Thursday, February 21, 2008

ကရင်အမျိုးသားအစည်းအရုံး(KNU)၏အထွေထွေအတွင်းရေးမှူး ပဒိုမန်းရှာလားဖန်း၏ ကိုယ်ရေးအကျဉ်းချုပ်

ပဒိုမန်းရှာ လားဖန်း
အထွေထွေ အတွင်းရေးမှူး
ကရင်အမျိုးသား အစည်းအရုံး
ကေ အဲန် ယူ
ကိုယ်ရေးအကျဉ်းချုပ်

ပဒိုမန်းရှာလားဖန်းအား ၁၉၄၃ ခုနှစ်၊ ဇူလိုင်လ (၅) ရက်နေ့တွင် ဧရာဝတီတိုင်း ပန်းတနော် မြို့နယ်၊ တောကျောင်းကျေးရွာနေ အဖ မန်းဘသော်နှင့် အမိ ဂါ့နမ့်တင်တို့မှ မွေးဖွားခဲ့သည်။ မွေးချင်းမောင်နှမ (၂) ယောက်အနက် ဒုတိယမြောက်သားဖြစ်သည်။ အမည်အရင်း မန်းချစ်ရွှေ ဖြစ်ပြီး တော်လှန်ရေးအမည်မှာမန်းရှာလားဖန်းဖြစ်သည်။

၁၉၅၉-၆၀ ခုနှစ်တွင် ပန်းတနော်မြို့နယ်၊ ယင်းတိုက်ကုန်း အလယ်တန်းကျောင်းတွင် မူလတန်း နှင့် အလယ်တန်းပညာကို သင်ယူခဲ့ပြီး ပန်းတနော်အထက်တန်းကျောင်းတွင် (၈) တန်း အောင်မြင်ခဲ့ကာ ရန်ကုန်မြို့ တွင် အထက်တန်းအောင်မြင်ခဲ့သည်။

၁၉၆၂ ခုနှစ်တွင် ရန်ကုန်မြို့၌ သက္ကသိုလ်ပညာကို သင်ကြားရင်း ၁၉၆၂ ခုနှစ်၊ ဆဲဗင်းဇူလိုင် အရေးအခင်းတွင် ပါဝင်လှုပ်ရှားခဲ့သည်။ ၁၉၆၆ ခုနှစ်၌ တက္ကသိုလ်ဝိဇ္ဇာတန်းကို သမိုင်းအဓိက ဘာသာဖြင့် ဘွဲ့ရရှိခဲ့သည်။

၁၉၆၃ ခုနှစ်ကုန်ပိုင်းတွင် ကရင်အမျိုးသား အစည်းအရုံး (ကေအဲန်ယူ) နှင့် ဆက်သွယ်၍ ၁၉၆၆ ခုနှစ်အထိ ကေအဲန်ယူ မြေအောက်လှုပ်ရှားမှုတာဝန်များကို ဆောင်ရွက်ခဲ့သည်။

၁၉၆၇ ခုနှစ်တွင် ပဲခူးရိုးမ ကရင်တော်လှန်ရေးနယ်မြေထဲသို့ ၀င်ရောက်လာခဲ့ပြီး ကရင်အမျိုး သားအစည်းအရုံး၏ တာဝန်များကို ထမ်းဆောင်ခဲ့သည်။

၁၉၇၅ ခုနှစ်တွင် ကေအဲန်ယူ တပ်မဟာ(၃)နယ်မြေ၊ ညောင်လေးပင်ခရိုင်၏ တွဲဖက်အတွင်းရေး မှူးအဖြစ် တာဝန်ပေးခြင်းခံရပြီး ၁၉၈၄ ခုနှစ် အထိတာဝန်ယူခဲ့သည်။

