Monday, April 12, 2010

အတိုက်အခံခေါင်းဆောင်ဦးဝင်းတင်နဲ့ မေးခွန်းများ

ဧပြီ ၁၁၊ ၂၀၁၀

ဒီ/ချုပ်ရဲ့ ဒီ/လှုပ်တွေရဲ့ လူထုကို မျက်နှာမူတဲ့ နိုင်ငံရေး

မတ်လ ၂၉ ရက် အင်န်အယ်ဒီပါတီက ၂၀၁၀ ရွေးကောက်ပွဲ ဥပဒေ အလိုအတိုင်း ပါတီကို ထပ်ပြီး မှတ်ပုံတင်နေစရာ မလိုဘူးလို့ ဆုံးဖြတ်တယ်။ အဲသည်တော့ ၁၉၉၀ ရွေးကောက်ပွဲ အနိုင်ရပါတီ အင်န်အယ်ဒီက စစ်အစိုးရ ထပ်မံကျင်းပဦးမှာ ဖြစ်တဲ့ ၂၀၁၀ ရွေးကောက်ပွဲကို ငြင်းပယ်လိုက်တာ ဖြစ်ပါတယ်။

အဲသည်နောက်မှာ မိုးမခမှာ မောင်ရစ်က မြန်မာပြည်သူတွေရဲ့ ခေါင်းဆောင်၊ အတိုက်အခံ ခေါင်းဆောင် ဒေါ်အောင်ဆန်းစုကြည်နဲ့ ပါတီရဲ့ သဘောထားဟာ တထပ်တည်း ကျတယ်။ လူထုရဲ့ သဘောထားကို ထင်ဟပ်တယ်။ အဲသည် မတ် ၂၉ ဆုံးဖြတ်ချက်ဟာ ဦးဝင်းတင် ပြောသလို မြန်မာပြည် ဒီမိုကရေစီရေး အတွက် အောင်ပွဲတခု ဖြစ်တယ်လို့ ဆိုတာကို ကောက်နုတ်တယ်။ ပြီးတော့ ဒေါ်စု၊ ပါတီ၊ ပါတီဝင်နဲ့ ပြည်သူတွေရဲ့ အများစုဆန္ဒကို ကြားထဲကနေပြီး ၀င်နှောက်နေစရာ၊ သံသယ သွေးထိုးစကားတွေ ပြောနေစရာ မလိုဘူး ဆိုပြီး ဆောင်းပါးက ရေးထားပါသေးတယ်။

နောက် မိုးမခမှာပဲ နောက်ဆောင်းပါးတခုမှာ (မိုက်ခဲစိန်) က အင်န်အယ်ဒီပါတီရဲ့ ပြည်သူလူထုထံ ပြန်ကြားချက် ( အနှစ် ၂၀ လုံးလုံး ဒီမိုကရေစီရေးကို စွန့်လွှတ်အနစ်နာခံပြီး ဆောင်ရွက်ခဲ့ကြတဲ့ အင်န်အယ်ဒီ ပါတီဟာ ပြည်သူလူထုကို တောင်းပန်ပါတယ် ဆိုတဲ့စာ) ကို ပြန်ပြီး သုံးသပ်ပြရာမှာ အင်န်အယ်ဒီ ပါတီဟာ စစ်အစိုးရ ကမ်းလှမ်းခဲ့တဲ့ ၁၉၉၀ ရွေးကောက်ပွဲလမ်းကြောင်းကို လက်ခံပြီး စစ်အစိုးရရဲ့ စကားအတိုင်း ရွေးကောက်ပွဲဝင်ခဲ့တယ်၊ အနိုင်ရတဲ့နောက်ပိုင်းမှာလည်း စစ်အစိုးရနဲ့ တွေ့ဆုံဆွေးနွေး အဖြေရှာဖို့ အမြဲကြိုးစားတယ်။ အနှစ် ၂၀ လုံးလုံး မှာ စစ်အစိုးရချပေးတဲ့ ရွေးကောက်ပွဲ လမ်းကြောင်းဟာ မအောင်မြင်တဲ့ လမ်းကြောင်း၊ ဆုံးရှုံးနစ်နာမှုနဲ့ ထိခိုက်ပျက်စီးစေတဲ့ ငရဲလမ်းကြောင်းပဲ ဖြစ်တယ်ဆိုတာကို အင်န်အယ်ဒီက မီးမောင်းထိုးပြပြီးတော့ သတ္တိရှိရှိနဲ့ စစ်အစိုးရရဲ့ ငရဲလမ်းကြောင်းကနေ လမ်းခွဲ လိုက်တာဖြစ်လို့ တောင်းပန်နေစရာ မလိုပါလို့ ဆိုထားခဲ့ပါတယ်။

