Monday, March 9, 2009

စစ်တပ်ကို စည်းရုံးရေး ဗကပ တိုက်တွန်း

Wednesday, 04 March 2009

မြန်မာပြည် ဒီမိုကရေစီရေးအတွက် စစ်အစိုးရ စစ်တပ်အတွင်းရှိ တပ်မတော်သားများကို စည်းရုံးသိမ်းသွင်းရန်နှင့် အမျိုးသားဒီမိုကရေစီအဖွဲ့ချုပ် (အန်အယ်လ်ဒီ)အား အကာအကွယ်ပေးရန် အတိုက်အခံ ဒီမိုကရေစီအင်အားစု များကို ဗမာပြည်ကွန်မြူနစ်ပါတီ (ဗကပ) က တိုက်တွန်းလိုက်သည်။

လက်ရှိကမ္ဘာ့ အခြေအနေ မြန်မာ့အခြေအနေအရ စစ်တပ်ထဲတွင် တာဝန်ထမ်းဆောင်ဆဲ မျိုးချစ် ရဲဘော်များ ပေါ် လာနိုင်ကြောင်း၊ ယခုအချိန်မှစတင်၍ စည်းရုံးသိမ်းသွင်းရန် လိုအပ်ကြောင်း၊ လမ်းမပေါ် ဆန္ဒထွက်ပြသော လူထု ကို နှိမ်နင်းရန် ထွက်လာသည့်စစ်တပ်ကို သွားစည်းရုံးပါက အချိန်နောက်ကျမည်ဖြစ်ကြောင်း ၂၀၀၉ ခု မတ်လ ၁ ရက်နေ့ ရက်စွဲဖြင့်ထုတ်ပြန်သော ဗကပ အထွေထွေအတွင်းရေးမှူး၏ အစီရင်ခံစာတွင် ဖော်ပြထားသည်။

“အခု စပြီးလုပ်ရမှာက နိုင်ငံတော် စစ်တပ်ကို ထိုးဖောက်စည်းရုံးရေးနဲ့ ပြင်ဆင်ရပါမယ်”ဟု အစီရင်ခံစာက ဆို သည်။

လက်ရှိ စစ်အစိုးရက ဦးတည်ထားသည့်ရန်သူမှာ ပြည်တွင်းရှိ မြန်မာ့ဒီမိုကရေစီရေး၏ အဓိက ဗဟိုဖြစ်သော ဒေါ်အောင်ဆန်းစုကြည် ခေါင်းဆောင်သည့် အန်အယ်လ်ဒီ ပါတီဖြစ်နေသည့်အတွက် အန်အယ်လ်ဒီကို မထိ ခိုက်စေသင့်ကြောင်း၊ ထိခိုက်စေရန်ပြုလုပ်သူများကို ဗကပ က အတိအလင်းဆန့်ကျင်သွားမည်ဖြစ်ကြောင်းနှင့် အန်အယ်လ်ဒီကို ကာကွယ်ခြင်းသည် အတိုက်အခံအားလုံး၏ ဦးစားပေးတာဝန် ဖြစ်သင့်ကြောင်းလည်း အစီရင် ခံစာတွင် ပြောဆိုထားသည်။

ထို့အပြင် ၁၉၈၈ ခုနှစ် ဒီမိုကရေစီရေး လူထုအုံကြွမှု မအောင်မြင်ရခြင်းသည် အဓိက ကျသည့် ဗဟို ဦးဆောင်မှု မရှိခြင်းဖြစ်သည်ဟုလည်း ၎င်း အစီရင်ခံစာက ထောက်ပြပြောဆိုသည်။

အစီရင်ခံစာအရ“ပြည်ပတွင်ဖြစ်စေ၊ ပြည်တွင်း၌ ဖြစ်စေ စင်ပြိုင်အစိုးရ ဖွဲ့ခြင်းအား ဗကပ အနေနှင့် မူအရ ဆန့်ကျင် ကန့်ကွက်ကြောင်း”လည်း သိရသည်။

ပြည်ပရှိ အတိုက်အခံ အဖွဲ့အစည်းများကိုလည်း ပွင့်ပွင့်လင်း ဝေဖန်ထားသည်ကို ယင်း အစီရင်ခံစာတွင် တွေ့ရှိ ရသည်။

ပြည်ပအတိုက်အခံအဖွဲ့များသည် ရန်ပုံငွေရှာ ရပ်တည်ရသည့်အတွက် စီမံကိန်းအဆိုပြု(Proposal) နိုင်ငံရေး လုပ်နေကြပြီး အလှူရှင်(Donor)ရှာသည့် အလုပ်မှာ အဓိက အလုပ်ဖြစ်နေကြောင်း၊ ထောက်ခံသူ စည်းရုံးသည့် (Lobby) နိုင်ငံရေးများ ပြုလုပ်နေကြကြောင်း အစီရင်ခံစာက ဆိုသည်။

ထို့အပြင် ပြည်တွင်း၌ စစ်အာဏာရှင်၏ ဖိနှိပ်မှုအောက်တွင် နေရသူများက ပြတ်သားသည့် လမ်းစဉ်ဖြင့် ကြံ့ကြံ့ခံ ရပ်တည်နေကြပြီး ပြည်ပရောက်နေသူများထဲတွင် အရှုံးပေးရေးလမ်းစဉ်က အသံကျယ်လောင်စွာဖြစ်ပေါ်နေ သည်ကို အံ့သြဖွယ်တွေ့မြင်နေရကြောင်း၊ ၂၀၀၈ ခုနှစ် အခြေခံ ဥပဒေနှင့် ၂၀၁၀ ရွေးကောက်ပွဲ အပေါ်သဘော ထားမှုတွင် ကွဲလွဲနေကြခြင်းဖြစ်ကြောင်း၊ ဗကပ အနေနှင့်မူ အရှုံးပေးရေးလမ်းစဉ်ကို ပြတ်ပြတ်သားသားဆန့်ကျင် သွားမည်ဖြစ်ကြောင်းတို့ကို အစီရင်ခံစာတွင် ဖော်ပြသည်။

မြန်မာပြည် ဒီမိုကရေစီတော်လှန်ရေးတွင် ရေတိုစဉ်းစားနည်းဖြင့် မအောင်မြင်ကြောင်းနှင့် ရေရှည်စီမံကိန်း နည်းဖြင့် လုပ်ဆောင်ကြရန်လည်း ၎င်း အစီရင်ခံစာက ဒီမိုကရေစီအင်အားစုများကို တိုက်တွန်း ထားသည်။

ဗမာပြည်ကွန်မြူနစ်ပါတီ(ဗကပ)သည် မြန်မာပြည်လွတ်လပ်ရေးရရှိရန် ကြိုးပမ်းမှုတွင် ပါဝင်ခဲ့သည်။

၁၉၈၈ ခုနှစ် လူထုအုံကြွမှုနှင့်ပတ်သက်ပြီး ဗကပ ၏ သွေးထိုးလှုံ့ဆော်မှုကြောင့်ဟု စစ်အစိုးရက စွပ်စွဲပြောဆို ကာ ဖမ်းဆီးအရေးယူမှုများ ရှိခဲ့သည်။

၁၉၈၉ ခုနှစ် ဗကပ ပြိုကွဲခဲ့ပြီးနောက်ပိုင်းတွင် ၎င်း၏တက်ကြွသည့် နိုင်ငံရေးလှုပ်ရှားမှုများကို မတွေ့ရှိရတော့ပေ။



REF: ဧရာဝတီ

0 comments:

အပေါ်သို့