၁၉၇၆ ခုနှစ်တွင် ကရင်တော်လှန်ရေးရဲမေ နမ့်ကျင်ရွှေနှင့် ကေအဲန်ယူ ညောင်လေးပင်ခရိုင်တွင် လက်ထပ်ခဲ့ပြီး၊ စောစေးစေး၊ နမ့်ဘွားဘွားဖန်း၊ နမ့်ဇိုယာဖန်း၊ စလုံ့ဖန်း သားသမီး (၄)ဦးတို့ ထွန်းကားခဲ့သည်။

၁၉၈၄ ခုနှစ်တွင် အမျိုးသားဒီမိုကရေစီတပ်ပေါင်းစု (NDF) ဗဟိုသဘာပတိအဖွဲ့ဝင်တဦးအဖြစ် တာဝန်ယူခဲ့ပြီး၊ ၁၉၈၄ ခုနှစ် ကရင်နီနယ်စပ်မှ ရှမ်းပြည်တောင်ပိုင်း၊ ရှမ်းပြည်မြောက်ပိုင်း၊ ကချင်ပြည်နယ်စပ်အထိ မြောက်ပိုင်း ခရီးရှည် စည်းရုံးရေးခရီးစဉ်တွင် KNPP, KNU, ALP, PPLO, PSLP, NMSP, KIO, SSPP အဖွဲ့များမှ တိုင်းရင်း သားခေါင်းဆောင်ကြီးများနှင့်အတူ ဒုတိယစစ်ရေးခေါင်းဆောင်တဦးအဖြစ် ပါဝင်ခဲ့သည်။ ထိုခရီးစဉ်တွင် (NDF) ၏ တိုင်းရင်းသား လူမျိုးများတန်းတူရေးနှင့် ကိုယ်ပိုင်ပြဌာန်းခွင့်ရရှိရေး။ စစ်မှန်သည့်ဖက်ဒရယ်ပြည်ထောင်စု တည်ဆောက်ရေးလုပ်ငန်းစဉ်များကို ဒေသခံတိုင်းရင်းသားခေါင်းဆောင်များ၊ ပြည်သူများအား တက်တက်ကြွကြွ ဆွေးနွေးဆောင်ရွက်ခဲ့သူတဦးဖြစ်သည်။

၁၉၈၄ ခုနှစ်တွင် ကေအဲန်ယူ ဗဟိုကော်မတီ အဖွဲ့ဝင်တဦးဖြစ်လာပြီး ၁၉၈၈ ခုနှစ်အထိ ဗိုလ်ချုပ်ကြီး စောဗိုလ်မြ ၏ ကိုယ်ရေးအရာရှိအဖြစ် တာဝန်ထမ်းဆောင်ခဲ့သည်။

၁၉၈၈ ခုနှစ် လူထုအရေးတော်ပုံကြီးမှ တော်လှန်ရေးနယ်မြေအတွင်းသို့ ရောက်ရှိလာသည့် ကျောင်းသားများ စုစည်းရေး၊ ညီညွတ်ရေးနှင့် ပေါင်းစည်းရေးလုပ်ငန်းများကို အင်တိုက်အား တိုက် ဆောင်ရွက်ပေးခဲ့သူတဦးဖြစ် သည်။

၁၉၈၉ ခုနှစ် စက်တင်ဘာ(၂၂)ရက်နေ့ ပြည်ထောင်စုမြန်မာနိုင်ငံအမျိုးသားကောင်စီ(NCUB) ကို စတင်ဖွဲ့စည်းရာတွင်ပါဝင်ခဲ့ပြီး တွဲဖက်အထွေထွေအတွင်းရေးမှူး (၃) အဖြစ် တာဝန်ထမ်း ဆောင်ခဲ့သည်။ ကွယ်လွန်ချိန်အထိလည်း (NCUB) ၏ အတွင်းရေးမှူးအဖွဲ့ဝင်အဖြစ် တာဝန် ယူခဲ့သည်။

၁၉၉၅ ခုနှစ် (၁၁) ကြိမ်မြောက် ကေအဲန်ယူကွန်ဂရက်တွင် တွဲဖက်အထွေထွေအတွင်းရေးမှူး (၂) အဖြစ် ရွေးကောက် တင်မြောက်ခြင်းခံခဲ့ရသည်။