အဲသည်အချိန်ကာလ မတ် ၂၉ ကနေ ယခု ဧပြီ ၁၀ ရက်အတွင်း ၁ ပတ်ကျော် ကာလ အတွင်းမှာ အင်န်အယ်ဒီ ပါတီရဲ့ ခြေလှမ်းအပေါ်မှာ အမျိုးမျိုးသော တုန့်ပြန်ချက်တွေ၊ ဝေဖန်မှုတွေ၊ အာဘော်တွေ မျိုးစုံ တွေ့ရ ကြုံရ ကြားရပါတယ်။ အဓိကကတော့ အင်န်အယ်ဒီဟာ စစ်အစိုးရ ဖြစ်စေချင်သလို ကိုယ့်တပ်ကို ကိုယ် ဖျက်သိမ်းလိုက်တယ် ဆိုတဲ့ အသံတချို့လည်း ပါဝင်ပါတယ်။

ဖြစ်ချင်တော့ တိုက်တိုက်ဆိုင်ဆိုင် အင်န်အယ်ဒီက ပါတီခေါင်းဆောင်အချို့က နေပြီးတော့ ပါတီကို စနစ်တကျ ဖျက်သိမ်းနိုင်ရေး အတွက် ဦးတင်ဦး ဦးဆောင်ပြီး စီမံခန့်ခွဲရေး အထူးကော်မတီ ဖွဲ့လိုက်တယ်လို့ ထုတ်ပြန် လာပါတယ်။ အတိုက်အခံ ခေါင်းဆောင် ဦးတင်ဦးကလည်း ပါတီပိုင် ပစ္စည်းတွေ၊ စာရင်းတွေကို စနစ်တကျဖြစ်အောင် ပြင်ဆင်တယ်လို့ ဆိုလိုက်ပါတယ်။ အဲသည်မှာ ပါတီကို ဖျက်သိမ်းဖို့ ပြင်ဆင်တာမဟုတ်၊ ပါတီက ဆက်လက် မှတ်ပုံတင်မှာ မဟုတ်လို့ ပြေပြေလည်လည်ဖြစ်အောင် ဆိုပြီး ပြင်ဆင်တာလို့ ပြောထားတော့ အဲသည်ကိစ္စဟာ တဖက်က ထောက်ပြစရာ၊ အင်န်အယ်ဒီရဲ့ တည်ရှိမှုကို မေးခွန်းထုတ်စရာ ဖြစ်လာပါတော့တယ်။

အဲသည်အတွက် ပါတီရဲ့ ခေါင်းဆောင်များထဲက လွတ်လပ်ပွင့်လင်းစွာ ပြောဆိုလေ့ရှိသူ ဦးဝင်းတင် အတွက် မေးခွန်းတွေကို မေးမြန်းပြီး အဖြေရှာကြရန် ကြိုတင် ပြင်ဆင်ကြပါတယ်။ ပါတီက မေလ ၆ ရက်တောင် မရောက်သေးခင်မှာ အစောကြီးကတည်းက ကြိုပြီးတော့ ပစ္စည်းစာရင်းတွေ လုပ်နေရပြီလား။ ဘာလဲ၊ ဘယ်လဲ ဆိုတဲ့ မေးခွန်းပါ။ ပါတီဟာ ၁၉၉၀ မတိုင်ခင် ၁၉၈၈ စက်တင်ဘာ ၂၇ မှာကတည်းက မှတ်ပုံတင်ထားတဲ့ ပါတီဖြစ်တယ်။ ၁၉၉၀ ရွေးကောက်ပွဲ အနိုင်ရထားတဲ့ အတိုက်အခံ ပါတီကြီးတခုလည်း ဖြစ်နေတယ်။ ၂၀၁၀ ရွေးကောက်ပွဲဥပဒေက တောင်းဆိုနေတဲ့အတိုင်း မှတ်ပုံ ထပ်မံ တင်နေစရာ မလိုဘူးလို့ သဘောထား ထုတ်ပြန် ထားတာမျှသာ ဖြစ်ပါတယ်။ ဥပဒေစကားအရ ကပ်ပြီး ပြောကြကြေးဟေ့ ဆိုရင် မှတ်ပုံထပ်တင်စရာ မလိုလို့ ပြောရုံနဲ့ တင်ပြီးသား မှတ်ပုံတင်ကို ပြန်အပ်လိုက်ပြီ၊ ရုတ်သိမ်းလိုက်ပြီ ဆိုတာမျိုး ပြောဆိုတာမျိုးလည်း မသက်ရောက်ပါ။ ဒါတွေက ဘာသဘောလဲ။ ပါတီဝင်တွေနဲ့ ပြည်သူတွေက ဘယ်လို နားလည်မှာလဲ ဆိုတဲ့ မေးခွန်းပါ။

