ဦးစိန်ကျော်လှိုင်
(Ref: khitpyaing online magazine)
မြန်မာစစ်အစိုးရရဲ့ ဖွဲ့စည်းပုံအခြေခံဥပဒေမူကြမ်း (၂၀၀၈) ကို စစ်တပ်အကျိုးစီးပွားအတွက် ရေးဆွဲထားရ တာမို့ အနာဂတ်နိုင်ငံရေးမှာ စစ်တပ်ဝင်စွက်နိုင်မယ့်အချက်တွေ နောင် အလွယ်တကူ မပြင်နိုင်အောင် တဖက် ကလည်း နည်းအမျိုးမျိုးနဲ့ ချုပ်ကိုင်ထားတာ တွေ့ရပါတယ်။
စစ်ခေါင်းဆောင်တွေကို (၁၀) နှစ် အုပ်ချုပ်ခွင့်ပေးရေး စီမံကိန်း ဖွဲ့စည်းပုံအခြေခံ ဥပဒေမူကြမ်းပါ အချက် တရပ်ရပ်ကို ပြင်ဆင်တဲ့ကိစ္စ မပြောခင် အမျိုးသားညီလာခံကာလကို ပြန်ကြည့်မှ ပြည့်စုံမှာ ဖြစ်ပါတယ်။ အထူး သဖြင့် လက်ရှိ မြန်မာစစ်ခေါင်းဆောင်တွေကို ပထမ လွှတ်တော်သက်တမ်းနှစ်ကြိမ်ထိ သမ္မတ ပေးသင့်တယ်လို့ အန်အယ်လ်ဒီက ထုတ်ပယ်ခံရပြီး ညီလာတက်ခဲ့တဲ့ ကိုယ်စားလှယ် ၆ ဦးက အဆိုပြုခဲ့ပါတယ်။ လွှတ်တော်သက် တမ်း တရပ်က (၅) နှစ်ပဲရှိတာမို့ တနည်းပြောရရင် မြန်မာစစ်ခေါင်းဆောင်တွေကို ပထမအကြိမ် လွှတ်တော် စတင်တဲ့ အချိန်ကနေ (၁၀) နှစ်ထိ စစ်ယူနီဖောင်းချွတ်ပြီး အုပ်ချုပ်ဖို့ အန်အယ်လ်ဒီ အမတ်ဟောင်း (၆) ဦးက ကမ်းလှမ်းခဲ့တဲ့ သဘောဖြစ်ပါတယ်။
ဒါတင်မက ဖွဲ့စည်းပုံအခြေခံဥပဒေမူကြမ်းပါ အချက်တရပ်ရပ်ကို ပြင်တဲ့နေရာမလည်း လွှတ်တော်ကိုယ်စားလှယ် စုစုပေါင်းရဲ့ (၂၀) ရာနှုန်းက မူကြမ်းတင်ပြရမှာဖြစ်ပြီး ပြင်မယ့်အချက်ကို လွှတ်တော်ကိုယ်စားလှယ် အားလုံးရဲ့ (၇၅) ရာနှုန်းက သဘောတူရမှာ ဖြစ်ပါတယ်။ ဒီ့နောက် လူထုဆန္ဒခံယူပွဲလုပ်ပြီး ဆန္ဒမဲပေးခွင့်ရှိသူ အားလုံးရဲ့ ထက်ဝက်ကျော် မဲရမှ ပြင်နိုင်တယ်လို့ အန်အယ်လ်ဒီအမတ်ဟောင်း ညီလာခံကိုယ် စားလှယ် (၆) ဦးကပဲ အဆို ပြုပါတယ်။
မြန်မာစစ်အစိုးရ ညီလာခံမှာ ပြောဆိုချက် မှတ်တမ်းတွေအရဆိုရင် ၁၉၄၇ ခုနှစ် ဖွဲ့စည်းပုံကလည်း (၁၀) နှစ် ကြာ အပြီးမှာ မပြင်ခဲ့လို့ ပျက်ခဲ့ရပါသတဲ့။ ၁၉၇၄ ဖွဲ့စည်းပုံကလည်း (၁၀) နှစ်ကြာ အပြီးမှာ မပြင်ခဲ့လို့ ပျက်ခဲ့ရပါ သတဲ့။ ဒါကြောင့် ညောင်နှစ်ပင်က ထုတ်လုပ်မယ့် ဖွဲ့စည်းပုံကိုလည်း (၁၀) နှစ်ကြာမှ ပြုပြင်သင့်ပါတယ်လို့ စစ် အစိုးရ ခေါင်းခေါက်ရွေးထားတဲ့ ကိုယ်စားလှယ်တွေက အကြံပြုခဲ့ပါတယ်။
ဒါပေမယ့် မြန်မာစစ်ခေါင်းဆောင်တွေ သမ္မတရာထူးနဲ့ (၁၀) နှစ် အုပ်ချုပ်ပြီးတဲ့အချိန်မှာ ပြည်သူတွေ ဒီမိုကရေစီ နဲ့ ယဉ်ပါးလောက်ပြီလို့ ယူဆတဲ့အတွက် အဲဒီအချိန်မှာ ဖွဲ့စည်းပုံအခြေခံ ဥပဒေမူကြမ်းပါ အချက်တရပ်ရပ်ကို ပြင် ချင်သပဆိုရင် လွှတ်တော်ကိုယ်စားလှယ် အားလုံးရဲ့ (၇၅) ရာနှုန်း ထောက်ခံရင် ပြင်နိုင်တယ်ဆိုတဲ့ အဆိုကိုပါ အန်အယ်လ်ဒီ အမတ်ဟောင်း (၆) ဦးကပဲ နောက်ဆုံး ညီလာခံမှာ ထပ်မံတင်ပြခဲ့ပါတယ်။ ဒါပေမယ့် ဒီအဆိုဟာ စစ်တပ်နောင်ရေး စိတ်မအေးရတဲ့အတွက် မြန်မာစစ်အစိုးရက လက်မခံခဲ့ပါဘူး။
