Friday, March 13, 2009

တိုင်းမှူး မ တည်ငွေထည့်သည်ဆိုသော မူလတန်းကျောင်းသစ် ဆောက်ဖို့ ဒေသခံများထံ ပိုက်ဆံထပ်ကောက်

ကြာသပတေးနေ့၊ 12 မတ်လ 2009

သျှမ်းပြည်အရှေ့ပိုင်း ကျိုင်းတုံခရိုင် မိုင်းယန်းမြို့၌ မူလတန်းကျောင်းသစ်တကျောင်းဆောက်လုပ်ဖို့ တြိဂံတိုင်းမှူး ဗိုလ်ချုပ် ကျော်ဖြိုးက မ တည်ငွေကျပ် ၁ သန်းထည့်သည်ဟုဆိုသော်လည်း မိုင်းယန်း မယက ဥက္ကဌနှင့်ကြံ့ခိုင်ရေး နှင့်ဖွံ့ဖြိုးရေး အသင်းအား ဒေသခံများထံ ပိုက်ဆံနှင့် ဆောက်လုပ်ရေး ပစ္စည်းများ ထပ်မံဆင့်ဆိုကောက်ခံခိုင်းသည်ဟု သျှမ်းပြည် အရှေ့ပိုင်းသတင်းရပ်ကွက်ကဆိုပါသည်။

ယခုလ ၃ ရက်နေ့က ထိုသို့ဆင့်ခေါ်ခြင်းဖြစ်ပြီး အဆိုပါကျောင်းသစ်ကို မိုင်းယန်းမြို့နယ် ဈေးတန်းရပ်ကွက်၌ ဆောက် လုပ်မည်ဖြစ်၏။

“တအိမ်ထောင်ကို တရုပ်ငွေ ၁၅ ယွမ် ကောက်တယ်။ ၆ ဘီး ကုန်ကားတစီး ဘိလပ်မြေ ၁၀ အိပ်၊ထော်လာဂျီ အကြီးစား တစီး ၅ အိပ် ၀ယ်ပေးရတယ်။ ထော်လာဂျီ အသေးစားတွေတော့ အုတ်၊ သဲ၊ ကျောက်တွေတင်ပေး ရတယ်။ လုပ်အား ပေးပေါ့ ” ဟု ဈေးတန်းရပ်ကွက်နေ အသက် ၃၀ ကျော်အိမ်ထောင်သည်အမျိုးသားတစ်ဦးက ပြောပြသည်။

မိုင်းယန်းမြို့တွင်း ၆ ဘီး ကုန်တင်ကား ၁၆ စီး ၊ ထော်လာဂျီအကြီး အစီး ၅၀ ကျော် နှင့် ထော်ဂျီသေး အများအပြားရှိကြောင်း၊ တိုင်းမှူးက ကျောင်းသစ်ဆောက်လုပ်ရန် မ တည်ငွေ ထည့်ပေးသည်ဟုဆိုသော်လည်း မိုင်းယန်း ဒေသခံ အိမ်ခြေ ၆၇၀ ကျော်ထံမှ ယွမ်ငွေ ၁၀,၀၀၀ ကျော်ထပ်မံ ကောက်ယူရရှိကြောင်း ၎င်းက ဆက်လက်ပြောပြသည်။

ဈေးသည် အမျိုးသမီးတစ်ယောက်ကလည်း “တြိဂံတိုင်းမှူးက မတည်ငွေထည့်ပေးတယ်လို့သာပြောတာ။ မြို့ခံတွေဆီ ကဘဲကောက်ထား ယွမ် ၁ သောင်းကျော်နေပြီ။ တိုင်းမှူးက ပြည်သူကိုကူတာလား၊ ပြည်သူက တိုင်းမှူးကိုကူတာလား တော့ မသိဘူးဆိုပြီး ဈေးသူဈေးသားတွေဟာသ လုပ်ပြောနေကြတယ်။ အခုတပတ်အတွင်း ဆင့်ဆိုထားတဲ့ ဘိလပ်မြေ တွေ ပိုက်ဆံတွေအပြီးကောက်ပြီး မိုင်းယန်းမြို့နယ် ဥက္ကဌ ဦးရဲလင်းအောင်ဆီမှာသွားအပ်ထားပြီ။ တြိဂံ တိုင်းမှူး ဗိုလ်ချုပ် ကျော်ဖြိုး နေပြည်တော် ၄ လ ပတ် အစည်းအဝေးကပြန်လာမှ မူလတန်းကျောင်းသစ်အုတ်မြစ်ချ မယ်လို့ပြောတယ်” ဟု ပြော၏။

ယနေ့မိုင်းယန်းမြို့တွင် ဘိလပ်မြေ တအိပ်ရောင်းဈေး တရုပ်ငွေ ၃၅ ယွမ်ရှိကြောင်း၊ ဗမာငွေလဲလှယ်နှုန်းမှာ ၁ ယွမ် လျှင် ကျပ် ၁၅၀ ခန့်ရှိသည်ဟု ၎င်းင်းကဆက်လက်ပြောပြသည်။



REF: သျှမ်းသံတော်ဆင့်

0 comments:

အပေါ်သို့