၁၉၉၅ ခုနှစ် ဒီဇင်ဘာလမှ ၁၉၉၆ ခုနှစ် နှစ်ကုန်အထိ ကရင်အမျိုးသားအစည်းအရုံး (ကေအဲန်ယူ) နှင့် န၀တ တို့ တွေ့ဆုံဆွေးနွေးပွဲ (၄) ကြိမ်ပြုလုပ်ခဲ့ရာ ၁၉၉၆ ခုနှစ် ဖေဖေါ်ဝါရီလ မော်လမြိုင်မြို့တွင်ပြုလုပ်သည့် ဒုတိယ အကြိမ်ဆွေးနွေးပွဲတွင် အဖွဲ့ခေါင်းဆောင်။ ၁၉၉၆ ခုနှစ် ဇွန်လ ဗိုလ်ချုပ်ကြီးတာမလာဘောဦးဆောင်သည့် မော်လမြိုင်မြို့တွင်ပြုလုပ်သည့် တတိယ အကြိမ်ဆွေးနွေးပွဲတွင် ဒု-အဖွဲ့ခေါင်းဆောင်။ ၁၉၉၆ ခုနှစ် နိုဝင်ဘာလ ဗိုလ်ချုပ်ကြီးတာမလာ ဘောဦးဆောင်သည့် စတုတ္ထအကြိမ်ဆွေးနွေးပွဲတွင် ဒု-အဖွဲ့ခေါင်းဆောင်အဖြစ် ဆောင်ရွက် ခဲ့သည်။

၂၀၀၀ ပြည့်နှစ် (၁၂) ကြိမ်မြောက် ကေအဲန်ယူကွန်ဂရက်တွင် ကေအဲန်ယူ၏ အထွေထွေ အတွင်းရေးမှူးချုပ် အဖြစ်လည်းကောင်း၊ ၂၀၀၄ ခုနှစ် (၁၃) ကြိမ်မြောက် ကွန်ဂရက်တွင်လည်း အထွေထွေအတွင်းရေးမှူးချုပ်အဖြစ် ထပ်မံအရွေးချယ်ခံခဲ့ရသည်။

ပဒိုမန်းရှာလားဖန်းသည် စာရေးစာဖတ် ၀ါသနာထုံပြီး ကေအဲန်ယူ (ဗဟို) မှထုတ်ဝေသည့် သနူးထူးဂျာနယ်နှင့် လွတ်မြောက်နယ်မြေမှထုတ်ဝေသည့် စာစောင်ဂျာနယ်များတွင်လည်း “ရေဆန်”၊ “တော်လှန်သောရဲဘော် တဦး”၊ “ဇိုယာဖန်း” စသည့် ကလောင်အမည်များဖြင့် တော်လှန်ရေးခေါင်းဆောင်များ၊ ရဲဘော်များ၏ အတ္ထုပ္ပတ္တိအကျဉ်းများ၊ တော်လှန်ရေးနှင့် အတွေးအခေါ်ဆိုင်ရာဆောင်းပါးများ၊ ကဗျာများကို ရေးသားခဲ့သည်။

၂၀၀၈ ခုနှစ်၊ ဖေဖေါ်ဝါရီလ (၁၄) ရက်နေ့ ညနေ (၄) နာရီ (၄၆) မိနစ် အချိန်တွင် မသမာသူ လူတစု၏ လုပ်ကြံမှု ကြောင့် ကျဆုံးခဲ့ရသည်။





ခေါင်းဆောင်ဆိုတာ
အသိအမှတ်ပြုလောက်တဲ့
သမိုင်းဖြတ်သန်းမှု ရှိရမယ်။

ပဒိုမန်းရှာလာဖန်း


A Leader
Must Have Gone Through
A Historic Time In Life.

Mahn Sha Lar Phan


0 comments:

အပေါ်သို့