ထူးခြားတဲ့အချက်က မြန်မာစစ်ခေါင်းဆောင်တွေကို ပထမ လွှတ်တော်သက်တမ်းနှစ်ကြိမ်ထိ သမ္မတ ပေးသင့် တယ်လို့ ညီလာခံမှာ အန်အယ်လ်ဒီ အမတ်ဟောင်း (၆) ဦး တင်ပြနေချိန်ဟာ ဗိုလ်ချုပ်မှူးကြီး သန်းရွှေကို သမ္မတ အဖြစ် ပထမ လွှတ်တော်သက်တမ်း (၅) နှစ်၊ ဒု-ဗိုလ်ချုပ် မှူးကြီးမောင်အေးကို သမ္မတအဖြစ် ဒုတိယ လွှတ်တော် သက်တမ်း (၅) နှစ် ပေးသင့်တယ်ဆိုတဲ့ကိစ္စကို ရန်ကုန် ပုဂ္ဂလိက စာနယ်ဇင်းလောကရဲ့ ပညာတတ် သတင်းစာ ဆရာတချို့ကပါ ပြည်တွင်း ပြည်ပ ကျယ်ကျယ်ပြန့်ပြန့် လိုက်လံစည်းရုံးနေချိန်နဲ့ တိုက်ဆိုင်နေပါတယ်။
ဘာကြောင့် ပြင်မရသလဲ တကယ်တမ်း ဖွဲ့စည်းပုံအခြေခံဥပဒေမူကြမ်း(၂၀၀၈) ထွက်လာတဲ့ အချိန်မှာတော့ ဖွဲ့စည်းပုံ အခြေခံဥပဒေမူကြမ်းပါ အချက်တွေကို ပြင်ချင်ရင် နှစ်ပိုင်းခွဲပြီး ပြင်နိုင်တယ်လို့ အခန်း(၁၂) ပုဒ်မ (၄၃၆) နဲ့ ပြင်ဆင်ပြဋ္ဌာန်းခဲ့ပါတယ်။ ဖွဲ့စည်းပုံအခြေခံဥပဒေမူကြမ်းပါ အရေးကြီးတဲ့ အခန်းရှစ်ခန်းထဲက ပုဒ်မ တွေကို ပြင်ချင်ရင် လွှတ်တော်ကိုယ်စားလှယ် အားလုံးရဲ့ (၇၅) ရာနှုန်း ထောက်ခံရမယ့် ဒီ့နောက် လူထုဆန္ဒ ခံယူပွဲလုပ်ပြီး ဆန္ဒမဲပေးခွင့်ရှိသူ အားလုံးရဲ့ ထက်ဝက်ကျော် မဲရမှ ပြင်နိုင်တယ်လို့ ပုဒ်မ၄၃၆(က) မှာ ပြဋ္ဌာန်းပါ တယ်။
ဒါပေမယ့် ပုဒ်မ ၄၃၆ (က) ပါ ပြဋ္ဌာန်းချက်တွေမဟုတ်တဲ့ ဖွဲ့စည်းပုံအခြေခံဥပဒေမူကြမ်းပါ ကျန်တဲ့ အချက်တွေ ပြင်ချင်သပဆိုရင်တော့ လွှတ်တော်ကိုယ်စားလှယ် အားလုံးရဲ့ (၇၅) ရာနှုန်း ထောက်ခံမှုနဲ့ ပြင်နိုင်တယ်ဆိုပြီး ပုဒ်မ၄၃၆(ခ)နဲ့ နှစ်ပိုင်းခွဲထားပါတယ်။
ဖွဲ့စည်းပုံအခြေခံဥပဒေမူကြမ်း(၂၀၀၈) ပုဒ်မ ၄၃၆ (က) ကိုကြည့်ရင် ဒေါ်အောင်ဆန်းစုကြည်လို ပုဂ္ဂိုလ်မျိုးကို ရာသက်ပန် သမ္မတ မဖြစ်နိုင်အောင် တားမြစ်ထားတဲ့ဥပဒေတွေ၊ ဥပဒေပြုရေးကဏ္ဍမှာ စစ်တပ် ၀င်ရောက်ခြယ် လှယ်ခွင့်၊ အဖွဲ့ဝင် (၁၁) ဦးမှာ စစ်ဗိုလ် (၆) ဦးပါတဲ့ အမျိုးသားကာကွယ်ရေးနဲ့ လုံခြုံရေးကောင်စီကို မဖျက်နိုင် အောင် တားမြစ်ထားတဲ့ ပြဋ္ဌာန်းချက်တွေ၊ သမ္မတက ကာကွယ်ရေးဦးစီးချုပ်ကို နိုင်ငံအာဏာလွှဲအပ်နိုင်တဲ့ အရေးပေါ်ကာလ ပြဋ္ဌာန်းချက်တွေအပါအ၀င် ပုဒ်မ (၄၃၆) ကိုပါ တသက်လုံး မပြင်နိုင်အောင် ချုပ်ကိုင်ထားတဲ့ ဥပဒေ ဖြစ်နေတာ တွေ့ရပါတယ်။
ဆိုလိုတဲ့သဘောက ဖွဲ့စည်းပုံအခြေခံဥပဒေမူကြမ်း (၂၀၀၈) ပါ အနာဂတ်နိုင်ငံရေးမှာ စစ်တပ်ဝင်ရောက် စွက် ဖက်ခွင့်ပေးထားတဲ့ အချက်တွေကို ရာသက်ပန် ပြင်လို့မဖြစ်နိုင်အောင် အခြေခံဥပဒေကိုအသုံးချ ကာကွယ် ထားသလို ကျန်တဲ့အချက်တွေ ပြင်ချင်တယ်ဆိုရင်လည်း စစ်ဗိုလ် လွှတ်တော်ကိုယ်စားလှယ် (၂၅) ရာနှုန်းရဲ့ သဘောတူညီချက်မပါဘဲ ပြင်လို့မဖြစ်အောင် ပုဒ်မ ၄၃၆ (ခ) နဲ့ ချုပ်ကိုင်ထားတဲ့အဓိပ္ပာယ်ဖြစ်ပါတယ်၊