ဆရာကို မေးခွန်းမေးဖို့ တွေ့ဆုံရန် ကြိုးစားနေစဉ်ကာလမှာပဲ မိုးမခရဲ့ အတည် မပြုနိုင်တဲ့ သတင်းအရ အဲသည် စီမံခန့်ခွဲရေး ကော်မီတီကို စေခိုင်းသူက ပါတီဥက္ကဋ္ဌ ဦးအောင်ရွှေ ဖြစ်တဲ့အကြောင်း၊ ပစ္စည်းစာရင်း လုပ်ဖို့ သိမ်းကြ ဆည်းကြဖို့အတွက် ဦးတင်ဦးနဲ့ အဖွဲ့တဖွဲ့ ထူထောင်ပြီး လုပ်တာကို ဒေါ်အောင်ဆန်းစုကြည်နဲ့ အချို့သော ပါတီ ခေါင်းဆောင်တွေက သဘောထား ပေးကြရာမှာ နိုင်ငံရေး ပါတီတရပ်ဟာ စတင် ဖွဲ့စည်းထားစဉ်က အတိုင်း မူလအတိုင်း ရပ်တည်မယ်လို့ ဆိုထားတဲ့အတွက် ဒီအလုပ်တွေ လုပ်နေစရာ မလိုဘူး၊ ပါတီဟာ လက်ရှိ လုပ်ငန်းစဉ်များ၊ လှုပ်ရှားမှုများ၊ အလံတော်များ၊ ဆိုင်းဘုတ်များအတိုင်း ဆက်လက် ရပ်တည် ရှိမြဲ နေမြဲအတိုင်း နေရမှာ ဖြစ်တယ်လို့ ၀ိုင်းဝန်း ပြောဆိုကြတဲ့ အတွက် အဲသည် စီမံခန့်ခွဲမှု ကော်မီတီစခန်းလည်း ရပ်တန်းက ရပ်သွားတယ် ဆိုတဲ့အကြောင်း ကြားသိရပါတယ်။

ဆရာ့ကို အထက်က မေးခွန်းကို မေးရန် ရည်ရွယ်ထားတဲ့အတိုင်း မေးတဲ့အခါမှာတော့ ဆရာက ဒီကိစ္စတွေကို အကျယ်တ၀င့် အသေးစိတ် မပြောနေတော့ဘဲ အခုလို သဘောထားကို ပေးပါတယ်။

“အခုအချိန်မှာ အင်န်အယ်ဒီဟာ အဖွဲ့အစည်း အမည်အားဖြင့် ဒီ/ချုပ် - ဒီမိုကရေစီ အဖွဲ့ချုပ် ဖြစ်တယ်။ ဒီ/ချုပ်မှာ ပါဝင်ကြတဲ့သူတွေဟာ ဒီမိုကရေစီရေး လှုပ်ရှားသူတွေ - ဒီ/လှုပ် တွေ ဖြစ်တယ်လို့ ပြောချင်ပါတယ်။ ဒီ/ချုပ် ပဲ ဖြစ်ဖြစ်၊ ဒီ/လှုပ် ပဲ ဖြစ်ဖြစ် ဒီမိုကရေစီ အရေးအတွက် လုပ်စရာတွေက အများကြီး ရှိနေပြီး ဖြစ်တယ်။ ပါတီရဲ့ ရွှေဂုံတိုင် ကြေငြာချက်ကို မူတည်ပြီးတော့၊ ပြီးတော့ ပါတီရဲ့ မူလ ရပ်တည်ချက်တွေဖြစ်တဲ့ ဒီမိုရေစီရေး၊ ငြိမ်းချမ်းရေး၊ တွေ့ဆုံဆွေးနွေး အဖြေရှာရေး အတွက် ထောက်ရမယ့် ဒေါက်တွေကိုလည်း ဆက်လက် တည်တံ့ခိုင်ခန့်အောင် လုပ်နေရမှာ ဖြစ်တယ်။

