင်းသည် ပထမ
ပထမဆုံးလုပ်ရမှာက တယောက်ထဲနေလို့ရတဲ့ အကျဉ်းခန်းလေးရဖို့ဖြစ်ပါတယ်။ အကျဉ်းခန်းအများစုဟာ ကားဂိုဒေါင် တလုံးစာလောက် ရှိပြီး အကျဉ်းသား ၂၅ ယောက်လောက် စုနေရပါတယ်။ ငါးသေတ္တာဗူးထဲက ငါးတွေလို ကျပ်ညပ်ပြီး အိပ်ရပါတယ်။
လူတိုင်းကိုသံခြေကျင်းတွေ ခတ်ထားတဲ့အတွက် တချွင်ချွင်အသံလည်း မြည်နေပါတယ်။ မီးကိုလည်း တညလုံး ထွန်းထားပါတယ်။ ကျနော်ကတော့ ပိတ်ဖွင့်လို့ရတဲ့ မီးခလုတ်တခုရအောင် ပိုက်ဆံပေးပြီး အကြံအဖန်လုပ်ခဲ့ပါတယ်။
ကျနော် ထောင်ထဲမှာ ငွေအများကြီးအကုန်ခံခဲ့ပါတယ်။ ကျနော့်မှာ ရုံးခန်းတခန်း၊ ထမင်းချက်တယောက်၊ သန့်ရှင်းရေးသမားတယောက် စသဖြင့် ထားပါတယ်။ တလကို ဒေါ်လာ ၇၀၀ ကျော်လောက် အကုန်ခံနိုင်ရင် ထောင်ထဲမှာ ဇိမ်နဲ့နေလို့ရပါတယ်။ ဒါပေမဲ့ သိထားဖို့က ထောင်ထဲရောက်လာသူ ရာဇဝတ်သားအများစုဟာ လူ့အဖွဲ့အစည်းက စွန့်ပယ်ပစ်လိုက်သူတွေဖြစ်ပါတယ်။ ကိုယ့်ရဲ့ဘဝမှာ မျှော်လင့် ချက်တွေ ပျောက်ဆုံးသွားပြီး မိတ်ဆွေအပေါင်းအသင်း ဘာမှမကျန်တော့သလောက် ဖြစ်သွားကြသူတွေဖြစ်ပါတယ်။
အကျဉ်းသားအများစုဟာ ထောင်ဖောက်ပေးဖို့ကိစ္စ ပြောရင် တအားတက်ကြွ စိတ်ပါလာတတ်ပါတယ်။ ဒါပေမဲ့ သိတ် မကြာခင်မှာဘဲ 'နေစမ်းပါဦး။ မဖြစ်သေးပါဘူး' လို့ သဘောပေါက်သွားတတ်ပါတယ်။ အရင်က ထောင်ဖောက်ဖို့ ကြိုးစားခဲ့ပြီး မအောင်မြင်ခဲ့တဲ့ အကျဉ်းသားငါးယောက်ကို ခဏအတွင်းမှာ သွားသတိရလို့ဖြစ်ပါတယ်။ ဒီငါးယောက် ဟာ အပြင်ဆုံးအုတ်နံရံအထိ ရောက်သွားခဲ့ပြီးမှ ပြန်မိခဲ့တာဖြစ်ပါတယ်။ သူတို့အားလုံး ပြစ်ဒဏ်တိုက်ပိတ်ခံရပါတယ်။ ပြစ်ဒဏ်တိုက် ဆိုတာ အဝတ်ဘီဒိုအသေးတလုံးလောက်ရှိတဲ့ သွပ်လှောင်အိမ်ဘဲဖြစ်ပါတယ်။ သူတို့ကို အဲဒီတိုက်ထဲ ကနေ ဆင်ခတ်တဲ့သံမဏိထူးကြိုးကြီးတွေခတ်ပြီး နေ့တိုင်း ထုတ်လိုက်သွင်းလိုက် လုပ်ပါတယ်။ အပြင်ထုတ်ချိန်မှာ ရိုက်နှက်ညှဉ်းဆဲပါတယ်။ ငါးယောက်မှာ လေးယောက်သေသွားခဲ့ပါတယ်။
ကျနော်ဟာ ထောင်ဝင်စာအထုပ်ထဲမှာ သေသေချာချာဝှက်သွင်းလာတဲ့ သံဖြတ်လွှတွေနဲ့ ညသန်းခေါင်အချိန်မှာ သံတိုင်တွေကို စဖြတ် ပါတယ်။ တကယ်တော့ သံတိုင်တချောင်းဘဲ ဖြတ်ဖို့လိုပါတယ်။ ဒါတောင် တချောင်းလုံး ပြတ်အောင် ဖြတ်ဖို့မလိုပါဘူး။ ကျနော့်အဖော် ဆွီဒင်လူမျိုးဗလကြီးက ဆွဲကွေးပစ်နိုင်လို့ ဖြစ်ပါတယ်။ ကျနော်ကတော့ အတွင်းခံဘောင်းဘီတိုဝတ် ကိုယ်မှာဆီသုတ်ထားပြီး သံတိုင် ကြားကနေ လျှောထွက်လိုက်ပါတယ်။
နောက်ဆုံးအဟန့်အတား
ကျနော် အခန်းပြင်ရောက်ပြီးနောက် တိုက်ဝင်းထဲကထွက်နိုင်ဖို့ ပျဉ်တချပ်သုံးရပါတယ်။ အဲဒီပျဉ်က စာအုပ်စင်ကပျဉ် ဖြစ်ပါတယ်။ ကျနော့်အခန်းထဲကပစ္စည်းအားလုံးဟာ ထောင်ဖောက်ရာမှာ အထောက်အကူရဖို့ ရည်ရွယ်ပြီး ရှာဖွေစု ဆောင်းထားတာဖြစ်ပါတယ်။ ပရိဘောဂတွေဟာ လှေခါးတွေဖြစ်သွားပြီး ခန်းဆီးတွေက ကြိုးတွေဖြစ်သွားပါတယ်။