ဒါကြောင့် ဖွဲ့စည်းပုံအခြေခံဥပဒေမူကြမ်း အခန်း (၁၂) ပုဒ်မ (၄၃၆) ဟာ အနာဂတ် နိုင်ငံရေးထဲမှာ စစ်တပ်ကို ကပ်ပါးပိုးလို ကပ်တွယ်နေနိုင်အောင် ကျောထောက်နောက်ခံပေးထားတဲ့ အဓိကဥပဒေဆိုတာ ပေါ်လွင်နေပါ တယ်။ ဒါကြောင့်လည်း ဗိုလ်ချုပ်မှူးကြီးသန်းရွှေက ရွေးကောက်ပွဲအပြီး အာဏာလွှဲပေးမယ်လို့ ရဲရဲတင်းတင်း ပြောခဲ့တာဖြစ်ပါတယ်။
ကြိုဆိုသူတွေလည်းမရှား
တနည်းပြောရရင် ဖွဲ့စည်းပုံအခြေခံဥပဒေမူကြမ်း (၂၀၀၈) ဆိုတာ စစ်တပ်က ရာသက်ပန်အာဏာ သိမ်းထားတဲ့ အခြေခံဥပဒေလို့ လွယ်လွယ်ပြောနိုင်ပါတယ်။ ဒါကြောင့်လည်း နောက်ဆုံးအကြိမ် အမျိုးသားညီလာခံမှာ အခြေခံမူ (၁၀၄) ချက်နဲ့ အသေးစိတ် အခြေခံရမယ့်မူတွေကို ရှေ့နောက်ညီအောင် လုပ်ကြရမယ်။ အဲသလို လုပ်ရာမှာလည်း ၁၉၉၃ ခုနှစ်က သတ်မှတ်ခဲ့တဲ့ အနာဂတ်နိုင်ငံရေးမှာ စစ်တပ်က ဦးဆောင်မှုရှိရမယ်ဆိုတဲ့ အချက်အပါအ၀င် ညီလာခံဦးတည်ချက် (၆) ချက်ဘောင်ထဲက ဖြစ်ရမယ်လို့ (ဒု) ဗိုလ်ချုပ်ကြီးသိန်းစိန်က ထပ် လောင်း သတိပေးခဲ့တာ ဖြစ်ပါတယ်။
ဒီမှာတင် ၂၀၀၇ ဇူလိုင် (၁၈) ရက် နောက်ဆုံးညီလာခံမှာ ပြုပြင်စရာရှိတာ ပြုပြင်ရမယ်၊ ပြင်ဆင်သင့်တာ ပြင် ဆင်ရမယ်ဆိုတဲ့ ဒု-ဗိုလ်ချုပ်ကြီးသိန်းစိန်ရဲ့စကားကို အဟုတ်မှတ်၊ လည်ပင်းကြိုးကွင်းစွပ်မယ့် ဥပဒေမှန်းမသိဘဲ ကြိုဆိုခဲ့သူတွေ အဲဒီအချိန်က ပြည်တွင်းပြည်ပမှာ ထွက်ပေါ်ခဲ့ပါတယ်။
ဘယ်သူတွေမှာ တာဝန်ရှိသလဲစဉ်းစားဖို့ကောင်းတာက ခုလို စစ်တပ်ကို ကြောက်စရာကောင်းအောင် ခြယ် လှယ်ခွင့်ပေးထားတဲ့ အသေးစိတ်အခြေခံရမယ့်မူတွေမှန်းသိလျက်နဲ့ ၂၀၀၄ နောက်ပိုင်းကစပြီး ညီလာခံတက်ခဲ့ တဲ့ အပစ်အခတ်ရပ်စဲရေးအဖွဲ့တွေ လက်နက်ချအဖွဲ့တွေ ဘာကြောင့်သဘောတူခဲ့ရသလဲဆိုတဲ့ အချက်ဖြစ်ပါ တယ်။ ဒီအချက်နဲ့ ပတ်သက်ပြီး ပြည်သူကိုရှင်းပြဖို့ အထူးသဖြင့် ညီလာခံတက်ခဲ့တဲ့ အဲဒီအဖွဲ့တွေမှာ (လေ့လာသူ အဆင့်အတန်းပြောင်းခဲ့တဲ့ မွန်ပြည်သစ်ပါတီကလွဲလို့) တာဝန်မကင်းဘူးလို့ အတိုက်အခံဘက်က ယူဆပါတယ်။
ညီလာခံတက်ခဲ့တဲ့ အပစ်အခတ်ရပ်စဲရေးအဖွဲ့တွေ၊ လက်နက်ချအဖွဲ့တွေအနေနဲ့ ဖွဲ့စည်းပုံ အခြေခံဥပဒေမူကြမ်း ဖြစ်လာမယ့် အသေးစိတ်အခြေခံရမယ့်မူတွေကို ဘာကြောင့် မျက်စိမှိတ်ထောက်ခံခဲ့သလဲ အတိအကျ မသိရ ပေမယ့် ဒီအဖွဲ့ အတော်များများဟာ ညီလာခံတက်နေတဲ့ကာလမှာပဲ စစ်အစိုးရအလိုကျ (ဆန္ဒပါသည်ဖြစ်စေ မပါသည်ဖြစ်စေ) လုပ်ပေးခဲ့ရတဲ့ သာဓကတွေရှိပါတယ်။
ဥပမာ- မြန်မာ့အရေး ကုလသမဂ္ဂလုံခြုံရေးကောင်စီမှာ ဆွေးနွေးတဲ့ကိစ္စနဲ့ ပတ်သက်ပြီး ဆန့်ကျင်ကန့်ကွက်တဲ့ ညီလာခံတက်နေဆဲ အပစ်အခတ်ရပ်စဲရေးအဖွဲ့တွေ၊ ခွဲထွက်အဖွဲ့တွေ၊ လက်နက်ချ အလင်းဝင်အဖွဲ့တွေရဲ့ ကြေညာချက်တွေကို မြန်မာစစ်အစိုးရ သတင်းစာတွေမှာ အဆက်မပြတ် ဖော်ပြခဲ့ပါတယ်။
