Monday, October 27, 2008

ကုလ လူ့အခွင့်အရေးအရာရှိက မြန်မာ့အရေးကို မျိုးဆက်အလိုက် လုပ်ရမယ် လို့ပြော

အောက်တိုဘာ ၂၄ရက်၊ ၂ဝဝ၈

ကုလ လူ့အခွင့်အရေး အရာရှိ မစ္စတာ ကွမ်တားနားက မြန်မာပြည်မှာ ဒီမိုကရေစီ ရရှိဖို့ဆိုရင် မျိုးဆက်အလိုက် လုပ်ကိုင်ရမှာ ဖြစ်တယ်လို့ အောက်တိုဘာ ၂၃ ရက်နေ့ မှာ ပြောကြားလိုက် ပါတယ်။

မြန်မာနိုင်ငံရဲ့ လူ့အခွင့်အရေး ဆိုင်ရာကိစ္စတွေကို ကုလအထွေထွေ ညီလာခံမှာ ရှင်းလင်း ပြောကြားစဉ် မြန်မာနိုင်ငံ ဆိုင်ရာ ကုလ လူ့အခွင့်အရေး အရာရှိက အခုလို ပြောကြားလိုက်တာ ဖြစ်ပါတယ်။

မစ္စတာ ကွမ်တားနားဟာ ကုလသမဂ္ဂ အထွေထွေညီလာခံ တတိယ ကော်မီတီ (လူမှုရေး၊ လူသားချင်းဆိုင်ရာနဲ့ ယဉ်ကျေးမှု) ရဲ့ဆွေးနွေးပွဲမှာ မြန်မာနိုင်ငံရေးနဲ့ ဆိုင်ရာများကို အောက်တိုဘာ ၂၃ ရက်နေ့က တင်ပြ ဆွေးနွေးခဲ့ ပါတယ်။ အဲဒီလို တင်ပြရာမှာ “အရပ်သားအစိုးရတရပ် ဖြစ်ပေါ် လာဖို့အတွက် အချိန်လိုပါတယ်။ သူတို့ (မြန်မာစစ်အစိုးရ) ဟာ အဲဒီအတွက် ပြင်ဆင်ခြင်း မရှိပါဘူး။ သူတို့ဟာ စစ်အတွက်ပဲ ပြင်ဆင်နေပါတယ်။“ လို့ ထည့်သွင်း ပြောကြားခဲ့ပါတယ်။

မစ္စတာ ကွမ်တားနားဟာ ၂၀၀၈ ခုနှစ် မေလမှာ မြန်မာနိုင်ငံဆိုင်ရာ လူ့အခွင့်အရေး ကိုယ်စားလှယ်အဖြစ် ခန့်အပ်ခြင်း ခံခဲ့ရပါတယ်။ သူ့ရဲ့ မြန်မာနိုင်ငံဆိုင်ရာ ပထမဦးဆုံး ခရီးစဉ်ဟာ ၂၀၀၈ ခုနှစ် သြဂုတ်လ ပြီးဆုံးခဲ့ပါတယ်။ အဲဒီ ခရီးစဉ်ရဲ့ အစီရင်ခံစာကို အောက်တိုဘာ ၈ ရက်နေ့ မှာ ထုတ်ပြန်ခဲ့ပြီး လွတ်လပ်စွာ ထုတ်ဖော်ပြောကြားခြင်း၊ သက်ဝင် ယုံကြည်ခြင်းနဲ့ ငြိမ်းချမ်းစွာ စုရုံးခြင်းတွေအတွက် သက်ဆိုင်ရာ ဥပဒေ များကို ပြင်ဆင်ဖို့ နိုင်ငံရေး အကျဉ်းသားအားလုံး လွှတ်ပေးဖို့ အပါအ၀င် ၂၀၁၀ ရွေးကောက်ပွဲ မတိုင်ခင် လူ့အခွင့်အရေးဆိုင်ရာ အဓိက လိုအပ်ချက် တွေကို ဖြည့်ဆည်းဖို့ စတဲ့ အချက်တွေကို ဖော်ပြထားပါတယ်။