ပါတီအဖွဲ့အစည်းရဲ့ ပါတီတွင်း ပြန်လည်တည်ဆောက်ရမယ်၊ တိုးတက်အောင် လုပ်ရမယ်။ ပါတီရဲ့ မဟာမိတ်တွေဖြစ်တဲ့ စီအာရ်ပီပီနဲ့ တိုင်းရင်းသား အဖွဲ့အစည်းတွေ၊ မိတ်ဆွေတွေနဲ့လည်း ဆက်လက် လက်တွဲ ဆောင်ရွက်သွားရမယ်။ ပြီးတော့ နိုင်ငံတကာက မိသားစုတွေ၊ သံတမန်တွေ အားလုံးနဲ့ အရှေ့ အနောက် အားလုံးနဲ့ အပြုသဘောအဖြစ် ဆက်ဆံသွားရမယ်။ တိုးချဲ့ရမယ်။ တပြိုင်နက်တည်းမှာပဲ ဒီမိုကရေစီနဲ့ ငြိမ်းချမ်းရေး လိုလားတဲ့ မြန်မာပြည်သူတွေရဲ့ အရေး ကိစ္စတွေအတွက်လည်း ပိုပြီးတော့ ထဲထဲဝင်ဝင် ရင်းရင်းနှီးနှီးနဲ့ ၀ိုင်းဝန်းဆောင်ရွက်ရမှာ ဖြစ်တယ်။ ဒါတွေကို ခွင်လေးခွင်၊ ဒေါက်လေးဒေါက်လို့ ပြောပြချင်ပါတယ်။”

အဲသည်မှာ ထပ်မေးတဲ့ မေးခွန်းကတော့ - အဆုံးစွန်ဆုံး တွေးကြတာက ပါတီ ခေါင်းစဉ် မရှိတော့ဘူး။ ပါတီအလံတော် မရှိတော့ဘူး။ ပါတီဖွဲ့စည်းပုံတွေ၊ ခေါင်းဆောင်မှု အဆင့်ဆင့်တွေ မရှိတော့ဘူးလို့ လူတွေက ယူဆလိုက်တဲ့ အခါမှာ အင်န်အယ်ဒီနဲ့ အင်အယ်ဒီ အဖွဲ့ဝင်တွေရဲ့ လမ်းကြောင်းက ဘာလဲ ဘယ်လဲ ဆိုတဲ့ မေးခွန်းဖြစ်ပါတယ်။ မြန်မာနိုင်ငံရေး သမိုင်းမှာ အစဉ်အမြဲ ပြောဆိုကြတဲ့ လှုပ်ရှားမှု - ယူဂျီ ဆိုတဲ့ မြေအောက် လှုပ်ရှားမှုတွေ ဖြစ်သွားမှာလား ဆိုတဲ့ မေးခွန်း ဖြစ်ပါတယ်။