ကုလသမဂ္ဂလုံခြုံရေးကောင်စီကို ဆန့်ကျင်ရှုံ့ချတဲ့ အဖွဲ့တွေထဲမှာ အမျိုးသားညီလာခံ တက်နေတဲ့တိုင်းရင်းသား အဖွဲ့တွေ၊ မထင်မရှား ငြိမ်းချမ်ရေးယူထားတဲ့ အဖွဲ့တွေအပြင် အဖွဲ့နာမည်ပြောင်းထားတဲ့ လက်နက်ချအဖွဲ့တွေ မျိုးစုံပါဝင်နေတာ တွေ့ရပါတယ်။
ကန့်ကွက်ကြောင်း ကြေညာချက်ထုတ်ထားတဲ့ အပစ်ခတ်ရပ်စဲထားတဲ့အဖွဲ့ (၁၁) ဖွဲ့ကိုကြည့်ရင် ဦင်္းပေါက်ယိုချန်း ခေါင်းဆောင်တဲ့ ရှမ်းပြည်အထူးဒေသ (၂) ဆိုတာ UWSA လို့ခေါ်တဲ့ ၀ သွေးစည်းညီညွတ်ရေးအဖွဲ့ဖြစ်ပြီး ဒီအဖွဲ့ က ၀ ခေါင်းဆောင်တချို့ဟာ မူးယစ်ဆေးကိစ္စနဲ့ အမေရိကန်က အလိုရှိနေသူတွေ ဖြစ်ပါတယ်။ ပန်ဆန်းမှာ အခြေစိုက်ပါတယ်။ ဦးစိုင်းလင်း ခေါင်းဆောင်တဲ့ ရှမ်းပြည် အထူးဒေသ (၄) ဆိုတဲ့အဖွဲ့ကလည်း ဗကပ ခွဲထွက် အုပ်စုဖြစ်ပြီး ဦးစိုင်းလင်းဟာ ရှမ်းပြည်အထူးဒေသ (၁) ခေါင်းဆောင် ဦးဖုန်ကျားရှင်ရဲ့ သမက်ဖြစ်ပါတယ်။ ပြုတ် သွားတဲ့ ဗိုလ်ချုပ်ကြီးခင်ညွန့်နဲ့ နီးစပ်သူဆိုပြီး လူသိများပါတယ်။
ပအို့အမျိုးသားအဖွဲ့ချုပ်ခေါင်းဆောင် ဦးအောင်ခမ်းထီဆိုရင် နအဖကို ကျောက်စိမ်းတုံးကြီး အပ်ထားတဲ့အတွက် အဂ္ဂမဟာသီရိ သုဓမ္မ မဏိဇောတဓဇဆိုတဲ့ စစ်အစိုးရဖန်တီးထားတဲ့ အမြင့်ဆုံးသူကြွယ်ဘွဲ့ရထားသူ ဖြစ်ပါတယ်။ ဒီဘွဲ့ရတဲ့သူ မြန်မာနိုင်ငံမှာသုံးဦးပဲရှိပါတယ်။ ကျန်နှစ်ဦးကတော့ ကမ္ဘောဇဘဏ်ပိုင်ရှင် ဦးအောင်ကိုဝင်းခေါ် ဆရာကျောင်း (ဒု ဗိုလ်ချုပ်မှူးကြီးမောင်အေးနဲ့ နီးစပ်သူ) နဲ့ နောက်တဦးကတော့ ဇေကမ္ဘာကုမ္ပဏီပိုင်ရှင် ဦးခင်ရွှေတို့ ဖြစ်ပါတယ်။ ဦးခင်ရွှေဟာ မြန်မာနိုင်ငံအပေါ် အမေရိကန်စီးပွားရေးပိတ်ဆို့မှု ပြန်ဖွင့်ရေးအတွက် အမေရိကန် Public Relations ကုမ္ပဏီတွေကို စစ်အစိုးရကိုယ်စား ဒေါ်လာသိန်းနဲ့ချီပေးပြီး တချိန်က လျို့ဝှက် ဆက်သွယ်ပေးခဲ့သူ ဖြစ်ပါတယ်။
အပစ်အခတ်ရပ်စဲရေး (၁၇) ဖွဲ့မှာ လုံခြုံရေးကောင်စီကို အဲဒီအချိန်က မကန့်ကွက်သေးတဲ့အဖွဲ့တွေကတော့ (KIO) ကချင်လက်နက်ကိုင်အဖွဲ့၊ မွန်ပြည်သစ်ပါတီ၊ ပလောင်ပြည်နယ် လွတ်မြောက်ရေးပါတီ၊ ကယန်းပြည်သစ် ပါတီ၊ ကရင်နီအမျိုးသားတိုးတက်ရေးပါတီ (ခွဲထွက်) ဟိုယာနဲ့ ရှမ်းပြည်တပ်မတော် လွိုင်မော်အဖွဲ့ (၆) ဖွဲ့ဖြစ်ပါ တယ်။
လက်နက်ချ အလင်းဝင်အဖွဲ့ထဲက (၁၁) ဖွဲ့ ကန့်ကွက်ခဲ့ပါတယ်၊ တချိန်က မြန်မာသတင်းစာတွေမှာ ရခိုင် တပ်မ တော် (AA) အဖွဲ့လို သုံးနှုန်းခဲ့တဲ့အဖွဲ့ကို ရခိုင်ငြိမ်းချမ်းရေးအဖွဲ့ဆိုပြီး ပြောင်းထားတာတွေ့ရပါတယ်။ တချိန်က ကေအန်ယူတပ်ရင်း (၁၆) ကနေ ခွဲထွက်သွားတဲ့ စောသမူဟဲအဖွဲ့ကို ၂၀၀၄ အမျိုးသားညီလာခံမှာ ဟောင်သ ရော အထူးဒေသအဖွဲ့ဆိုပြီး ဖော်ပြခဲ့ပေမယ့် ခုတော့ ကရင်ငြိမ်းချမ်းရေးတပ်ဖွဲ့ ဟောင်သရောအထူးဒေသဆိုပြီး ကန့်ကွက်ခဲ့တာ တွေ့ရပါတယ်၊
(KNDP) လို့ခေါ်တဲ့ ကရင်နီအမျိုးသားဒီမိုကရက်တစ်ပါတီ (နဂါးအဖွဲ့) ရယ် ကရင်နီ အမျိုးသားစည်းလုံးညီညွတ် ရေးအဖွဲ့ရယ် ကရင်နီလူမျိုးပေါင်စုံတပ်ဦးရယ် နောက် ကရင်နီအမျိုးသားတိုးတက်ရေးပါတီ (ခွဲထွက်) ဟိုယာဆို တဲ့ ကရင်နီ (၄) ဖွဲ့က ကန့်ကွက်ခဲ့ပါတယ်။