မစ္စတာ ကွမ်တားနားဟာ စက်တင်ဘာလအတွင်းက ယုံကြည်ချက်ကြောင့် အကျဉ်းကျနေသူ ၇ ဦး ပြန်လွှတ်ပေးမှုကို အသိအမှတ် ပြုပေမယ့်လည်း မြန်မာစစ်အစိုးရရဲ့ ဖမ်းဆီးထားမှုအောက်မှာ နိုင်ငံရေး အကျဉ်းသား ၂၀၀ ကျော် ရှိနေကြောင်း ထုတ်ဖော် ပြောကြားခဲ့ပါတယ်။ ဒီ ပုဂ္ဂိုလ်တွေဟာ သူတို့ရဲ့ ယုံကြည်ချက်တွေကို ထုတ်ဖော် ပြောကြားတဲ့ အတွက် အဖမ်းခံနေရတာ ဖြစ်ကြောင်း၊ သူတို့ကို ၂၀၁၀ ရွေးကောက်ပွဲ လုပ်ငန်းစဉ်တွေမှာ ပါဝင်ခွင့် ပြုရမှာ ဖြစ်ကြောင်း မစ္စတာ ကွမ်တားနားက သူ့ရဲ့ စက်တင်ဘာ ၂၃ ရက်နေ့ သတင်းစာ ရှင်းလင်းပွဲမှာ ထုတ်ဖော် ပြောကြားခဲ့ပါတယ်။

ကုလ အထွေထွေ ညီလာခံမှာ မြန်မာပြည်ရဲ့ လူ့အခွင့်အရေး အခြေအနေများနဲ့ ပတ်သက်ပြီး မစ္စတာ ကွမ်တားနားက အစီရင်ခံ တင်ပြခဲ့တဲ့ အပေါ် နိုင်ငံရေး အကျဉ်းသားများ ကူညီစောင့်ရှောက်ရေး အဖွဲ့မှ ကိုဘိုကြည်က “မစ္စတာ ကွမ်တားနားက သူ့ လုပ်ပိုင်ခွင့် အနေအထားက နေပြီး အစွမ်းကုန် လုပ်ကိုင်နေတယ်လို့ ယုံကြည်ပါတယ်။ သူက ပညာရှင် တယောက် ဖြစ်တဲ့အတွက် အချို့ကိစ္စတွေမှာ ပညာရှင်ဆန်ဆန် အကြံပေးတာတွေ ရှိတယ်။ အဲဒီ အကြံပေးချက်တွေကို နအဖ အစိုးရအနေနဲ့ စဉ်းစားပြီး အကောင်အထည် ဖော်မယ်ဆိုရင် မြန်မာနိုင်ငံ လူ့အခွင့်အရေး တိုးတက်ရေးအတွက် ကောင်းဖို့ ဖြစ်လာမှာပဲ ဖြစ်တယ်။

လူ့အခွင့်အရေး တိုးတက်လာမှ ဒီမိုကရေစီ အုတ်မြစ်က အခြေခိုင်မှာ ဖြစ်တယ်။ လူ့အခွင့်အရေး တိုးတက်မှု မရှိဘူး၊ ဥပဒေ စိုးမိုးရေး မရှိဘူးဆိုရင် ဘယ်နိုင်ငံမှာမှ ဒီမိုကရေစီ အခြေခိုင်မှာ မဟုတ်ပါဘူး။ မြန်မာနိုင်ငံမှာ လူ့အခွင့်အရေး တိုးတက်မှု မရှိဘူး၊ ဥပဒေ စိုးမိုးရေး မရှိဘူး၊ ဒါဟာ ဒီမိုကရေစီနိုင်ငံကို ဦးတည်နေပါတယ်လို့ လုံးဝ ပြောလို့ မရတဲ့ အခြေအနေ ဖြစ်ပါတယ်။“ လို့ ဘားမားတူဒေးကို ပြောကြားသွားခဲ့ပါတယ်။

Ref: Burma Today News

0 comments:

အပေါ်သို့