“ဒီ/ချုပ် ရဲ့ ဒီ/လှုပ်တွေထဲမှာ အထင်ရှားဆုံး ဥပမာကတော့ ဒေါ်အောင်ဆန်းစုကြည်ပဲ။ ပါတီ ရှိနေတာ၊ မရှိတာက သူ့အတွက် အရေးမကြီးဘူး။ သူ့ရဲ့ ရပ်တည်မှုနဲ့ ဆောင်ရွက်ချက်တွေကပဲ အရေးကြီးတယ်။ ဒါကိုပဲ ပြည်သူတွေနဲ့ နိုင်ငံတကာက ထောက်ခံ ရပ်တည်ကြတာ ဖြစ်တယ်။ အခု အဲဒီသဘောက ပါတီနဲ့ ပါတီဝင်တွေ အားလုံးပေါ်ကို အဲသည်လို အခွင့်အရေး ညီတူညီမျှ ကျရောက်လာပြီ ဖြစ်တယ်။ အဲသည်လိုမျိုး ပါတီခေါင်းစဉ်တွေ၊ ပါတီအလံတော်တွေ ရှိနေတဲ့ကြားက သူတို့သဘောနဲ့ သူတို့ ရပ်တည်ပြီးတော့ ဒီမိုကရေစီရေး လှုပ်ရှားမှုတွေ လုပ်ကြတဲ့သူတွေ ပါတီဝင်တွေ ရှိကြတယ်။ စုစုနွေးတို့၊ ဖြူဖြူသင်းတို့၊ ဥပဒေ ပညာရှင် အစုအဖွဲ့တွေ။ တချို့ဆိုရင် ပါတီကို ထိခိုက်မှာ စိုးလို့ဆိုပြီး ပါတီနဲ့ ခပ်ခွာခွာနေပြီး လုပ်ကိုင်ကြရတာတွေ ရှိတယ်။ အရင်တုံးကဆိုရင် အဲသည်လို အပြုအမူတွေအတွက် ပါတီရဲ့ အရေးယူ ခံရတာတွေတောင် ရှိတယ်။ အခုချိန်မှာ သည်လိုမျိုး အတားအဆီးတွေ၊ အဟန့်အတားတွေ မရှိတော့ဘူးပေါ့။ ဒီ/ချုပ်က ဒီ/လှုပ်တွေ တစုတစည်းတည်း ညီညီညွတ်ညွတ်နဲ့ ပိုပြီး လုပ်ကိုင်နိုင်ကြဖို့သာ ရှိပါတယ်။ အဲသည်လူတွေမှာ ပြီးခဲ့တဲ့ အဲသလို အချိန်တွေမှာတုံးက ပါတီ ခေါင်းစဉ်တွေ၊ ပါတီရုံးခန်းတွေ၊ ပါတီ ကျောထောက်နောက်ခံတွေ ရှိခဲ့သလား။ မရှိဘူး။ ဒါပေမယ့် ပြည်သူလူထုကို မျက်နှာမူတဲ့ နိုင်ငံရေးကို လုပ်ခဲ့ကြတာ ဖြစ်တယ်။ အကြမ်းဖက် လုပ်ငန်းတွေ မလုပ်ဘူး။ နေ့စဉ် ပုံမှန် သွားလာရင်း လုပ်ကိုင်ကြတာဖြစ်တယ်။ ခုချိန်နဲ့ ဘာမှ ထူးခြားသွားတာ၊ ပြောင်းလဲ သွားတာတွေ မရှိတဲ့အတွက် မြေအောက် လှုပ်ရှားမှုတို့၊ ယူဂျီတို့ ဖြစ်သွားစရာလည်း မရှိဘူး လို့ ပြောချင်ပါတယ်။”

ဆရာဦးဝင်းတင်ရဲ့ ဖြေကြားချက်ထဲမှာ ဒီ/လှုပ်တွေ ဆိုတဲ့ အသုံးအနှုံးအသစ် တခု ပါလာပါတယ်။ အဲသည် ဒီ/လှုပ် ဆိုတာက နိုင်ငံတကာမှာ ခေတ်စားတဲ့ Activist ဆိုတဲ့ တက်ကြွ လှုပ်ရှားသူ ဆိုတဲ့ သဘောထားနဲ့များ တူသွားသလား။ အဲဒါကို ထပ်မေးဖြစ်ပါတယ်။