တချိန်က မွန်ခွဲထွက် နိုင်စိုက်ချမ်းအဖွဲ့ဆိုတဲ့ အဖွဲ့ကို မွန်ပြည်သစ်ပါတီ ခွဲထွက်အဖွဲ့ဆိုပြီး နာမည်ပြောင်းခဲ့တာ လည်း သတိပြုမိပါတယ်။ ဒီနောက် ဦးအောင်သိုက်ဟင်း ခေါင်းဆောင်တဲ့အဖွဲ့ကိုလည်း ၂၀၀၄ ညီလာခံမှာ မွန် လက်နက်ကိုင်ငြိမ်းချမ်းရေးအဖွဲ့လို့ သတင်းတွေမှာ ဖော်ပြရာကနေ ခုတော့ မွန်ငြိမ်းချမ်းရေးအဖွဲ့ ဗြိတ်ဒေသလို့ ပြောင်းသုံးလာတာ တွေ့ရပါတယ်။
ဒါတင်မက စောစောပိုင်းညီလာခံတွေမှာ တခါမှမကြားဘူးတဲ့ ပြည်သူ့စစ်ဆိုတဲ့ အဖွဲ့တွေလည်း လုံခြုံရေး ကောင်စီကို ကန့်ကွက်ခဲ့ပါတယ်။ ရှမ်းပြည်တောင်ပိုင်း ဦးလင်းဆိုင် ခေါင်းဆောင်တဲ့ မတ်ကျန်းဒေသဖွံ့ဖြိုးရေး အဖွဲ့၊ ဦးလီချန်းခေါင်းဆောင်တဲ့ နားရိုင်းဒေသ ဖွံ့ဖြိုးရေးနဲ့ ဘ၀သစ်ထူထောင်ရေးအဖွဲ့၊ မုံးဟ ပြည်သူ့စစ်အဖွဲ့၊ ဦးလောမား ခေါင်းဆောင်တဲ့ မုံးပေါ် ပြည်သူ့စစ်အဖွဲ့ စတဲ့အဖွဲ့တွေ ဖြစ်ပါတယ်။
ဒီအဖွဲ့တွေအားလုံး တချိန်က ဘိန်းဘုရင် ခွန်ဆာရဲ့အဖွဲ့က ခွဲထွက်လာတဲ့ အဖွဲ့တွေပါ။ နားရိုင်းဒေသဆိုတာ ရှမ်းပြည်တောင်ပိုင်း နမ့်ဆန်မြို့နယ်ထဲက ရွာလေးပါ။ အဲဒီမှာ ဦးလီချန်း ခေါင်းဆောင်တဲ့ ခွန်ဆာအဖွဲ့က စစ် အစိုးရနဲ့ နားလည်မှုယူပြီး ဒေသသစ်ထူထောင်ပါတယ်။ မတ်ကျန်းတို့ မုံးပေါ်တို့ မုံးဟတို့လည်း ဒီသဘောပဲ ဖြစ်ပါ တယ်။
လက်နက်ကိုင် အပစ်အခတ်ရပ်စဲရေးအဖွဲ့ (၁၇) ဖွဲ့ဟာ ၂၀၀၄ ညီလာခံကျမှ စတင်တက်ရောက်ခဲ့တာ ဖြစ်ပါ တယ်။ ဒါပေမယ့် ပလောင်ပြည်နယ် လွတ်မြောက်ရေးပါတီ ၂၀၀၅ ခုနှစ်လယ်ပိုင်းမှာ လက်နက်ချတဲ့ အချက်၊ ၂၀၀၇ ဇွန်လထဲမှာ ရလလဖခေါ် ရှမ်းပြည်လူမျိုးပေါင်းစုံ ပြည်သူ့လွတ်မြောက်ရေးအဖွဲ့ ခွဲထွက်ပြီး ထိုင်းမြန်မာ နယ်စပ် ထွက်လာတဲ့အချက်တွေကြောင့် ညီလာခံတက်တဲ့ အပစ်အခတ်ရပ်စဲရေးအဖွဲ့ (၁၅) ဖွဲ့သာ ကျန်ပါတော့ တယ်။ ဒီမှာတင်စစ်အစိုးရဟာ သိက္ခာအကျမခံနိုင်တဲ့အဆုံး တချိန်က ခွန်ဆာ ခွဲထွက်အဖွဲ့တွေဖြစ်တဲ့ လက်နက် ကိုင် ပြည်သူ့စစ်အဖွဲ့တွေကို ညီလာခံထဲ ဆွဲသွင်းခဲ့တာဖြစ်တယ်လို့ ညီလာခံကိုယ်စားလှယ်တဦးက ပြောပါတယ်၊
အန်အယ်လ်ဒီကို ဝေဖန်ပြီ
မြန်မာ့အရေး လုံခြုံရေးကောင်စီမှာ ဆွေးနွေးဖို့ အမေရိကန်က ဖိအားပေး လုပ်ကိုင်နေတာတွေဟာ အမျိုးသား ညီလာခံကို ဖျက်လိုဖျက်ဆီးလုပ်တာမို့ ဆန့်ကျင်ကန့်ကွက်တယ်ဆိုတဲ့ အဆိုကို နိုင်ငံ့ ၀န်ထမ်းကိုယ်စားလှယ်များ အဖွဲ့က ညီလာခံမှာ တင်သွင်းခဲ့ပါတယ်။