ကျနော်ဟာ အုတ်နံရံ ၆ ခုကို ကျော်ရမှာဖြစ်ပါတယ်။ ဒါကြောင့် ကျနော်ဟာ အလုပ်ရုံတခုထဲဝင်ပြီး လှေခါးရှည်တခုနဲ့ ဝါးလုံးရှည် တချောင်း ယူလိုက်ပြီး အုတ်နံရံတွေကို တခုပြီးတခု ကျော်ခဲ့ပါတယ်။ ဝါဒါတွေ ဘယ်မှာအိပ်တယ် ဆိုတာကို ကျနော်စုံစမ်းထားပြီး ဖြစ်ပါတယ်။ ဒါပေမဲ့ တယောက်တလေက ကင်းလှည့်တာမျိုး ရှိတတ်ပါတယ်။ အဲသလိုကင်းလှည့်နေတဲ့အခါ ကျနော်အမှောင်ရိပ်မှာ ပုံးနေရပါတယ်။
မနက် ၄ နာရီလောက်ရောက်ချိန်မှာ ကျနော်ဟာ အတော့်ကို ပင်ပန်းနုံးချိနေပါပြီ။ ဘာခံစားမှုမှမရှိတော့ဘဲ ထုံကျင်နေပြီး စက်ရုပ်လိုဘဲ လှုပ်ရှားနေမိပါတယ်။ ဘေးပတ်ဝန်းကျင်ကို လှည့်ကြည့်လိုက်တော့ ဒီဒုက္ခဆင်းရဲကမ္ဘာလေးထဲမှာ လူပေါင်း ၁၂၀၀၀ လောက် ပြစ်ဒဏ် ကျခံနေရင်း လုံးလုံးလျားလျားပိတ်မိနေတာကို ဆင်ခြင်မိတော့ ငါလည်း ထောင်မဖောက်နိုင်ရင် ဒီလိုဘဲနေရမှာဘဲလို့ အတွေးပေါက် မိပါတယ်။
လျှပ်စစ်လွှတ်သံဆူးကြိုးတပ် နောက်ဆုံးအုတ်တံတိုင်းထိပ်ကို ကျနော်ရောက်တဲ့အချိန်မှာ အရုဏ်ပျို့လာပြီး အရှေ့ဘက်ကောင်းကင်မှာ လိမ္မော်ရောင်နုနုလေး စလွင်လာပါပြီ။ တနည်းအားဖြင့်ပြောရရင် ကျနော့်ရဲ့အချိန်ဇယား နောက်ကျနေတဲ့ သဘောပါဘဲ။ ဒါပေမဲ့ ဘယ်လိုဘဲဖြစ်ဖြစ် ထောင်ပြင်ကိုတော့ ခန္ဓာကိုယ်ရောက်နေပါပြီ။ ဒီလိုခံစားမှုမျိုး ကျနော်မခံစားရတာကြာပါပြီ။ ကလေးဘဝတုံးကတော့ မနက်အိပ်ရာထတဲ့အချိန်မှာ ကမ္ဘာလောကကြီးထဲ ကောင်းတဲ့အရာတွေရှိတယ်ဆိုတာကို သိရတဲ့အရသာမျိုးပေါ့။
ကားလမ်းကိုဖြတ်ကူးလိုက်ပြီး နေခဲ့ရတဲ့ထောင်ကို အရင်မမြင်ခဲ့ရတဲ့ မြင်ကွင်းကနေ တခဏပြန်ငေးကြည့်မိပါတယ်။ အရင်ကြည့်ခဲ့ရတဲ့ မြင်ကွင်းကတော့ ထောင်ကိုအပို့မှာ သံခြေကျင်းတွေ၊ ထောင်အဝတ်အစားတွေနဲ့ လူ ၂၀၀ လောက် ပြွတ်သိပ်နေတဲ့ အချုပ်ကားပေါ် ကနေ မြင်ခဲ့ရတဲ့ မြင်ကွင်းပါ။ ဒီ့နောက် ကျနော် တက္ကဆီတစီးငှားပြီး ထွက်လာခဲ့ပါတော့တယ်။"
ဒီဆောင်းပါးရေးတဲ့ ဒေးဗစ်မက်မီလန်ဟာ ဘန်ကောက်ဟီလ်တန်ဟော်တယ် လို့ခေါ်ကြတဲ့ ဘန်ကောက်ထောင် က ဖောက်ပြေးနိုင်ခဲ့တဲ့ တဦးတည်းသော အနောက်နိုင်ငံသားဖြစ်ပြီး ဗြိတိန်နိုင်ငံမှာ တရားဝင်နေထိုင်နေပါတယ်။ ထိုင်းနိုင်ငံနဲ့ သြစတြေးလျနိုင်ငံတို့ကတော့ သူ့ကို ဖမ်းဝရန်းထုတ်ထားပါတယ်။
ဘီဘီစီ (မတ်လ ၁ ရက် ၂၀၀၉ ခု)
ဂါမဏိ
REF: နေ့သစ်
Friday, March 13, 2009
လက်တွေ့ထောင်ဖောက်ခြင်း သင်ခန်းစာ - ဂါမဏိ
Subscribe to:
Post Comments (Atom)
0 comments:
Post a Comment