ဘာဖြစ်လို့လဲဆိုတော့ နိုင်ငံတကာက Activist နဲ့ အဖွဲ့တွေဆိုတာက နိုင်ငံရေးပါတီ ဆိုတဲ့ အဆင့်မှာ မရှိဘူး။ အာဏာရှိ၊ သြဇာရှိတဲ့ အစိုးရ သို့မဟုတ် လုပ်ငန်းရှင် ကျောရိုးကြီးများရဲ့ မူဝါဒ၊ သဘောထားနဲ့ လုပ်ငန်းစဉ်တွေရဲ့ အချက်တခု သို့မဟုတ် အချက်အချို့တွေ ပေါ်မှာ သဘော မတူသည့် အပေါ်မှာဖြစ်စေ၊ သဘောတူသည့် နေရာတွင်ဖြစ်စေ ကန့်ကွက်တဲ့ အလုပ်၊ ထောက်ခံတဲ့ အလုပ်တွေ ဆောင်ရွက်ခြင်း၊ လူထုလှုပ်ရှားမှုများပြုလုပ်ခြင်း၊ အစီရီခံစာများ၊ ရန်ပုံငွေ လှုပ်ရှားမှုများ ပြုလုပ်ခြင်းတို့နဲ့ ၎င်းတို့ အာဘော်တွေကို ခေတ်စားအောင်လုပ်တဲ့ နေရာကဏ္ဍမှာသာ ရပ်တည်တဲ့ အတွက် Activist ဆိုတဲ့ တက်ကြွ လှုပ်ရှားသူ အဆင့်ကို မြန်မာပြည်ရဲ့ အဓိက နိုင်ငံရေး ပါတီကြီးက ပြောင်းလဲသွားပြီလား ဆိုတဲ့ မေးခွန်း ဖြစ်ပါတယ်။

“အခုချိန်မှာ အင်န်အယ်ဒီက ဆုံးဖြတ်ချက်ချပြီး ထုတ်ပြန်တာက နိုင်ငံရေးပါတီ အဖြစ် ထပ်မံ မှတ်ပုံ မတင်တော့ဘူး ဖြစ်တယ်။ အတိုက်အခံ နိုင်ငံရေး အင်အားစု တခုအနေနဲ့ မူလကတည်းက ချမှတ်ထားပြီးသား မူဝါဒတွေ၊ သဘောထားတွေနဲ့ ကြေငြာချက်တွေကို ဆက်လက် ဆောင်ရွက်သွားမှာ ဖြစ်တယ်။ နိုင်ငံရေး လုပ်တယ်ဆိုတာ ပါတီမူဝါဒတွေ၊ လမ်းကြောင်းတွေကို ဖော်ဆောင်ရတာ။ ဒါ့ထက် အရေးကြီးတာက တိုင်းပြည် တပြည်လုံးရဲ့ လူထုအားလုံးကို ကိုယ်စားပြုတဲ့ လူ့အရေး၊ နိုင်ငံ့အရေးတွေ လုပ်နေတာ ဖြစ်တယ်။ အဲသည်အလုပ်တွေဟာ ၂၀၀၉ ခုနှစ် ဧပြီ - ရွှေဂုံတိုင် ကြေငြာစာတမ်း ထုတ်ပြန်စဉ်က ပြောခဲ့တဲ့ ကျနော့်ရဲ့ စကားအတိုင်း ပြောရရင် ပြည်သူကို မျက်နှာမူတဲ့ နိုင်ငံရေးကို လုပ်ကြဖို့ပဲ ဖြစ်ပါတယ်။ အခုလည်းပဲ အဲသည်အတိုင်း ဒီ/ချုပ်ရဲ့ ဒီ/လှုပ်တွေက ရပ်တည် နေကြတာကို မြင်တွေ့ နိုင်ပါတယ်လို့ ပြောချင်ပါတယ်။”

ဆရာဦးဝင်းတင်နဲ့ စကားပြောခဲ့သမျှထဲက ကောက်နုတ်ဖော်ပြလိုက်ပါတယ်။ ဆရာဦးဝင်းတင်နဲ့ မေးခွန်းများ ဆက်မေးဖြစ်သေးရင် ဆက်လက် ဖော်ပြပါဦးမယ်။

Ref: မိုးမခ

3 comments:

victorOway April 12, 2010 at 7:56 PM  

လေးစားအပ်သည့် NLD ပါတီကြီးခင်ဗျား-ပါတီကြီးရဲ့ ပြည်သူလူထုသို့ ထုတ်ပြန်ချက်ကိုဖတ်ရပါတယ်။ နိုင်ငံရေးအရ ယခုလိုအချိန်မှာ ထိုထုတ်ပြန်ချက်ဟာ ပြည်သူလူထုအတွက်မလုံလောက်သေးဘူးလို့ မြင်ပါတယ်။အဘယ်ကြောင့်ဆိုသော်-NLDသည်ပါတီသည် မကြာတော့သည့်အချိန်ရက်အတွင်းမှာ-စစ်အုပ်စုမှ မတရားထုတ်ပြန်ခြင်းခံထားရသည့် ဥပဒေများဖြင့် တရားမ၀င်ပါတိအဖြစ်ဆိုပြီး ပါတီဆိုင်းဘုတ်များနှင့်ပါတီတရားဝင်ရပ်တည်နေသည်ကိုလာရောက်ဖျက်ဆီးတော့မှာဖြစ်သည့်အတွက်-မိမိအနေဖြင့်အထူးအကြံပြုလိုသည်မှာ-လက်ရှိNLDပါတီကြီးအနေဖြင့် ယခုလိုကာလတိုအတောအတွင်းမှာ-တရားဝင်ပါတီအာဏာရှိနေသေးသည့်အတွက်-NLDပါတီကြီးအနေဖြင့်-ယခုထိုင်နေရင်း ပါတီကိုတရားဝင်ပါတီအဖြစ်ကနေတရားမ၀င်ပါတီအဖြစ်ဖျက်ဆီးခံရမည့်အတူတူ-(၁)ပါတီကြီးအနေဖြင့် လွတ်တော်ကိုအမြန်ခေါ်ယူရေးကိုလုပ်ဆောင်သင့်ပါသည်။(၂)အစိုးရပ်တရပ်အဖြစ်အမြန်ဆုံးဖွဲ့ ပြီး ထုတ်ပြန်ကြေငြာသင့်ပါသည်။ တရားဝင်လူထုရွေးကောက်ထားသည့်ပါတီဖြစ်သည့်အတွက် ထိုလုပ်ပိုင်ခွင့်ကို ပြည်သူလူထုသို့ အမြန်ဆုံးထုတ်ပြန်စေချင်သည်။

(၃) ပြီးခဲ့သည့်အပတ်တွေအတွင်းNLDပါတီမှ ပြည်သူလူထုသို့ ပန်ကြားချက်သည့်ပြည်သူလူထုအတွက်လုံလောက်သည့်ပန်ကြားချက်မဖြစ်ဟုမိမိတို့အနေဖြင့်သုံးသပ်မိပါသည်။ ထို့ အတွက်ကြောင့် NLD ပါတီကြီးအနေဖြင့် ပြည်သူလူထုသို့ -ပြီးခဲ့ သည့်ကာလတွေအတွင်း-NLDနှင့်စစ်အာဏာရှင်အကြားပြုလုပ်ခဲ့သည့် တွေ့ ဆုံဆွေးနွေးရေး(သို့ )အသေးစိတ်များကို ပြည်သူလူထုသို့ ရှင်းလင်းတိကျစွာထုတ်ပြန်စေချင်ပါသည်။ အမျိုးသားပြန်လည်သင့်မြတ်ရေးလုပ်ငန်းစဉ်ဟာ မအောင်မမြင်အဘယ်ကြောင့်မဖြစ်ခဲ့ရသည်များကို ပြည်သူလူထုသို့ အသေအချာချပြပြီး ပြည်သူလူထုကြီးမှ ထိုတွေ့ ဆုံဆွေးနွေးရေး၊ အမျိုးသားပြန်လည်သင့်မြတ်ရေးလုပ်ငန်းစဉ်များအပေါ်သုံးသပ်ပြီး လာမည့်၂၀၁၀ရွေးကောက်ပွဲအပေါ်ဘယ်လိုသဘောထားပြီး လူထုအနေဖြင့်ရှေ့ ဆက်ဘာလုပ်ရမည်ဆိုသည့်နိုင်ငံရေးပြဌာန်းချက်များကို ပြုလုပ်ခြင်းအားဖြင့် လူထုကြီးအနေဖြင့်NLDပါတီကြီးအပေါ်ပိုမိုနားလည်လာပြီးရှေ့ ဆက်NLDရဲ့ နိုင်ငံရေးဦးဆောင်မှုအပေါ်ဝိုင်းရံနိုင်စေရန်အတွက်လူထုကဆုံးဖြတ်သွားလိမ့်မည်ဟုယုံကြည်မိပါကြောင်းအကြံပြုပါသည်။