ဒီအဆိုကို (NDAK) ဒီမိုကရေစီသစ်တပ်မတော်-ကချင်ဆိုတဲ့ အပစ်အခတ်ရပ်စဲထားတဲ့ ကချင် လက်နက်ကိုင် အဖွဲ့ရဲ့ ညီလာခံကိုယ်စားလှယ် ဦးမန်ရှန်တိန့်ဆောင်က ထောက်ခံဆွေးနွေးတဲ့အပြင် အန်အယ်လ်ဒီကိုပါ တိုက်ခိုက်ဝေဖန်ခဲ့ပါတယ်။ အထူးသဖြင့် နအဖရဲ့အခြေခံမူ (၁၀၄) ချက်အပေါ် အန်အယ်လ်ဒီက သဘောမတူခဲ့ တာကိုပါ ဦးမန်ရှန်တိန့်ဆောင်က ညီလာခံမှာ ဝေဖန်ထောက်ပြသွားပါတယ်၊ ဒါပေမယ့် ဦးမန်ရှန်တိန့်ဆောင်ကို အန်အယ်လ်ဒီအပေါ် ဝေဖန်ဆွေးနွေးဖို့ တာဝန်ပေးထားတာ မရှိပါဘူးလို့ (NDAK) ဥက္ကဋ္ဌ ဦးဇခုန်တင်ယင်းက ငြင်းဆိုခဲ့ပါတယ်။
ညီလာခံထဲက အပစ်အခတ်ရပ်စဲရေးအဖွဲ့တွေ
အပစ်အခတ် ရပ်စဲထားတဲ့ တိုင်းရင်းသား လက်နက်ကိုင် အဖွဲ့တွေအနေနဲ့ ၁၉၉၃ ခုနှစ်က စတင်ခဲ့တဲ့ အမျိုးသား ညီလာခံ ၁၉၉၆ ခု ရပ်နားတဲ့အချိန်ထိ ညီလာခံ တက်ရောက်ခဲ့တာ မရှိပါဘူး။ ဒါပေမယ့် ၂၀၀၄ ခုနှစ် ညီလာခံ ပြန်ကျင်းပတဲ့ အချိန်မှာ အပစ်အခတ်ရပ်စဲထားတဲ့ အဖွဲ့တွေအပြင် လက်နက်ချအဖွဲ့တွေကိုပါ နအဖက ညီလာခံ တက်ခိုင်းခဲ့ပါတယ်။ ၂၀၀၄ ခုနှစ် အမျိုးသားညီလာခံတက်ခဲ့တဲ့ ကိုယ်စားလှယ်တွေထဲမှာ အပစ်အခတ် ရပ်စဲ ထားတဲ့ အဖွဲ့နဲ့ လက်နက်ချ အဖွဲ့ပေါင်း (၂၈) ဖွဲ့ ရှိတယ်လို့ ၂၀၀၅ ခု ဧပြီ (၂၂) ရက် နေ့စွဲနဲ့ စစ်အစိုးရ ထုတ်ပြန်တဲ့ Burma Gazette မှာ ဖော်ပြထားပါတယ်၊
၁၉၉၃ ခုနှစ်မှာ တရားဝင်ရပ်တည်နေတဲ့ နိုင်ငံရေး (၁၀) ပါတီထဲက (၇) ပါတီသာ အမျိုးသားညီလာခံ တက်ခဲ့ပြီး အမျိုးသားဒီမိုကရေစီအဖွဲ့ချုပ်၊ ရှမ်းတိုင်းရင်းသားများ ဒီမိုကရေစီအဖွဲ့ချုပ်နဲ့ ရှမ်းပြည်ကိုးကန့်ဒီမိုကရက်တစ်ပါတီ သုံးပါတီ မတက်ဘဲနေခဲ့ပါတယ်။ ဒါပေမယ့် ၁၉၉၃ ကနေ ၂၀၀၅ ခုထိ နအဖ အမျိုးသားညီလာခံတွေကို မတက်ဘဲ သပိတ်မှောက်ခဲ့တဲ့ ရှမ်းပြည်ကိုးကန့်ဒီမိုကရက်တစ်ပါတီဟာ ဘာကြောင့်မှန်းမသိဘဲ ၂၀၀၆ အောက်တိုဘာ ညီလာခံမှာ ပြန်တက်ခဲ့ပါတယ်။
၂၀၀၄ ခုနှစ် အမျိုးသားညီလာခံကိုကြည့်ရင် (SSA) မြောက်ပိုင်းအဖွဲ့ ကိုယ်စားလှယ်တွေ တက်ခဲ့ပေမယ့် ခေါင်းဆောင် ဗိုလ်ချုပ်ဆေထင်ကို မတက်ဖို့ ဗိုလ်ချုပ်ကြီးဟောင်း ခင်ညွန့်က တားမြစ်ခဲ့တယ်လို့ ရှမ်းခေါင်း ဆောင်တွေက ပြောပါတယ်၊ ၂၀၀၅ ခုနှစ် နှစ်လည်ပိုင်းမတော့ ၂၀၀၄ အမျိုးသားညီလာခံတက်ခဲ့တဲ့ ရှမ်းပြည် နယ် အမျိုးသားတပ်မတော် (SSNA) အဖွဲ့က ဗိုလ်မှူးကြီး စိုင်းရီခေါင်းဆောင်တဲ့အဖွဲ့ တောခိုပြီး (SSA) တောင်ပိုင်း ရှမ်းလက်နက်ကိုင်အဖွဲ့နဲ့ ပူးပေါင်းသွားပါတယ်။
၂၀၀၄ အမျိုးသားညီလာခံ တက်ခဲ့တဲ့ လက်နက်ချအဖွဲ့တွေထဲမှာ အရင်မကြားဘူးတဲ့ မထင်မရှားအဖွဲ့တွေလည်း ပါဝင်လာပါတယ်၊ ဥပမာ-ဦးခွန်မိန်းခေါင်းဆောင်တဲ့ ရွှေပြည်အေး (MTA) အလင်းဝင်အဖွဲ့ဆိုရင် ဖယ်ခုံမြို့နယ် အောင်ဘန်း လွိုင်ကော် ကားလမ်းပေါ်မှာရှိတဲ့ ရွာအမည်ဖြစ်ပါတယ်။ ဟိုတုန်းက ကသဲရွာဆိုတဲ့ အမည်ကို ပြုတ် သွားတဲ့ ဗိုလ်ချုပ်ကြီးခင်ညွန်က ၁၉၉၉ ခုနှစ်မှာ ရွှေပြည်အေးဆိုပြီး အမည်ပြောင်းခဲ့တာပါ။ ရွှေပြည်အေး (MTA) အလင်းဝင်အဖွဲ့ဆိုတာ တနည်းပြောရရင် တချိန်က ဘိန်းဘုရင် ခွန်ဆာရဲ့ (MTA) မွန်ထိုင်းတပ်မတော် ခွဲထွက် အုပ်စု ဖြစ်ပါတယ်၊ ညီလာခံတက်ခဲ့တဲ့ မန်ပန်ဌာနေ ပြည်သူ့စစ်အဖွဲ့ခေါင်းဆောင် ဘိုစိုင်းခေါ် စိုင်းမွန်ဟာလဲ တချိန်က ခွန်ဆာရဲ့ (MTA) ထိုင်းတပ်မတော်က တိုက်ရည်ခိုက်ရည် ကောင်းတယ်လို့ နာမည်ကြီးတဲ့ တပ်မှူး တယောက်ဖြစ်ပါတယ်။
၂၀၀၄ ညီလာခံတက်ခဲ့တဲ့ ဟိုမိန်းဒေသ သက်သာချောင်ချိရေးနဲ့ ဖွံ့ဖြိုးတိုးတက်ရေးအဖွဲ့ ခေါင်းဆောင် ဦးမဟာ ဂျာ ဆိုတာလည်း တချိန်က ခွန်ဆာအဖွဲ့မှာ တပ်မှူးဖြစ်တယ်လို့ ၂၀၀၁ ခု မေလ ထုတ် The Nation သတင်းစာ က ရေးပါတယ်။ ဦးမဟာဂျာဟာ တောင်ကြီးမြို့မှာနေပြီး ဟိုမိန်းဒေသ သက်သာချောင်ချိရေးနဲ့ ဖွံ့ဖြိုးတိုးတက် ရေးအဖွဲ့ဥက္ကဋ္ဌဖြစ်တယ်လို့ ညီလာခံကိုယ်စားလှယ်များ ကိုယ်ရေးမှတ်တမ်းမှာ ဖော်ပြထားပါတယ်။ ဒါပြင် ဦးမဟာဂျာဟာ ကွယ်လွန်သွားတဲ့ ၀ အမျိုးသားအဖွဲ့ချုပ် ဥက္ကဋ္ဌ ဦးမဟာဆန်းရဲ့ညီဖြစ်သလို ဘိန်းချက်စက်ရုံတွေ ပိုင်သူလို့ The Nation (2001, May) မှာ ရေးထားပါတယ်။ ၂၀၀၅ ခု ဖေဖော်ဝါရီ ၂ ရက်ထုတ် The Nation သတင်းစာမှာ ဦးမဟာဂျာကို ထိုင်းအစိုးရက ဖမ်းဝရမ်းထုတ်ထားတယ်လို့ ဖော်ပြထားပါတယ်။
ခုလို ညီလာခံတက်ခဲ့တဲ့ လက်နက်ကိုင်အဖွဲ့တွေရဲ့ နောက်ကြောင်းကို ပြောမှလည်း ဘယ်လို ညီလာခံ ကိုယ်စား လှယ် အမျိုးအစားတွေလဲ၊ စစ်အစိုးရနဲ့ ဘယ်လိုပတ်သက်နေသူတွေလဲဆိုတာ ဆက်စပ်စဉ်းစားနိုင်မှာ ဖြစ်ပါ တယ်။ တနည်းဆိုရရင် စစ်အစိုးရ ညီလာခံကိုယ်စားလှယ်တွေထဲမှာ မူးယစ်ဆေးနဲ့ ပတ်သက်နေသူ ပတ်သက်ခဲ့ သူတွေ ပါနေတယ်ဆိုတာ ငြင်းလို့မရတဲ့အချက် ဖြစ်ပါတယ်။
အပစ်အခတ်ရပ်စဲရေး (၁၃) ဖွဲ့ စာတန်း
တကယ်တော့ အမျိုးသားညီလာခံတက်နေတဲ့ လက်နက်ကိုင် အပစ်အခတ်ရပ်စဲရေးအဖွဲ့တချို့ဟာ စစ်အစိုးရ ပြောတာ မျက်စေ့မှိတ် ထောက်ခံခဲ့သူတွေ မဟုတ်ပါဘူး။ ဥပမာ- ဖွဲ့စည်းပုံအခြေခံဥပဒေ ဥပဒေပြုရေးကဏ္ဍ အာဏာခွဲဝေရေးအပိုင်းနဲ့ ပတ်သက်ပြီး အပစ်အခတ် ရပ်စဲထားတဲ့(၁၃) ဖွဲ့ စုပေါင်းတင်သွင်းတဲ့ စာတန်းတစောင် ညီလာခံမှာ တင်ပြတာမျိုး စွန့်စွန့်စားစား လုပ်ခဲ့ပါတယ်။အဆိုပါ (၁၃) ဖွဲ့ တင်ပြခဲ့တဲ့ အချက်တွေကတော့ -
(၁) ထပ်တူ ဥပဒေပြုစာရင်း ထားရှိရေး။
(၂) အကြွင်းအကျန် အာဏာကို ပြည်နယ်တွေမှာ ထားရှိရေး။
(၃) ဥပဒေပြုကဏ္ဍမှာ တိုင်းရင်းသားလူမျိုးစုကို သီးခြားထားရှိရေး။
(၄) ပြည်နယ်လွှတ်တော်တွေမှာ လုံခြုံရေး ကာကွယ်ရေးဆိုင်ရာ ဥပဒေပြုပိုင်ခွင့်ရှိရေး။
(၅) ပြည်နယ်လွှတ်တော်တွေမှာ စာပေယဉ်ကျေးမှုနဲ့ ပတ်သက်ပြီး ဥပဒေပြုပိုင်ခွင့်ရှိရေး။
(၆) တိုင်းရင်းသားတွေရဲ့ ဓလေ့ထုံးတမ်း ဥပဒေတွေကို ပြည်နယ်တွေမှာ ဥပဒေပြု ပြဋ္ဌာန်းနိုင်ရေးနဲ့
(၇) ပြည်နယ်ဖွဲ့စည်းပုံ သီးခြားရေးဆွဲ ပြဋ္ဌာန်းကျင့်သုံးခွင့်ရှိရေးစတဲ့ အချက်(၇) ချက်ဖြစ်ပါတယ်။