ရဲဘော်ဂျာကြီး

victorOway April 18, 2010 at 8:40 PM  

ငသန်းရွှေကတော့ ဇင်ဘာဘွေနိုင်ငံလိုမျိုးအပေါက်ချိုးနေတယ်ဗျ။ ခင်ဗျားသိတဲ့အတိုင်း စစ်အာဏာရှင်မူဂါဘီနဲ့ အတိုက်အခံ
ခေါင်းဆောင်မော်ဂင်ချန်ဂရိုင်းတို့ရဲ့ နိုင်ငံရေဒပြသာနာကိုပဲ
ကြည့်လေ-မဲအရေအတွက်အရ မော်ဂင်ချန်ဂရိုင်းက အပြတ်အသတ်အနိုင်ရခဲ့ပေမယ့် မူဂါဘီကအာဏာမအပ် ဘူးလေ။ဒုတိယအကြိမ်ရွေးကောက်ပွဲလုပ်တော့-မော်ဂင်ချန်ဂရိုင်းက၀င်ရောက်ယှဉ်ပြိုင်မှာမဟုတ်ဘူးလို့ ထုတ်ပြန်လိုက်တဲ့အခါ-စစ်အာဏာရှင်မူဂါဘီက အရှက်မရှိ၊ပြိုင်ဘက်မရှိအနိုင်ရခဲ့တယ်။သို့ သော်လည်း နိုင်ငံရဲ့စီးပွားရေး၊လူမှုရေးတွေကမပြေလည်သွားတဲ့အပြင်ပိုလို့တောင်အကြတ်ရိုက်ခဲ့ရတယ်မဟုတ်လား။နောက်ဆုံးအာဖရိကမှာရှိတဲ့ဒေသဆိုင်ရာအသိုင်းအ၀ိုင်းကဖိအားပေးလို့ မော်ဂင်နဲ့ မူဂါဘီ အာဏာခွဲဝေရေးကိစ္စတွေမလုပ်မဖြစ်လုပ်လာရတယ်မဟုတ်ပါလား။ ငသန်းရွှေက အဲဒီလိုဂွင်ရအောင်ဖမ်းနေသလားတော့မပြောတတ်ဘူး။သို့ သော်ဝေဘန်ဘို့နဲ့ ဆင်ယှဉ်ဘို့ အတွက်ပါဘဲ။

victorOway April 18, 2010 at 8:40 PM  

ငသန်းရွှေကတော့ ဇင်ဘာဘွေနိုင်ငံလိုမျိုးအပေါက်ချိုးနေတယ်ဗျ။ ခင်ဗျားသိတဲ့အတိုင်း စစ်အာဏာရှင်မူဂါဘီနဲ့ အတိုက်အခံ
ခေါင်းဆောင်မော်ဂင်ချန်ဂရိုင်းတို့ရဲ့ နိုင်ငံရေဒပြသာနာကိုပဲ
ကြည့်လေ-မဲအရေအတွက်အရ မော်ဂင်ချန်ဂရိုင်းက အပြတ်အသတ်အနိုင်ရခဲ့ပေမယ့် မူဂါဘီကအာဏာမအပ် ဘူးလေ။ဒုတိယအကြိမ်ရွေးကောက်ပွဲလုပ်တော့-မော်ဂင်ချန်ဂရိုင်းက၀င်ရောက်ယှဉ်ပြိုင်မှာမဟုတ်ဘူးလို့ ထုတ်ပြန်လိုက်တဲ့အခါ-စစ်အာဏာရှင်မူဂါဘီက အရှက်မရှိ၊ပြိုင်ဘက်မရှိအနိုင်ရခဲ့တယ်။သို့ သော်လည်း နိုင်ငံရဲ့စီးပွားရေး၊လူမှုရေးတွေကမပြေလည်သွားတဲ့အပြင်ပိုလို့တောင်အကြတ်ရိုက်ခဲ့ရတယ်မဟုတ်လား။နောက်ဆုံးအာဖရိကမှာရှိတဲ့ဒေသဆိုင်ရာအသိုင်းအ၀ိုင်းကဖိအားပေးလို့ မော်ဂင်နဲ့ မူဂါဘီ အာဏာခွဲဝေရေးကိစ္စတွေမလုပ်မဖြစ်လုပ်လာရတယ်မဟုတ်ပါလား။ ငသန်းရွှေက အဲဒီလိုဂွင်ရအောင်ဖမ်းနေသလားတော့မပြောတတ်ဘူး။သို့ သော်ဝေဘန်ဘို့နဲ့ ဆင်ယှဉ်ဘို့ အတွက်ပါဘဲ။

အပေါ်သို့