လက်နက်ကိုင် တိုင်းရင်းသား (၁၃) ဖွဲ့ရဲ့ သဘောထားနဲ့ ပတ်သက်လို့ ၂၀၀၅ ခုနှစ် အမျိုးသားညီလာခံ မကျင်းပခင်ကလည်း အပစ်အခတ်ရပ်စဲထားတဲ့ လက်နက်ကိုင်အဖွဲ့ (၆) ဖွဲ့ စုပေါင်းပြီး ညီလာခံကျင်းပရေး ကော်မရှင်ကို ထပ်မံတင်ပြခဲ့ပါတယ်၊ ဒီလက်နက်ကိုင် (၆) ပါတီကတော့ (SSA) မြောက်ပိုင်းအဖွဲ့၊ (SSNA) ရှမ်းပြည်အမျိုးသားတပ်မတော်၊ မွန်ပြည်သစ်ပါတီ၊ ကရင်နီ လူမျိုးပေါင်းစုံ ပြည်သူ့လွတ်မြောက်ရေးတပ်ဦး၊ ကယန်းပြည်သစ်ပါတီနဲ့ (KIO) ကချင်လွတ်လပ်ရေးအဖွဲ့တွေ ဖြစ်ပါတယ်။
ဒါပေမယ့် ဖက်ဒရယ်ပြည်ထောင်စုစနစ်ကို သွားချင်တဲ့ လက်နက်ကိုင် တိုင်းရင်းသားတွေရဲ့သဘောထားကို ညီလာခံက လက်မခံခဲ့ဘူးလို့ (၆) ပါတီရဲ့ တင်ပြစာမှာ ဖော်ပြထားပါတယ်။ အဲဒီ (၆) ပါတီကနေ ၂၀၀၅ ခုနှစ် ဖေဖော်ဝါရီ (၁၃) ရက် နေ့စွဲနဲ့ အမျိုးသားညီလာခံကျင်းပ ရေးကော်မရှင်ကို ပေးပို့တဲ့စာထဲမှာ စိတ်ဝင်စားဖို့ ကောင်းတာက အနာဂတ် နိုင်ငံတော်ရဲ့ အမျိုးသားနိုင်ငံရေး ဦးဆောင်မှုအခန်းကဏ္ဍမှာ တပ်မတော်ပါဝင် ထမ်းဆောင်ရေး ဆိုတဲ့အချက်ကို ဆွေးနွေးညှိနှိုင်းခွင့်ရှိဖို့ လိုတယ်လို့ ရဲရဲတင်းတင်း ထောက်ပြတောင်းဆိုခဲ့ ပါတယ်။ ဒီအချက်ဟာ အန်အယ်လ်ဒီအပါအ၀င် ပြည်တွင်းပြည်ပ အတိုက်အခံတွေ လက်မခံနိုင်တဲ့ အချက်လည်း ဖြစ်ပါတယ်။
ဒီ့နောက် တန်းတူညီမျှတဲ့ စစ်မှန်တဲ့ ဖက်ဒရယ်ပြည်ထောင်စု ဖွဲ့စည်းရေးမူနဲ့ အလှမ်းကွာနေတဲ့ အချက်တွေ ပြန်လည်ဆွေးနွေးခွင့်ရရေး၊ ညီလာခံမှာ နိုင်ငံရေးပါတီအားလုံး အစုံအညီတက်ခွင့်ရရေး၊ ညီလာခံမှာ ရွေးချယ်ခံ လွှတ်တော်ကိုယ်စားလှယ်တွေ အစုံအညီတက်ခွင့်ရှိရေး၊ အပစ်အခတ် မရပ်သေးတဲ့ လက်နက် ကိုင်အဖွဲ့အားလုံး ကို ညီလာခံမှာ လေ့လာသူအဖြစ် တက်ခွင့်ပေးရေး၊ လွတ်လပ်စွာ သဘောထားကွဲလွဲခွင့်ရှိရေး စတဲ့ အချက်တွေ ကို တောင်းဆိုခဲ့ပါတယ်။
လက်နက်ကိုင် (၆) ပါတီက အဲသလိုမျိုး ညီလာခံ ကျင်းပရေးကော်မရှင်ကို တောင်းဆိုခဲ့ပေမယ့် တချက်မှ မလိုက်လျောတဲ့ပြင် ၂၀၀၅ ခုနှစ် ဖေဖော်ဝါရီ (၁၇) ရက် ညီလာခံ မကျင်းပခင်မှာဘဲ (၆) ပါတီ အဖွဲ့ဝင်တဦး ဖြစ်တဲ့ (SSA) မြောက်ပိုင်း ခေါင်းဆောင် ဗိုလ်ချုပ်ကြီး ဆေထင်ကို မြန်မာ စစ်အစိုးရက ဖမ်းခဲ့ပါတယ်။ မကြာခင် (SSA) မြောက်ပိုင်းအဖွဲ့က ညီလာခံမတက်ဘဲ သပိတ် မှောက်ခဲ့ပါတယ်။
ဖော်ပြခဲ့တဲ့အချက်တွေကို ချုပ်ကြည့်ရင် စစ်အစိုးရဟာ သူလိုချင်တဲ့ ဖွဲ့စည်းပုံအခြေခံ ဥပဒေမျိုး ဖြစ်လာအောင် ဘယ်လို လက်နက်ကိုင်အဖွဲ့ အမျိုးအစားတွေနဲ့ ကျုံးသွင်းယူခဲ့သလဲ၊ ဘယ်ယုံမြင်လို့ ဘယ်ခြုံထွင်ခဲ့သလဲဆိုတာ သိသာလောက်ပြီလို့ ယူဆပါတယ်။ စစ်အစိုးရ ဖွဲ့စည်းပုံအခြေခံဥပဒေ (၂၀၀၈) ကို ပုံနှိပ်စာသားသက်သက် ကွက်မကြည့်ဘဲ ခုလို နောက်ကြောင်းတွေနဲ့ ယှဉ်ကြည့်မှလည်း ကိုယ့်အနာဂတ်ကို ရှင်းရှင်းလင်းလင်း ခန့်မှန်းနိုင်မှာ ဖြစ်ပါတယ်။ ။
0 comments:
Post a Comment